သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး နဲ့ ANP တွေ့ဆုံ


ကန်အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်နဲ့ ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတွေ့ဆုံ( အေးနုစိန်)
ကန်အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်နဲ့ ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတွေ့ဆုံ( အေးနုစိန်)

ဒုက္ခသည်တွေအတွက် အမေရိကန်ပြည်ထောင်စုရဲ့ စာနာမှုအထောက်အပံ့ငွေကြေးခွဲဝေပေးတဲ့နေရာမှာ မမျှတမှုရှိတဲ့အကြောင်း ANP ရခိုင်အမျိုးသားပါတီဘက်က ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်နဲ့ ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတွေနဲ့ ပါတီဌာနချုပ်မှာ မနေ့ညနေပိုင်းက တွေ့ဆုံချိန် ပြောဆိုလိုက်တာပါ။ အခုလို အမေရိကန် ပြည်ထောင်စုရဲ့ အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီ တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ ကိုယ်တိုင် တွေ့ဆုံဆွေးနွေးခဲ့သူ ANP အတွင်းရေးမှူးဦးအောင်မြတ်ကျော်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်ကဆက်သွယ်မေးမြန်းရာမှာ သူက အခုလိုစဖြေပါတယ်။

“ ဦးအောင်မြတ်ကျော်။ ။ အဓိကတော့ ဖြစ်နေတဲ့ဟာကို သူ သိချင်တဲ့အကြောင်းအရာတွေပါ အဓိကနားထောင်ဖို့ လာတဲ့ သဘောမျိုးပါပဲ။ ကျနော်တို့ ဒီပါတီဘက်ကလည်း မနှစ်က အောက်တိုဘာလအရေးအခင်းကနေ ဒီနှစ် သြဂုတ်လ ၂၅ ရက် ကနေ ဒီကနေ့အထိ ဖြစ်ခဲ့တဲ့ အပိုင်းအထိ ပတ်သက်တာတွေဖြေကြတာပေါ့။ ကျနော်တို့ဘက်ကတော့ အစိုးရရဲ့ကိုင်တွယ်ပုံအပိုင်းနဲ့ ပတ်သက်ရင်တော့ ဒီလိုဖြစ်မယ်ဆိုတဲ့အပိုင်းကို ကျနော်တို့ ရခိုင်ပါတီအနေနဲ့ အများကြီးပြောဖြစ်တယ်။ ကျနော်တို့ ဘက်ကတော့ အစိုးရပိုင်းက ဒီလိုဖြစ်မယ်ဆိုတဲ့အပိုင်းကို ကျနော်တို့ ရခိုင်ပါတီအနေနဲ့အများကြီးပြောဖြစ်တယ်။ ပြည်ထောင်စုလွှတ်တော်မှာလည်းပြောတယ်၊ ပြည်နယ်လွှတ်တော်မှာလည်းပြောတယ်။ အခွင့်သာရင် အခွင့်သာသလို ဒီဘက်မှာရှိတဲ့ ဌာနဆိုင်ရာလူကြီးတွေကို ဒီလိုပြောဖြစ်တယ်။ ဒါပေမယ့် အဲ့တာတွေကို အစိုးရနဲ့၊ အစိုးရနဲ့ သက်ဆိုင်တဲ့ ဌာနတွေက ကျနော်တို့ ပါတီကို Dialogue ပါတနာအနေနဲ့ ပူးပေါင်းပြီး အကြံပြုချက်တွေကို Neglect လုပ်တယ်၊ အကြံပြုချက်တွေကို လုံးဝဂရုမစိုက်ဘူး။ အဲဒါတွေကြောင့် ကြိုတင်ပြင်ဆင်မှုမဖြစ်ပဲ ဒီလို အရေးအခင်းတွေ အမြဲတမ်းဖြစ်ရတယ်ဆိုတဲ့အပိုင်းတွေပေါ့ အဲဒါတွေ ပြောဖြစ်ပါတယ်။

မဆုမွန်။ ။ ဆရာတို့ ANP ပါတီဘက်ကနေ ပါတီခေါင်းဆောင်တွေ တွေ့ဆုံတဲ့အခါမှာ ရခိုင်ပြည်နယ်အတွက် ရေရှည်လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုဘက်က ဘယ်လိုမျိုးဆောင်ရွက်ပေးနိုင်မလဲ သူတို့ဘက်က ကူညီပံ့ပိုးပေးနိုင်မယ့်ကိစ္စတွေနဲ့ ပတ်သက်လို့ရော ဆွေးနွေးဖြစ်ခဲ့ပါသလား။

ဦးအောင်မြတ်ကျော်။ ။အဲဒါတွေတော့ မဆွေးနွေးဖြစ်ပါဘူး လုံခြုံရေးအပိုင်း။ ဒါပေမယ့် သူတို့ အခုလက်ရှိ လှူဒါန်းထားတဲ့ ဒေါ်လာ ၃၂ သန်း ထဲက ဘင်္ဂလားဒေ့ရှ်ကို ၂၈ သန်းလှူမယ် ဒီဘက်ကို ၅ သန်းလှူမှာပေါ့နော် အဲဒါနဲ့ ပတ်သက်ပြီးတော့ ပြောဖြစ်ပါတယ်။

မဆုမွန်။ ။ ဆရာ ဦးအောင်မြတ်ကျော်အနေနဲ့ အခုလို ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အမေရိကန်သံအမတ်ကြီးနဲ့လည်း တွေ့ဆုံခွင့်ရခဲ့တယ်ဆိုတော့ ဒီတွေ့ဆုံဆွေးနွေးမှုအပေါ်မှာ ANP ပါတီအနေနဲ့ အားရကျေနပ်မှုရှိပါသလားရှင့်။

ဦးအောင်မြတ်ကျော်။ ။ဆွေးနွေးမှုကတော့ အားရကျေနပ်မှုရှိပါတယ်။ အရမ်းကြီးတော့ မျှော်လင့်ချက်ကတော့ အခုတခေါက်က နားထောင်ဖို့ပဲလာတဲ့ ပုံစံမျိုး ပဲဆိုတော့ ၊ ဆွေးနွေးမှုကတော့ အားရမှုတော့ရှိတယ်၊ ဒါပေမယ့် ရှေ့ဆက်ဖြစ်လာမယ့် အပိုင်းတွေကတော့ စောင့်ကြည့်ရမယ့်အပိုင်းတွေ တွေ့ရပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ များသောအားဖြင့် ဆရာတို့က တွေ့ဆုံမှုတွေနဲ့ ပတ်သက်ပြီးတော့ ငြင်းပယ်ခဲ့တာတွေရှိတယ်ပေါ့နော်၊ အခု အမေရိကန် ပြည်ထောင်စုရဲ့ အရှေ့တောင်အာရုဆိုင်ရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးကိုတွေ့ဆုံဖို့ ဆရာတို့ပါတီအနေနဲ့ ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာ ဘယ်လိုကြောင့်တွေ့ဖြစ်ခဲ့တာပါလဲ။

ဦးအောင်မြတ်ကျော်။ ။ အဲဒါကတော့ ကျနော်တို့ဒီ နိုင်ငံတကာကလာတဲ့ ပုဂ္ဂိုလ် တွေနိုင်ငံတကာ ကိုယ်စားပြုပြီး လာတဲ့ ပုဂ္ဂိုလ်တွေကို ကျနော်တို့ မည်သည့်အခါမှ မငြင်းပယ်ပါဘူး။ တခြားကိုဖီအာနန်ကိစ္စတွေငြင်းပယ်တယ် အဲဒါတွေကတော့ ဒီအစိုးရရဲ့ ဖွဲ့ပေးတဲ့ အဖွဲ့အစည်းနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ငြင်းပယ်ခဲ့တဲ့ အပိုင်းတွေတော့ရှိတယ်။

မဆုမွန်။ ။ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီဟာဆိုရင်မြန်မာနိုင်ငံအရေးနဲ့ပက်သက်လာရင် အထူးသဖြင့် ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ နယ်မြေအနေအထား ဖြစ်နေတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့ သူကထဲထဲဝင်ဝင်လေ့လာခဲ့တဲ့ လူလည်းဖြစ်တယ်၊ တော်တော်များများ အကြောင်းအရာတွေအားလုံးနဲ့လည်း ရင်းနီးပြီးသားလူဖြစ်တဲ့အခါကျတော့ အခုလိုသူနဲ့တွေ့ဆုံပြီးတော့ ရခိုင်ပြည်နယ်ထဲမှာ လက်ရှိဖြစ်နေတဲ့ အကြောင်းအရာတွေကို ဆွေးနွေးဖြစ်ခဲ့တဲ့အပေါ်မှာ သူ့ဘက်ကအမြင်၊ သူ့ဘက်က လုပ်ပေးနိုင်တဲ့အပေါ်မှာ ဆရာတို့ဘယ်လိုများ သုံးသပ်မိပါသလဲ။

ဦးအောင်မြတ်ကျော်။ ။ အခုကျနော်တို့ ANP ပါတီနဲ့ လာတွေ့ပြီးဆွေးနွေးတဲ့အပိုင်းမှာတော့ သူက အရမ်းအားရတယ်လို့တော့ မှတ်ချက်ပေးသွားတယ်။ ဒီအောက်ခြေမှာရှိတဲ့ ရခိုင်လူထုတွေကို ကိုယ်စားပြုတဲ့ ပါတီတခုတည်းကို ၊ လူထုအမှန်လိုလားတဲ့ အသံတွေကို ကြားရတဲ့အတွက် သူက အရမ်းအားရတယ်လို့တော့ မှတ်ချက်ပေးသွားတာတော့ ရှိတာပေါ့။”

ANP အတွင်းရေးမှူးဦးအောင်မြတ်ကျော်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

ANP ပါတီဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုး၊ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန် ဗဟိုအလုပ်အမှုဆောင် မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော၊ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်၊ အတွင်းရေးမှူး ဦးအောင်မြကျော်တို့က လက်ခံတွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အရေးဆွေးနွေးခဲ့ကြတာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့ မာစီရယ်လ်နဲ့အတူ ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိပြီး ဒေသဆိုင်ရာအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့စီစဉ်ထားတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ရက်နေ့ကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့ မာစီရယ်လ်နဲ့အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီး အမေရိကန်-မြန်မာနှစ်နိုင်ငံကြား ဆက်ဆံရေးကိစ္စရပ်တွေ မြန်မာပြည်ဒီမိုကရေစီအသွင်ကူးပြောင်းရေး ငြိမ်းချမ်းရေးနဲ့အမျိုးသားပြန်လည် သင့်မြတ်ရေး အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအတွင်းက နောက်ဆုံး အခြေအနေများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ ရန်ကုန်အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ကန်အကူအညီမမျှတမှု ANP ထောက်ပြ
please wait

No media source currently available

0:00 0:04:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG