သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂရှေ့ မြန်မာတွေ ဆန္ဒထုတ်ဖော်


အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ လက်ရှိ ကျင်းပနေတဲ့ ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ လာမယ့် မိနစ်ပိုင်း အတွင်းမှာဘဲ မြန်မာ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက မြန်မာ့အရေးနဲ့ ပတ်သက်လို့ မိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။ ရခိုင်မြောက်ပိုင်းဒေသမှာဖြစ်နေတဲ့ ပဋိပက္ခ အကြပ်အတည်းတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက မြန်မာအစိုးရပေါ် ဖိအားပေး ပြစ်တင်ဝေဖန်နေရုံနဲ့ ပြဿနာတွေ ပြေလည်သွားမှာမဟုတ်ဘဲ ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဝိုင်းဝန်း အဖြေရှာပေးကြဖို့ လိုတယ်လို့ (၇၂)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေတဲ့ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့ ဆန္ဒပြသူတွေက ပြောပါတယ်။ အဲဒီဆန္ဒပြပွဲနဲ့ ကုလသမဂ္ဂညီလာခံကို စောင့်ကြည့် သတင်းယူနေတဲ့ ဝိုင်းတော်သား ကိုသားညွန့်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ကိုသားညွန့်ဦးရေ အခု နယူးယောက်မှာ ကျင်းပနေတဲ့ ၇၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံရှေ့မှာ မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီးတော့ ဒီဆန္ဒပြနေကြတဲ့ အခြေအနေလေး အရင် ပြောပြပါဦး ခင်ဗျ။

ကိုသားညွန့်ဦး။ ။ဟုတ်ကဲ့ခင်ဗျ။ ဒီကနေ့မှာ အခု ညနေမှာဘဲ မြန်မာနိုင်ငံက ရောက်နေတဲ့ ကိုယ်စားလှယ် အဖွဲ့က အဓိက ခေါင်းဆောင် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ကနေပြီးတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ကိုယ်စားပြုပြီးတော့ ဒီနေ့မိန့်ခွန်း ပြောဖို့ ရှိပါတယ်။

မိန့်ခွန်းထဲမှာလည်း ရခိုင် ပြသနာကို နိုင်ငံတကာက အာရုံစိုက်နေကြတယ်ဆိုတော့ ဒါကို အဓိက ထည့်သွင်းပြောမယ်လို့ ယူဆရပါတယ်။ အဲဒါကြောင့်လည်း ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဆန္ဒပြသူတွေ အခု ခန့်မှန်းခြေ အားဖြင့် ဆိုရင်တော့ ၂၀၀ - ၃၀၀ လောက် ရှိမယ်။ သူတို့ ဆန္ဒပြသူတွေက ကုလသမဂ္ဂနဲ့ မျက်စောင်းထိုးနေရာက စုဝေးပြီးတော့ မြန်မာနိုင်ငံ အလံတွေ၊ သူတို့ ကြွေးကြော်သံတွေ၊ နောက်ပြီးတော့ ဆိုင်းဘုတ်တွေ ကိုင်ပြီးတော့ တော်တော်များများ ဆန္ဒပြနေကြတာပါ။

သူတို့ ဆန္ဒပြတဲ့ ရည်ရွယ်ချက်တော့ အဓိက ကတော့ နိုင်ငံတကာမှာ ဖြစ်နေတဲ့ ဖိအားတွေ ပေါ့နော်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဝေဖန် ပြစ်တင်နေတာတွေကို ဒီလို ပြစ်တင်နေမယ့် အစား တစုံတရာ အဖြေထုတ်နိုင်မယ့် အခြေအနေကို ရှာဖို့ ဆိုပြီးတော့ သူတို့ ဖိအားပေးတဲ့ သဘောပါ။ နိုင်ငံတကာကို ပြန်ပြီးတော့ ။ နောက် တဖက်မှာလည်း နိုင်ငံတကာ မီဒီယာတွေကနေ ပြီးတော့ ပြောဆို ရေးသားတာတွေက ဒီ တဖက်သတ်ဆန်တဲ့ ရေးသားမှုတွေကို မလုပ်ကြဖို့ ဆိုပြီးတော့ တောင်းဆို ဆန္ဒပြကြပါတယ်။

အဲတော့ ဆန္ဒပြတဲ့ အထဲက ဆန္ဒပြလှုပ်ရှားမှုကို ဦးဆောင်သူ တဦးဖြစ်တဲ့ Burma Point က ကိုမိုးချမ်းက ကျနော့်ကို အခုလို ပြောပြပါတယ်။

“ ကဲ ဟုတ်ပြီ ဒေါ်အောင်ဆန်းစုကြည်လည်း မနေ့က ပြောသွားတယ်။ ဘယ်လို ဖြေရှင်းမလဲ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို အားလုံးဝိုင်းပြီး အကြံညဏ်ပေးကြပါ။ ဝိုင်းလုပ်ကြဖို့လိုတယ်။ ဒီနေ့လည်း ကျနော်တို့ ဒီကို လာတယ် ဆိုတာ အပြစ်တွေ ပြောနေဖို့ မဟုတ်ဘူး။ လက်ညှိုးထိုးနေဖို့ မဟုတ်ဘူး။ ရှုတ်ချဖို့ မဟုတ်ဘူး။ ပြေလည်ရာ ပြေလည်ကြောင်းကို အဖြေရှာဖို့ လာပြောနေခြင်း ဖြစ်တယ်။

ကျနော်တို့က ဒီ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးစီလည်း ကျနော်တို့ စာပို့ပါတယ်။ အကြောင်းကြားတယ်။ ဒီနေ့လုပ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ။ တဖက်သတ်တွေ မပြောဖို့ လိုအပ်တယ်။ တချိန်လုံး ရံ့ှုချနေလို့ မရဘူး။ ရံ့ှုချတာတွေ ၊ ကန့်ကွက်တာတွေ၊ ဝေဖန်တာတွေ များလာရင် အစွန်းရောက် နှစ်ဘက်က အုံကြွလာပြီးတော့မှ ထိပ်တိုက် တွေ့ရင် ကျနော်တို့ ဒီနေ့ဒီချိန် မြန်မာနိုင်ငံမှာ အုပ်ချုပ်နေပါတယ် ဆိုတဲ့ ဒီမိုကရေစီ အစိုးရ ပြုတ်သွားနိုင်တယ်။ အဲဒါမျိုး အနေအထားကို ကမ္ဘာက လိုလားနေလား ဆိုတာကို မေးခွန်း အကြီးကြီး မေးဖို့ ရှိတယ်။ ”

ကိုဉာဏ်ဝင်းအောင်။ ။ဟုတ်ကဲ့။ ဆိုတော့ ဒီရခိုင်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာက ဖိအားတွေ တိုးနေချိန် ပြီးခဲ့တဲ့ ရက်ပိုင်းကဘဲ ဒေါ်အောင်ဆန်းစုကြည်က

နိုင်ငံတကာကို မိန့်ခွန်း ပြောခဲ့တယ်။ အခု တခါလည်း ဒီ ကုလသမဂ္ဂ ညီလာခံမှာ ဒုသမ္မတ ဦးဗန်ထီးယူကလည်း မိန့်ခွန်း ပြောဦးမှာ ဆိုတော့ ဒီဆန္ဒပြပွဲတွေက ဟုတ်လား ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာ နိုင်ပါသလဲ။

ကိုသားညွန့်ဦး။ ။ဟုတ်ကဲ့ ဆန္ဒပြပွဲက အခု ပြောမယ်ဆိုလို့ ရှိရင် နိုင်ငံတကာ သံတမန်တွေ ရှိနေချိန်မှာဘဲ အခုလို နိုင်ငံတကာ မျက်နှာစာမှာ သူတို့ ဆန္ဒပြတယ်ဆိုတာ သူတို့ရဲ့ မေ ျှာ်လင့်ချက်ကတော့ ဘာဘဲ ပြောပြော ဒီလို အခြေအနေတွေက မမှန်မကန်ဘူး မြန်မာနိုင်ငံမှာ ဖြစ်ရပ်က တခြား အခြေအနေလည်း ရှိပါလားဆိုတာကို သူတို့ မီးမောင်းထိုးလိုတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

အဓိက ကတော့ တဖက်သတ် ရေးသားနေတာတွေ မဟုတ်ဘူး။ တဖက်မှာလည်း မြန်မာပြည်သူတွေရဲ့ ခံစားချက် ဘယ်လို ရှိလဲ ဆိုတာတွေကို ဘာဘဲ ပြောပြော သံတမန်တွေ ကြားထဲမှာ မြင်သွားနိုင်မယ်လို့တော့ ကျနော် ထင်ပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ဟုတ်ကဲ့ခင်ဗျ။ အဲတော့ ဒီကနေ့ ကျင်းပနေတဲ့ ဒီကုလသမဂ္ဂ ညီလာခံမှာရော မြန်မာနဲ့ ပတ်သက်လို့ ပေါ့လေ နိုင်ငံတကာ ခေါင်းဆောင်တွေ ဘက်က ဘာတွေ ပြောဆို ဆွေးနွေးမှုတွေ ရှိပါလဲ ခင်ဗျ။

ကိုသားညွန့်ဦး။ ။ဟုတ်ကဲ့။ ဒီနေ့က ထူးထူးခြားခြားတော့ ဒီအထွေထွေ ညီလာခံ ကျင်းပနေတဲ့ တချိန်တည်းမှာဘဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက နေပြီးတော့ ကြေညာချက် ထုတ်ပါတယ်။ အဓိက ကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကိုရော နောက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းမှာ တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေ အတွက်ပါ အမေရိကန် ဒေါ်လာ ၃၂ သန်း ကူညီထောက်ပံ့မယ် ဆိုပြီး ကြေညာချက် ထုတ်ပါတယ်။ ဒါကတော့ အမေရိကန် ဘက်က တုံ့ပြန်ချက်ပေါ့နော်။

တချိန်တည်းမှာဘဲ ပြောမယ်ဆိုလို့ ရှိရင် တချို့ ခေါင်းဆောင်တွေက မြန်မာနိုင်ငံ အရေးကလည်း တော်တော်လေး ထိပ်တန်းရောက်နေတဲ့ အခါကျတော့ တချို့ ခါင်းဆောင်တွေက မြန်မာနိုင်ငံ အရေးနဲ့ပတ်သက်ပြီးတော့ သူတိုရဲ့မိန့်ခွန်းတွေမျာ ထည့်သွင်း ပြောတာတွေ ရှိပါတယ်။ ဥပမာ ဆိုလို့ ရှိရင် ဥရောပ သမဂ္ဂ ကိုယ်စားလှယ်က မြန်မာနိုင်ငံက ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ အရိပ်အမြွက် ပြောသွား ဆိုသွားတာတွေလည်း ရှိပါတယ်ခင်ဗျ။ အဲတော့ အခု အဓိက ကတော့ ဒုတိယ သမ္မတ ဗန်ထီးယူ ပြောတာကိုဘဲ အားလုံးက စောင့်ပြီး နားထောင်ရမယ့် အခြေအနေပါ။

တိုက်ရိုက် လင့်ခ်

မြန်မာဒုတိယသမ္မတ မိန့်ခွန်းပြောကြားမယ့်နေ့မှာ နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ ရိုဟင်ဂျာမူဆလင်အရေး တောင်းဆို ဆန္ဒပြတာမျိုးတော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ဝါရှင်တန်ဒီစီအနီး ရိုဟင်ဂျာအရေး တောင်းဆိုလှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြပါတယ်။

ကုလ အထွေထွေညီလာခံနဲ့ မြန်မာ့အရေးဆန္ဒပြပွဲများ
please wait

No media source currently available

0:00 0:03:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG