သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး နှစ်ဘက် ဆန္ဒထုတ်ဖော်


ရခိုင်အရေး ကိုယ်တွယ်နေပုံနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို နော်ဝေအစိုးရက ဖိအားပေးပြောဆိုဖို့ ဗုဒ္ဓဟူးနေ့က အော်စလိုမြို့မှာ ဆန္ဒပြ တောင်းဆိုကြ ပါတယ်။ ဆန္ဒပြသူတွေဟာ တဖက်သတ် သတင်းတွေပေါ် အခြေခံ ပြောဆိုနေတာကြောင့် နော်ဝေ သတင်းဌာနတွေကို သတင်းအချက်အလက် တချို့ရှင်းပြခဲ့ရကြောင်း တန်ပြန်ဆန္ဒ ထုတ်ဖေါ်သူတွေက ပြောပါတယ်။ အလားတူ ဂျပန်နိုင်ငံ မှာလည်း ရိုဟင်ဂျာသည် မြန်မာနိုင်ငံသား မဟုတ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားတာပါ။

နော်ဝေနိုင်ငံ အော်စလိုမြို့က ပါလီမန်အရှေ့မှာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ သတ်မှတ်ထားသူ တချို့နဲ့အတူ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် နိုင်ငံသားတွေ နောက်ပြီး သူတို့ကို စာနာကြတဲ့ နော်ဝေ နိုင်ငံသားတွေပါ စုစုပေါင်း လူ ၄၀၀ ကျော် ၅၀၀ နီးပါး ဆန္ဒပြခဲ့ကြတာပါ။ အဲဒီ ဆန္ဒပြပွဲအတွင်း ရခိုင်အရေးကိစ္စ ကိုယ်တွယ်ပုံနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို နော်ဝေအစိုးရက ဖိအားပေး ပြောဆိုဖို့ ဗုဒ္ဓဟူးနေ့ အော်စလိုမြို့မှာ ဆန္ဒပြသူတွေက တောင်းဆိုလိုက်ကြ တာပါ။ ရခိုင်ဒေသက ထောင်သောင်းချီတဲ့ မွတ်ဆလင်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက် ထွက်ပြေးသွားအောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်က လုပ်နေတာ ဖြစ်တယ်လို့ ရိုဟင်ဂျာ မွတ်ဆလင်တဦး ဖြစ်တဲ့ ဟူစိန်က ဆန္ဒပြပွဲအတွင်း ပြောသွားပါတယ်။

“ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရိုဟင်ဂျာတွေပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်နေတဲ့ ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်ရဲ့ သဘောဆန္ဒတွေ အရ လုပ်ဆောင်နေခြင်းသာ ဖြစ်ပါတယ်။ လက်ရှိ ကျနော်တို့တွေ ခံစားနေရတာကို ဒေါ်အောင်ဆန်းစုကြည်က လျစ်လျှူရှုပြီး ပျက်ရယ်ပြု သလို ဖြစ်နေ ပါတယ်။”

အဲဒီ ဆန္ဒပြပွဲမှာ နော်ဝေ နိုင်ငံသားတွေကို လက်ကမ်းကြော်ငြာ ဝေငှခဲ့ပြီး၊ အဲဒီစာထဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ အတွက် ကူညီထောက်ပံ့မှု ပေးကြဖို့ တောင်းခံ ထားပါတယ်။ အော်စလိုက ဆန္ဒပြသူတွေဟာ တဖက်သတ် သတင်းတွေပေါ် အခြေခံပြီး ဟောပြောနေ တာကြောင့် သူ့အနေနဲ့ နော်ဝေသတင်းဌာန တွေကို ရှင်းပြခဲ့ရကြောင်း တန်ပြန်ဆန္ဒ ထုတ်ဖေါ်တဲ့ ကရင်တိုင်းရင်းသူ နန်းကြည်အေးက ပြောပါတယ်။

“ ဒါပေမယ့် သူတို့ ပြောတာက လူသေတာ ၅ သောင်းကျော် သတ်ခံထိ သွားပြီ။ ထွက်ပြေးတာကလည်း ၂ သိန်းနဲ့ သုံးသိန်း ဝန်းကျင်ဘဲ ပြောတယ်။ နောက်ပြီး သူတို့ ဘင်္ဂလီတွေဘဲ အသတ်ခံရတယ်လို့ သူတို့က ပြောတယ်။ ဒီ ဗုဒ္ဓဘာသာတွေက သတ်တယ်လို့ဘဲ သူတို့ ပြောတယ်။ ဆိုတော့ သူတို့ချည်းဘဲ မဟုတ်ဘူးဆိုပြီး ကျမတို့ တိုင်းရင်းသား ရခိုင်တွေ ဘက်ကရော၊ အဲဒီမှာ ရှိတဲ့ ဟိန္ဒူတွေရော တိုင်းရင်းသားတွေရော ရက်ရက်စက်စက် သတ်ခံရတယ်။ သူတို့ သုံးတဲ့ စကား ဒီ Genocide ဆိုလို့ ရှိရင် တကယ်လို့ Genocide လုပ်တယ် ဆိုလို့ ရှိရင် အယောက်ပေါင်း ၂ သိန်းကျော် ပြေးသွားနိုင်လောက်တဲ့ အဆင့် မရှိလောက်ဘူး။ အခုလောက်ဆို မျိုးတုံးလောက်ပြီ သူတို့ တယောက်မှတောင် ကျန်တော့မှာ မဟုတ်ဘူး။ တကယ့်တကယ် သတ်ကြ ဖြတ်ကြတော့မယ်ဆိုရင်။ ”

အလားတူ ဂျပန်နိုင်ငံမှာလည်း ရိုဟင်ဂျာသည် မြန်မာနိုင်ငံသားများမဟုတ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗုဒ္ဓဟူးနေ့က တိုကျိုမြို့ကုလသမဂ္ဂ ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြပွဲမှာ ဦးဆောင်သူ ဦးသန်းဆွေက ပြောပါတယ်။

“ နံပတ် (၁)ကတော့ ရိုဟင်ဂျာသည် ပြည်ထောင်စု မြန်မာနိုင်ငံသား မဟုတ်ဆိုတဲ့ ခေါင်းစဉ်နဲ့။ နောက် နံပတ် ၂ က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကို အပြည့်အ၀ ထောက်ခံပါသည်။နံပတ် ၃ ကတော့ အကြမ်းဖက် ကျူးကျော် တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းပါ ဆိုတဲ့ ရည်ရွယ်ချက် သုံးခုနဲ့ ကျနော်တို့ ကုလသမဂ္ဂမှာ သွားပြီး ဆန္ဒပြပါတယ်။ ဗမာ နိုင်ငံမှာ အခု ဖြစ်နေတဲ့ ဥစ္စာက ဘာသာရေး လူမျိုးရေး ပြသနာ မဟုတ်ဘူး။ ကျနော်တို့ နိုင်ငံကို အကြမ်းဖက် ကျူးကျော် ဝင်ရောက်လာတဲ့ ဒီဘင်္ဂါလီတွေ ကနေစတဲ့ ပြသနာ ဖြစ်တယ်ဗျ။ အဲ သူတို့တွေကနေ ဗမာနိုင်ငံမှာ နေထိုင်ခွင့် လိုချင်တာရယ်၊ နိုင်ငံသား အဖြစ် လိုချင်တယ်။ တိုင်းရင်းသား ဖြစ်လိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အစိုးရသစ်ကို ဘက်ပေါင်းစုံကနေ ပိတ်ဆို့ ပြီးတော့ ကြံစည်လုပ်ဆောင်လာတဲ့ အတွက် ကျနော်တို့ကနေ ရိုဟင်ဂျာသည် ကျနော်တို့ နိုင်ငံသား မဟုတ်ပါဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒပြရခြင်း ဖြစ်ပါတယ်။ ”

ရခိုင်အရေးကို မြန်မာအစိုးရက ကိုင်တွယ်ရာမှာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ဖွယ် ရှိနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad al-Hussein က ပြီးခဲ့တဲ့ တနင်္လာနေ့က ကုလ ညီလာခံတခုမှာ စွပ်စွဲပြောခဲ့ပါတယ်။ သြဂုတ်လ(၂၅) ရက်နေ့က မောင်တော ဘူးသီးတောင် ရသေ့တောင် ဒေသတွေက ရဲကင်းစခန်း(၃၀) ကို ARSA အကြမ်းဖက်အုပ်စုက ဝင်ရောက်တိုက်ခိုက် ခဲ့ပြီးနောက် မြန်မာ လုံခြုံရေး တပ်တွေရဲ့နယ်မြေရှင်းလင်းရေး ကြောင့် ခုချိန်ထိ ဒေသခံ မွတ်ဆလင် (၄)သိန်းနီးပါး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ခန့်မှန်း ပြောဆို ထားပါတယ်။

ရခိုင်အရေး နှစ်ဘက် ဆန္ဒထုတ်ဖော်
please wait

No media source currently available

0:00 0:04:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG