သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် တည်ငြိမ်ရေး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကတိပြု


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တိမ်းရှောင်လာသည့် ရွာသူ၊ ရွာသားများ နှင့်တွေ့ဆုံစဉ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တိမ်းရှောင်လာသည့် ရွာသူ၊ ရွာသားများ နှင့်တွေ့ဆုံစဉ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသတွင်း အကြမ်းဖက်မှုတွေကို ကိုင်တွယ်တဲ့ နေရာမှာ စစ်အင်အား အသုံးပြုမှုကို ဥပဒေနဲ့ အညီဖြစ်အောင် သတိထား ဆောင်ရွက်နေတဲ့ အကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောဆိုပါတယ်။ မူဆလင်တွေ အများစု နေတဲ့ ရခိုင်မြောက်ပိုင်း ဒေသတွင်း အကြမ်းဖက်မှုတွေ အပေါ် မြန်မာ စစ်တပ်က အင်အား အလွန်အကျွံသုံးစွဲတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက်ပိုင်း ကာကွယ်ရေး ဦးစီးချုပ်က အခုလို ပြောဆိုလိုက်တာပါ။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက် တိုက်ခိုက်မှုတွေကို မြန်မာ အစိုးရ ကိုင်တွယ်နေတဲ့ တလနီးပါး အချိန်ကာလ အတွင်း ဘင်္ဂလားဒေရှ့်ဘက်ကို အစုလိုက်အပြုံလိုက် ထွက်ပြေးလာတာဟာ စစ်တပ်ရဲ့ အင်အားအလွန်အကျွံသုံးစွဲမှုကြောင့်ဆိုပြီး နိုင်ငံတကာက စွပ်စွဲတာပါ။ မြန်မာ အစိုးရဘက်ကတော့ စက်တင်ဘာလ ၅ ရက်နေ့ ကတည်းက ဒေသတွင်းမှာ တိုက်ပွဲတွေ မရှိတော့တာလို့ ပြောထားပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒေသတွင်း စစ်အင်အား အသုံးပြုမှုကို ဥပဒေနဲ့ အညီဖြစ်အောင် ဆောင်ရွက်နေတယ်လို့ ပြောဆိုပါတယ်။

“နယ်မြေဒေသမတည်ငြိမ်ဘူးဆိုရင် တည်ငြိမ်အောင် ကျနော်တို့တပ်တွေနဲ့ ရအောင်ထည့်ပေးမယ်။ ကျနော်တို့ တပ်တွေရအောင်ထည့်တယ်ဆိုတာလည်း ထည့်ချင်တိုင်းထည့်လို့မရပါဘူး။ ကျနော်တို့အပေါ် မျက်စိထောင့်ထောက်ပြီးကြည့်နေတဲ့ ပြဿနာရှာဖို့ လုပ်နေတဲ့သူတွေ အများကြီးရှိတယ်။ သူတို့ပြဿနာမရှာနိုင်အောင်လည်း ကျနော်တို့ ဥပဒေနဲ့ညီအောင် တော်တော်လေး ထိန်းထိန်းသိမ်းသိမ်းလုပ်ရတယ်။”

ရခိုင်ဒေသတွင်းက မူဆလင်တွေ အပေါ်မှာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့်လို့ အကြောင်းပြပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကဘဲ ဗြိတိန်နိုင်ငံက မြန်မာ စစ်တပ်အရာရှိတွေကို သင်တန်းပေးနေတာတွေ ရပ်ပစ်ခဲ့တာပါ။ နောက် ဝန်ကြီးချုပ် ထရီဆာမေကလည်း အကြမ်းဖက်မှုကို ဗန်းပြပြီး ဖိနှိပ်မှုတွေ လုပ်နေတာကို လက်သင့်မခံနိုင်ဘူးဆိုပြီး မနေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ထည့်သွင်းပြောတာမှာလည်း မြန်မာနိုင်ငံကို ဥပမာ ပေးပါတယ်။

မူဆလင်တွေ အများစု နေကြတဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် ဒေသတွင်းက စစ်တပ် စခန်းတခု အပါအဝင် လုံခြုံရေး ကင်းစခန်း ၃၀ တို့ကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ARSA အကြမ်းဖက် အဖွဲ့က တချိန်တည်း တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက် တိုက်ခိုက်သူ ၄၀၀၀ ကျော်နဲ့ ကြိုတင်စီစဉ် တိုက်ခိုက်ခဲ့တာလို့လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဘူးသီးတောင်မြို့နယ် တောင်ဘဇာ တပ်စခန်းက တပ်ဖွဲ့ဝင်တွေကို ရှင်းပြခဲ့တယ်လို့လည်း သတင်းထုတ်ထားပါတယ်။

မူဆလင်တွေ အများစု နေထိုင်ကြတဲ့ ဒေသတွင်းက မြို၊ ခမီ၊ သက်၊ ဒိုင်းနက်တို့လို လူနည်းစုတွေကိုလည်း အကာအကွယ်ပေးဖို့ လိုအပ်တယ်လို့လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောဆိုခဲ့ပြီး အကြမ်းဖက်မှုကနေ ထွက်ပြေးကြသူတွေ ဌာနေရင်းကို ပြန်ဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

“နေရာစွန့်ခွာလာတဲ့ တိုင်းရင်းသားတွေက နံပတ်၁ အချက် မိမိနေရပ်ဒေသကို ပြန်ပြီးတော့ သွားကြဖို့လိုပါတယ်။ မနက်ကလည်း ကျနော်တို့ မောင်တောမှာ ဒါကို ကျယ်ကျယ်ပြန့်ပြန့် အချိန်ကြာကြာယူပြီးတော့ ပြန်ရှင်းပြပါတယ်။ အဓိကတော့ ကိုယ့်နယ်မြေထဲမှာ ကျနော်တို့လူတွေ ရှိနေဖို့က နံပတ်၁ အချက်အရေးကြီးတယ်။ နယ်မြေထဲမှာရှိနေပြီး ကျနော်တို့နယ်မြေကို ကျနော်တို့ တိုင်းရင်းသားတွေနဲ့ ထိန်းချုပ်နိုင်တဲ့အနေအထားမျိုးရှိတဲ့ဟာမျိုးလည်း ဖြစ်ဖို့လိုပါတယ်။”

မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း မူဆလင်ပုန်ကန်မှုတွေ ရှိခဲ့ပြီး ဒီအပေါ် ကိုင်တွယ်ပုံမှာတော့ ကွဲပြားမှုတွေ ရှိနေတယ်လို့ အကဲခတ်တချို့က ရှုမြင်ကြပါတယ်။ ထိုင်းတောင်ပိုင်းက မူဆလင် ပုန်ကန်မှုကို ထိုင်းစစ်တပ်ရဲ့ ကိုင်တွယ်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ထိုင်းအခြေစိုက် မြန်မာ့အရေး သုံးသပ်သူ ဦးဇော်မင်းကတော့

“ထိုင်းစစ်တပ်က ဒီလိုမျိုးကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်တဲ့နေရာမှာ ဆိုလိုတာက ပြဿနာတခုဖြစ်လာရင် ပြဿနာရဲ့ ဖြစ်ပုံအခြေအနေကို တိုက်ရိုက် ကိုင်တွယ်တယ်။ အဲဒီပြဿနာပေါ် အခြေခံပြီးတော့မှ ပြဿနာဖြစ်တဲ့ ဧရိယာမှာရှိတဲ့ ရွာကလူတွေ ၊ နေတဲ့လူတွေကို ရိုက်တာကြိတ်တာ၊ ထိုးတာ နှိတ်စက်တာ၊ ဖမ်းဆီးတယ်ဆိုတာက အင်မတန်နည်းပါတယ်။ တခုတော့ရှိတာပေါ့လေ ဒီမှာက အကြမ်းဖက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အထောက်အထားရှိရင်တော့ သူဖမ်းချင်ရင်ဖမ်းမှာပေါ့။ ဥပမာအားဖြင့် ထိုင်းနိုင်ငံတောင်ပိုင်းမှာ အစွန်းရောက်တချို့ မွတ်စလင်အဖွဲ့တွေက ဗုံးခွဲလို့ လူတချို့သေမယ်၊ သံဃာတချို့သေမယ်၊ စစ်သား၊ရဲသားတချို့သေမယ် ဒီဟာနဲ့ ပတ်သက်လို့ သူတို့နိုင်ငံမှာ သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း သူတို့က ကိုင်တွယ်တယ် အဲဒီဖြစ်တဲ့နားမှာ ရှိတဲ့ -ဥပမာဆိုပါတော့ မွတ်စလင်ရွာရှိတယ်ဆိုရင် ပြဿနာရှာတာမျိုး၊ နှိတ်စက်တာမျိုး အဲဒါမျိုးတွေ သူတို့မလုပ်ဘူးခင်ဗျ။”

သြဂုတ်လ ၂၅ ရက်နေ့ အာရုဏ်မတက်ခင်မှာ အစိုးရ လုံခြုံရေး စခန်း ၃၀ တို့ကို ARSA အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခံရမှု၊ နောက် အကြမ်းဖက်မှုတွေကို တန်ပြန်နှိမ်နင်းမှု အတွင်း အရပ်သားတွေ၊ အစိုးရအမှုထမ်းတွေ၊ နောက် အကြမ်းဖက်သမားတွေ ရာနဲ့ချီ သေဆုံးခဲ့ရပြီး ကျေးရွာပေါင်း ၂၀၀ နီးပါး လုံး၀ ထွက်ပြေးသွားခဲ့တာပါ။ အကြမ်းဖက်မှုတွေကြောင့် ဒေသတွင်း တိမ်းရှောင်ထွက်ပြေးနေကြရသူတွေ ရှိသလို ဘင်္ဂလားဒေရှ့်ဘက်ကိုလည်း အလုံးအရင်းနဲ့ ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG