သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအချက်အလက် ရှာဖွေရေးအဖွဲ့ မြန်မာပြည်ဝင်ခွင့်ရဖို့တောင်းဆို


မြန်မာနိုင်ငံဆိုင်ရာ ကုလအချက်အလက် ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ Marzuki Darusman
မြန်မာနိုင်ငံဆိုင်ရာ ကုလအချက်အလက် ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ Marzuki Darusman

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် အစုလိုက် သတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းရေး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားတဲ့ အချက်အလက် ရှာဖွေရေး ကော်မရှင်က အကြီးအကဲက သူတို့ အဖွဲ့အနေနဲ့ အချိန်ပိုပြီး လိုအပ်တဲ့အကြောင်းနဲ့ မြန်မာအစိုးရဘက်က ပြည်ဝင်ခွင့်ပေးဖို့ ဒီကနေ့ Geneva မှာကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုသွားပါတယ်။ တချိန်တည်းမှာ မြန်မာသံအမတ်ကြီး ဦးထင်လင်းကလည်း ဒီ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ခုခံ ပြောဆိုပါတယ်။ ကိုသိန်းထိုက်ဦး ဆက်လက် ပြောပြပါလိမ့်မယ်။

ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့အတွက် အချက်အလက်ရှာဖွေရေးအဖွဲ့ စေလွှတ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြီးခဲ့တဲ့မတ်လ ၂၄ ရက်နေ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးတဲ့နောက် နိုင်ငံတကာ ကျွမ်းကျင်သူပုဂ္ဂိုလ် ၃ ယောက်ပါဝင်တဲ့ ဒီအဖွဲ့ကို ဖွဲ့စည်းလိုက်တဲ့အကြောင်း ကြေညာခဲ့တာပါ။ မြန်မာအစိုးရဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သဘောမတူတဲ့အတွက် ပူးပေါင်း ဆောင်ရွက်မှာ မဟုတ်တဲ့အကြောင်းကို အဲဒီအချိန်ကတည်းက အတိအလင်း ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။

ဒီကနေ့ Geneva မှာကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ အချက်အလက် ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ Marzuki Darusman က အခုလို ပြောဆိုပါတယ်။

“ ဒီအချိန်အခါမှာ မြန်မာအစိုးရဘက်က ပူးပေါင်းဆောင်ရွက်ဖို့၊ အရေးကြီးဆုံးအနေနဲ့ ကျနော်တို့ကို တိုင်းပြည်အတွင်း လာရောက်ခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်။

ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ၊ ပြည်တွင်း အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေသူတွေ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုကြောင့် ထိခိုက်ခဲ့ရတဲ့ လူ့အသိုင်းအဝိုင်းအနေနဲ့ ဘာ့ကြောင့်ဖြစ်ခဲ့တယ်၊ ဘယ်သူ့ကြောင့် ဖြစ်ခဲ့တယ်ဆိုတာတွေကို သိခွင့်ရှိပါတယ်။”

မြန်မာသံအမတ်ကြီး ဦးထင်လင်းကတော့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိက္ခဟာ လုံခြုံရေးအဖွဲ့တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုက စခဲ့တာဖြစ်ပြီး၊ အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် လုံခြုံရေး အရ သင့်တော်တဲ့ အစီအမံတွေနဲ့ ပြန်လည် တုံ့ပြန်ခဲ့တဲ့အကြောင်း ရှင်းလင်းခဲ့ပါတယ်။ တချိန်တည်းမှာ မြန်မာအစိုးရအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်နေတဲ့အကြောင်း ရှင်းလင်း သွားပါတယ်။

“ရခိုင်ပြည်နယ်အရေး၊ ခက်ခဲတဲ့ တာဝန်တွေကို ထမ်းဆောင်နေရချိန်မှာ လူ့အခွင့်အရေးကောင်စီဘက်က အခုလို အချက်အလက် ရှာဖွေရေး အဖွဲ့ ဖွဲ့စည်းတာက အခြေအနေကို ကူညီရာမရောက်တဲ့အကြောင်း” သံအမတ်ကြီး ဦးထင်လင်းက ပြောဆိုသွားတာပါ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်တွင်းက တည်ငြိမ်ရေးနဲ့ သဟာဇာတဖြစ်မှုကို ဖျက်ဆီးတဲ့ လုပ်ရပ်တွေကို ဥပဒေနဲ့ အညီ အရေးယူသွားမယ်လို့ အာမခံပြောကြားသွားပြီးတဲ့ နောက်တနေ့မှာပဲ လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြေကြားချက်တွေနဲ့ပတ်သက်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပြောဆိုပေမယ့်လည်း နိုင်ငံတကာသံတမန်အသိုင်းအဝိုင်းက အကောင်းမြင်မျှော်လင့်တဲ့အကြောင်း တုံ့ပြန်ပြော ဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG