သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး စစ်ဖက်ခေါင်းဆောင်တွေကို ပစ်မှတ်ထားအရေးယူဖို့ HRW တောင်းဆို


ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာမူစလင်တွေကို ပစ်မှတ်ထားပြီး လူမျိုးစုကွယ်ပျောက်အောင် လုပ်ဆောင်တဲ့ မြန်မာနိုင်ငံက စစ်ဖက်ထိပ်တန်းခေါင်းဆောင်တွေကို ပစ်မှတ်ထား အရေးယူဖို့ HRW လူ့အခွင့်အရေးအဖွဲ့ကြီးကတောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့လက လုံခြုံရေးရဲကင်းစခန်းတွေကို ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့အပြီး လူအစုလိုက် အပြုံလိုက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးကြရတာနဲ့ ပါတ်သတ်လို့ အရပ်သား အများအပြားပါဝင်တဲ့ အစိုးရအဖွဲ့ထက် စစ်တပ်မှာ ပိုတာဝန်ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြကြပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က စုံစမ်းမေးမြန်း တင်ပြထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအပြင် သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံ တပ်မတော် ထိပ်တန်းတာဝန်ရှိသူတွေကို ပစ်မှတ်ထား အရေးယူဖို့ Human Rights Watch HRW လူ့အခွင့်အရေးအဖွဲ့ကြီးက ဒီကနေ့ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ကုလ လုံခြုံရေးကောင်စီအနေနဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာနဲ့ ပါတ်သတ်ပြီး ဆွေးနွေးရာမှာ ကုလအတွင်းရေးမှူးချုပ် Antonio Guterres ကို ပါ ဖိတ်ကြားပြီး ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေကို ရှင်းလင်းတင်ပြစေတာမျိုး ဆောင်ရွက်ဖို့နဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွါးနေတဲ့ အခြေအနေတွေနဲ့ ပါတ်သတ်လို့ စိုးရိမ်ကြောင့်ကြတဲ့ နိုင်ငံတွေအနေနဲ့ လုံခြုံရေးကောင်စီရဲ့ အရေးယူမှုကို စောင့်ဆိုင်းမနေဘဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ထိပ်တန်းစစ်ဖက်ခေါင်းဆောင်တွေအပေါ် ခရီးသွားလာခွင့်နဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့ စတာတွေ ပြုလုပ်ကြစေလိုကြောင်း HRW က တိုက်တွန်းပါတယ်။ အာရှရေးရာ ဒုတိယ ညွန်ကြားရေးမှူး Phil Robinson က

"သူဟာ တပ်မတော်ကို ကွပ်ကဲအုပ်ချုပ်သူတယောက်ဖြစ်တယ်ဆိုတာ အားလုံးသိပါတယ်။ ဆိုတော့ တပ်မတော်က ဘာပဲလုပ်လုပ် သူ့မှာ တာဝန်ရှိပါတယ်။ ဒါကြောင့် လက်နက်ရောင်းချမှုတွေပိတ်ပင်ဖို့၊ တပ်မတော်နဲ့ ၂ ဖက် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေ ရပ်ဆဲပစ်ဖို့ ၊ ဗိုလ်ချုပ်ကြီး တွေ ဗိုလ်မှူးကြီးတွေ နိုင်ငံရပ်ခြားသွားလာခွင့်တွေပိတ်ပစ်ဖို့ တောင်းဆိုပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်က ထိန်းချုပ်ထားတဲ့ စီးပါွးရေးလုပ်ငန်းတွေနဲ့ ဖက်စပ်လုပ်ကိုင်မှုကိုလည်း ပိတ်ပစ်ပြီး ပြင်းပြင်းထန်ထန် အရေးယူသင့်ပါတယ်။ သူတို့အနေနဲ့ လူမျိုးစုတစုလုံးကို အဲဒီဒေသတွင်းကနေ ရှင်းလင်းပစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လူ ၄ သိန်းကျော် ထွက်ပြေးအောင် လုပ်တာမျိုး ဆက်လုပ်လို့ မရဘူးဆိုတာ သူတို့ သိဖို့လိုပါတယ်။"

ရခိုင်ပြည်နယ်တွင်းက မူစလင်တွေ နယ်စပ်ဖြတ်ကျော် ထွက်ပြေးနေရတဲ့ အခြေအနေနဲ့ ပါတ်သတ်လို့ နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာမှ ထုတ်ဖေါ်ပြောကြားခြင်းမရှိသေးတဲ့အပေါ် နိုင်ငံတကာက ဝေဖန်ပစ်တင်နေတဲ့ တချိန်တည်းမှာပဲ တဖက်မှာလည်း သူသာလျင် မြန်မာ့ဒီမိုကရေစီရေး ကူးပြောင်းမှုမှာ အရေးပါဆုံးသူ ဖြစ်တယ်ဆိုတာကို သတိပြုကြဖို့ ပြောကြားမှုတွေလည်း ရှိနေပါတယ်။ လက်ရှိအခြေအနေဟာ ရှုပ်ထွေးလှတာကြောင့် မြန်မာ့နိုင်ငံရေးရာ ကိစ္စရပ်တွေနဲ့ ပါတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သတိထားပြီး ပြောဆိုနေရတာ ဖြစ်တယ်လို့ Robinson က သုံးသပ်ပါတယ်။

သူတခုခုပြောလိုက်တာကို လူတွေက ငြိုငြင်မှာကိုစိုးပြီး ဘာမှ မပြောတာလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ တပ်မတော်၊ မဘသနဲ့ လူတချို့က ရိုဟင်ဂျာ မုန်းတီးဆန့်ကျင်ရေး လှုံ့ဆော်နေကြတာကြောင့်ရယ်၊ နောက်တခုက သူ့အပေါ် နိုင်ငံရေးအရလည်း ထောက်ခံမှုကျဆင်းတာမျိုး မလိုလားတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်ကတော့ အရေးကြီးဆုံးက ဗိုလ်ချုပ်မင်းကြီးမင်းအောင်လှိုင်ရဲ့ အခန်းဂဏ္ဍပါ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ လုံခြုံရေးရာကိစ္စရပ်တွေနဲ့ ပတ်သတ်လို့ တပ်မတော်မှာသာ တာဝန်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်မှာလည်း ဒီလုံခြုံရေးရာကိစ္စရပ်တွေနဲ့ ပါတ်သတ်လို့ လုပ်ပိုင်ခွင့် အကန့်အသတ်နဲ့ ရှိနေတာပါ။

သြဂုတ်လ ၂၅ ရက်နေ့ကနေ စက်တင်င်္ဘာလ ၁၆ ရက် အတွင်း ဂြိုလ်တုက ရရှိတဲ့ ပုံတွေအရ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရွာပေါင်း ၂၀၀ ကျော်ဟာ မီးလောင်ပျက်စီးခဲ့တယ်လို့ HRW က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေက သူတို့နေအိမ်တွေကို လုံခြုံရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်စီးကြတယ်လို့ ပြောသလို မြန်မာအစိုးရဘက်ကလည်း အာဆာ အကြမ်းဖက်သမားတွေနဲ့ ရွာသားတွေဟာ သူတို့နေအိမ် သူတို့မီးရှို့ကြတယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။ အခုအခါမှာ ကလေးငယ်တွေ အမျိုးသမီးတွေ အများအပြားပါဝင်တဲ့ မူစလင်ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ယာယီ လက်ခံနေရာပေးထားပေမယ့် သူတို့အားလုံး မြန်မာနိုင်ငံကို ပြန်ရမယ်လို့ ပြောထားပါတယ်။ မြန်မာအစိုးရဘက်ကတော့ သူတို့အနေနဲ့ နိုင်ငံသားစိစစ်မှုတွေ လုပ်ပြီးတဲ့အခါမှာ ပြန်လည် လက်ခံသွားမယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်အရေးနဲ့ ပါတ်သတ်လို့ ဒေသတွင်းနိုင်ငံတွေအနေနဲ့လည်း မြန်မာအပေါ် ဝိုင်းဝန်းတိုက်တွန်းတာတွေ လုပ်ဖို့Robinsin က အကြံပြုပါတယ်။

"မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို လိုက်နာဖို့ သဘောတူထားပါတယ်။မြန်မာနိုင်ငံသားတွေဆိုတာကို အစိုးရအနေနဲ့ အသိအမှတ်ပြုရမှာဖြစ်ပြီး အဲလိုမှ မဟုတ်ရင်တော့ အဲဒီလူတွေဟာ နိုင်ငံမဲ့တွေ ဖြစ်လာမှာပါ။ မြန်မာနိုင်ငံအနေနဲ့ဘင်္ဂလားဒေ့ရှ်နဲ့ အာဆီယံဒေသကနိုင်ငံတွေအတွက် ပြဿနာရင်ဆိုင်ရမယ့် မူဝါဒမျိုးနဲ့ သွားနေတာကြောင့် အာဆီယံအဖွဲ့၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ တခြားနိုင်ငံတွေအနေနဲ့ အခုလို လူတွေ အလုံးအရင်းနဲ့ထွက်ခွါနေကြတဲ့အခြေအနေနဲ့ ပတ်သတ်လို့ ပွင့်ပွင့်လင်းလင်း ထောက်ပြကြစေလိုပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ ဒီလူတွေ အဲဒီဒေသကနေ လှေတွေနဲ့ ထွက်ပြေးလာမှာကို ထပ်တွေ့ရနိုင်ပါတယ်။"

ဒါပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားလာတယ်ဆိုတဲ့ ကုလသမဂ္ဂက ပြောနေတဲ့ အရည်အတွက်အားလုံးကိုတော့ မြန်မာဖက်က ထွက်ပြေးလာသူတွေဟုတ်မဟုတ် မြန်မာတာဝန်ရှိသူတွေက အတည်မပြုပါဘူး။ လေးသိန်းကျော်ရှိတဲ့ ဒီအရေအတွက်အားလုံးဟာ မြန်မာနိုင်ငံက ထွက်ပြေးသူတွေ မဖြစ်နိုင်ဘူးလို့လည်း သုံးသပ်သူတွေက ယူဆပါတယ်။ မနက်ဖန် စက်တင်္ဘာ ၁၉ ရက်နေ့မှာတော့ နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်အရေး ပဋိပက္ခနဲ့ ပါတ်သတ်လို့ ပထမဆုံးအကြိမ် နိုင်ငံတော်အခြေပြ မိန့်ခွန်းတရပ်ပြောကြားဖို့ ရှိနေတာကြောင့် ဒီမိန့်ခွန်းနဲ့ ပတ်သတ်လို့ အားလုံးက စောင့်ကြည့်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG