သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကြံပေးကော်မရှင် အပြီးသတ်အစီရင်ခံစာ အပ်နှင်း


ရခိုင်အကြံပေးကော်မရှင် အပြီးသတ်အစီရင်ခံစာအပ်နှင်း ( Myanmar President Office)
ရခိုင်အကြံပေးကော်မရှင် အပြီးသတ်အစီရင်ခံစာအပ်နှင်း ( Myanmar President Office)

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်ဟာ သူဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီ ရင်ခံစာကို မြန်မာသမ္မတ ဦးထင်ကျော်ထံကို ပေးအပ်လိုက်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက် တာ ဝင်းမြတ်အေးက ဗွီအိုအေကိုပြောပါတယ်။ သမ္မတဦးထင်ကျော်ကအစီရင်ခံစာပါ အကြံပြုချက်တွေကို သေချာလေ့ လာ ဆန်းစစ် ပြီး လုပ်သင့်လုပ်ထိုက်တာတွေ လုပ်သွားမယ်လို့ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။ ဒီသတင်းကိုဗွီအိုအေ မြန်မာပိုင်းက မေခကပေးပို့ ထားတာပါ။

သြဂုတ်လ၂၄ရက်နေ့မှာတော့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာကိုအများသိအောင် ထုတ်ပြန်မှာ ဖြစ်သလို ဒီမတိုင်ခင် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အစိုးရနဲ့ လွှတ်တော်က သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ကိုဖီအာနန်က တွေ့ဆုံခဲ့ပြီး အပြီးသတ်အစီရင်ခံစာကိုပေးအပ်ခဲ့ပါတယ်။ တွေ့ဆုံမှုနဲ့ပတ်သတ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက် တာ ဝင်းမြတ်အေးက ခုလိုပြောပြတာပါ။

“ကိုဖီအာနန်ကော်မရှင်က သူတို့ရဲ့ ဒီ Final Recommendation လေ အဲဒါကို ဒီ ၂၃ ရက်နေ့မှာ သမ္မတကြီးလက်ထဲကိုထည့်တာ စာအုပ်နဲ့ရိုက်ပြီးတော့ ထည့်တယ်။ ဒါပေမယ့် အဲဒါတွေအကုန်လုံးကို မဖတ်ရသေးဘူး။ မဖတ်ရသေးဘူးဆိုတော့ ဘာတွေပါသလဲဆိုတာ အနုစိတ်တော့မသိရသေးဘူး ။ သမ္မတကြီးကတော့ ဒီမှာရှိတဲ့ Recommendationတွေအပေါ်မှာမူတည်ပြီးတော့ ဒါကိုသေချာလေ့လာမယ်၊ လေ့လာပြီးတော့ လုပ်သင့်လုပ်ထိုက်တာတွေ ဆောင်ရွက်မယ် ဆိုတာပြောလိုက်တယ် ဒါပဲအဓိကတော့ ဒါပါပဲ။”

ပြီးခဲ့တဲ့ မတ်လကထုတ်ပြန်ထားတဲ့ ကော်မရှင်ရဲ့ကြားဖြတ်အစီရင်ခံသာပါ အကြံပြုချက်တွေကို မြန်မာအစိုးရဘက်က ရာနှုန်းပြည့်နီးပါး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက် တာ ဝင်းမြတ်အေးက ပြောဆိုလိုက်ပါတယ်။

“ရာခိုင်နှုန်းကတော့ မသိဘူး ဝန်ကြီးဌာနအလိုက်တော့။ ဒါပေမယ့် ဒီ report ကိုကြည့်လိုက်တဲ့အခါကျတော့ မလုပ်နိုင်တာကတော့ နဲနဲနည်းတယ် ၊ လုပ်နိုင်တဲ့ကိစ္စတွေပဲများတော့ တော်တော်များများတော့ ဆောင်ရွက်လိုက်ကြတယ်။ ဆောင်ရွက်လိုက်တယ်ဆိုတာက နဂိုတည်းကလည်းဆောင်ရွက်နေတာပါပဲ။ ဆောင်ရွက်နေတာပဲ ဒါပေမယ့်သူတို့က အထူးပြုပြီးတော့ ပြောတဲ့ဟာတွေကတော့ မြန်မြန်လေးဆောင်ရွက်ဖြစ်သွားတယ်။ Birth Registration လုပ်တာတို့ Mobile Health Team တွေလွှတ်တာတို့ ဒါမျိုးတွေပေါ့နော်။ ရွာတွေကြားထဲမှာ ဈေးလေးတွေဖွင့်ပြီးတော့ ၂ ဖက် အဖွဲ့အစည်းတွေကို သဟဇာတဖြစ်အောင် အဲဒီပုံစံမျိုးပေါ့နော်။ ဒါပေမယ့် အဲဒါကို ကျနော်တို့ လုပ်တော့လုပ်နေတာပေါ့နော် လုပ်တဲ့ကြားက ပြဿနာက ထပ်ဖြစ်ပြန်ရော ဖြစ်တာနဲ့ပဲ ကျနော်တို့မှာ ခဏနားတယ် အဲလိုမျိုးတွေဖြစ်နေတာပေါ့နော် ကျနော်တို့မှာလည်း။ သို့သော်လည်း ကျနော်တို့ လုပ်တဲ့အလုပ်တွေကတော့ သူ့အကြံပေးချက်တွေကတော့ မဆိုးပါဘူး ပြီးခဲ့တဲ့ ကြားဖြတ်မှာတုန်းကတော့ အဲဒါတွေကတော့ ကျနော်တို့ တော်တော်လေးဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျနော်တို့ဝန်ကြီးဌာနကတော့ ရာခိုင်နှုန်းတော်တော်များတယ်။ အကုန်လုံးနီးပါးဆောင်ရွက်နိုင်တဲ့သဘောဖြစ်တယ်။”

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်က ကြားဖြတ် အစီရင်ခံစာကို အခုနှစ် မတ်လတုန်းက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲက အကြံပေး ချက် တဝက်လောက်ကို အကောင်အထည် ဖော်ခဲ့တယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကလည်းပြောပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးအဖွဲ့ HRW ကတော့ ကော်မရှင်ရဲ့ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်တွေကို မြန်မာအစိုးရဘက်က အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးသလိုကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံ သာပါ အကြံပြုချက်တွေကိုလည်း မြန်မာအစိုးရအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာမဟုတ်ဘူးလို့ ထင်မြင်ချက်ပေး ထားပါတယ်။

ဒီကနေ့ ကိုဖီအာနန်ကော်မရှင်က အစိုးရအဖွဲ့တွေအပြင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဘက်က ရခိုင်လွှတ်တော်ကိုယ် စားလှယ်တွေနဲ့တွေ့ဖို့ကြိုးစားခဲ့ပေမယ့် ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေဘက်ကမတွေ့ခဲ့ဘူးလို့ပြောပါတယ်။

ရခိုင်အမျိုးသား ပါတီ က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက နောက်ထပ်ထွက်ပေါ်လာမယ့် ကော်မရှင်အစီရင်ခံစာ က ရခိုင်ပြည်နယ်အတွက် ဘာအကျိုးအမြတ်မှ ရရှိစေနိုင်မှာမဟုတ်ဘူးလို့ပြောဆိုလိုက်ပါတယ်။

“ဒီကနေ့ ကျနော်တို့ရခိုင်ပြည်နယ်ရဲ့ပြဿနာကို ကျနော်တို့အသိဆုံးပါ။ ဒီတော့ ကိုဖီအာနန်ကော်မရှင်က ယေဘုယျပဲ သူတို့ပြောနိုင်ပါလိမ့်မယ် တကယ့်လက်တွေ့ ဟိုမှာဖြေရှင်းရမယ့်ကိစ္စတွေကတော့ တော်တော့်ကိုခက်တယ်။ ရခိုင်မှာဖြစ်ပေါ်နေတာက ဆင်းရဲဒုက္ခကြောင့် ကျနော်တို့ ၂ ဖက်လူ့အဖွဲ့အစည်းဟာ ပြဿနာဖြစ်နေတာမဟုတ်ဘူး။ ကျနော်တို့ နယ်မြေကျူးကျော်ဝင်ရောက်မှုကတဆင့် နိုင်ငံသားအဆင့်ရလိုမှု၊ ရိုဟင်ဂျာဆိုတဲ့ ဒီစကားလုံးကိုတီထွင်ပြီးတော့ နိုင်ငံသားဖြစ်လိုမှု ၊ အဲဒီကနေတဆင့် ကျနော်တို့က နယ်မြေကို သိမ်းပိုက်မှု အဲလိုအမျိုးသားအမြင်နဲ့ကြည့်ပါတယ်။ အဲဒါကြောင့် ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လောက်ပဲလုပ်တယ်ပြောပြော ဒီကိစ္စတွေက ပြေလည်သွားမှာမဟုတ်ဘူး အောက်ခြေမှာ။ သူတို့ကို နိုင်ငံသားစစ်ဆေးဖို့ဆိုတာကလည်း ဒါအဓိကလုပ်ရမယ့်အချက်ဖြစ်တယ်။ ဒါပေမယ့် နိုင်ငံသားစစ်ဆေးမှုမခံဘူး၊ စာရင်းကောက်တောင်မခံဘူး အဲဒါကြောင့် ဘယ်လိုလုပ်ဆက်ပြီးဖြေရှင်းမလဲဆိုတာကတော့ ဒါက နိုင်ငံရေးပြဿနာတွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုဖီအာနန်ရဲ့ကော်မရှင်အစီရင်ခံစာကိုတော့ ကျနော်တို့မျှော်လင့်ထားပါတယ်၊ ဒါပေမယ့် တကယ်တန်းလက်တွေ့တော့ထိထိရောက်ရောက် အစိုးရလည်း ဖြေရှင်းနိုင်မှာမဟုတ်ဘူး။”

ကြာသပတေးနေ့ မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး လူထုကိုချပြမယ့် အပြီးသတ် အစီရင်ခံစာမှာတော့ ရခိုင်ပြည်နယ်ထဲမှာ ပဋိပက္ခတားဆီးရေး၊ ပြန်လည်သင့်မြတ်ရေး၊ အခြေခံ ဝန်ဆောင်မှုများ ရရှိနိုင်ရေး၊ လူသားခြင်း စာနာမှုဆိုင်ရာ အကူအညီတွေ ရရှိနိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ အကြောင်းအရာတွေ ပါဝင်လိမ့်မယ်လို့ ကော်မရှင်က အသိပေးထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့တာဝန်ပေးချက် အရ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Mr. Kofi Annan ဦးဆောင်ပြီး နိုင်ငံတကာပညာရှင် ၃ ယောက် မြန်မာပညာရှင် ၆ ယောက်တို့ ပါဝင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို ၂၀၁၆ ခုနှစ် သြဂုတ်လမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG