ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းမှုကြောင့် အရပ်သားတွေပါ သေဆုံးမှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် လွန်စွာစိုးရိမ်မကင်းဖြစ်မိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres က မနေ့ တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။
တချိန်တည်းမှာပဲ ဘေးကင်းလုံခြုံရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကိုလည်း ဆက်ပြီး လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကို မေတ္တာရပ်ခံလိုက်ပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကိုဆက်ပြီးပြောပြမှာပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ (၂၅)ရက်နေ့က လုံခြုံရေးစခန်းတွေကို အကြမ်းဖက်သမားတွေ ဝင်ရောက်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Guterres ကပြင်းပြင်းထန်ထန် ရှုတ်ချထားတာပါ။ ဒီအကြမ်းဖက်မှုဖြစ်စဉ်နောက်ပိုင်း လုံခြုံရေးတပ်တွေက နယ်မြေရှင်းလင်းမှုကြောင့် အရပ်သားတွေပါ အသက်သေဆုံးမှုတွေရှိနေတဲ့ အခြေအနေကို အထူးစိုးရိမ်နေကြောင်း အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ မနေ့က ကြေညာချက်ထုတ်ပြန်ရာမှာ နှစ်ဘက်အသိုင်းအဝိုင်းမှာ ဒုက္ခရောက်နေသူအားလုံးကို လိုအပ်တဲ့အကူအညီတွေပေးဖို့ မြန်မာအစိုးရမှာ တာဝန်ရှိတယ်လို့ တိုက်တွန်းထားကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Mathias Gillmann က ဗွီအိုအေကို အခုလို ပြောပါတယ်။
"ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းရေးကာလအတွင်း အရပ်သားပြည်သူတွေပါ အသတ်ခံရတယ်ဆိုတဲ့ သတင်းတွေကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က လွန်စွာစိုးရိမ်မကင်းဖြစ်ပါတယ်။သြဂုတ်လ (၂၅)ရက်နေ့က မြန်မာလုံခြုံရေးတပ်တွေတိုက်ခိုက်ခံခဲ့ရပြီး အခု နောက်ဆုံးတကြော့ အကြမ်းဖက်မှု ဖြစ်ပွားတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုှုတွေကို အတွင်းရေးမှူးချုပ်ကပြစ်တင်ရှုတ်ချပြီး အကြမ်းဖက်မှုဖြစ်ပွားစေတဲ့ အခြေခံအကြောင်းရင်းကို ဖြေရှင်းနိုင်ဖို့ အရေးကြီးတဲ့အကြောင်းနဲ့ ဒုက္ခရောက်ကြသူတွေကို လိုအပ်တဲ့အကူအညီပေးပြီး လုံခြုံရေးဆောင်ရွက်ပေးဖို့ မြန်မာအစိုးရမှာ တာဝန်ရှိကြောင်း ထပ်လောင်းအသိပေးအပ်ပါတယ်။"
ဒါအပြင် ကိုဖီအာနန်ရဲ့အစီရင်ခံစာပါ အကြံပြုချက်တွေကိုလည်း အတွင်းရေးမှူးချုပ်က အပြည့်အဝထောက်ခံပြီး မြန်မာအစိုးရအနေနဲ့ ထိထိရောက်ရောက်အကောင်အထည်ဖေါ်ဖို့ကိုလည်း အတွင်းရေးမှူးချုပ်က တိုက်တွန်းထားပါတယ်။ နောက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်လိုတော့ ပြောခွင့်ရပုဂ္ဂိုလ် Mathias Gillmann ကအခုလိုပြောပါတယ်။
"ဆယ်စုနှစ်ပေါင်းများစွာ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ဘင်္ဂလားဒေရှ်က သဘောထားကြီးစွာ လက်ခံခဲ့တာကိုလည်း အတွင်းရေးမှူးချုပ်က အသိအမှတ်ပြုသလို တချိန်တည်းမှာပဲ အကြမ်းဖက်မှုတွေကနေ ဘေးကင်းလုံခြုံရာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာတွေကို လက်ခံဖို့လည်း အာဏာပိုင်တွေကို မေတ္တာရပ်ခံပါတယ်။ ထွက်ပြေးလာသူအများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ကြပြီး တချို့က ထိခိုက်ဒဏ်ရာတွေရထားတာပါ။"
မြန်မာအစိုးရအနေနဲ့ လူသားချင်းစာနာမှု အေဂျင်စီတွေကို အကူအညီနဲ့ အကာအကွယ်လိုအပ်နေတဲ့ လူအဖွဲ့အစည်းတွေထံကို အဟန့်အတားမရှိ လွတ်လပ်စွာသွားလာခွင့်ပြုရေး အာမခံပေးဖို့ အတွင်းရေးမှူးချုပ်က တောင်းဆိုကြောင်းလည်း Mathias Gillmann ကဆိုပါတယ်။ အခုလိုဆောင်ရွက်ရာမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံလုံးကို ကုလသမဂ္ဂက လိုအပ်တဲ့အကူအညီတွေ ပေးဖို့ အဆင်သင့်ရှိနေကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။
တနင်္ဂနွေနေ့က နိုင်ငံတော်အတိုင်ပင်ခံရုံးကနေ ထုတ်ပြန်တဲ့ ကြေညာချက်တခုမှာ အချို့ INGO ဝန်းထမ်းတွေဟာ အကြမ်းဖက်သမားတွေကို အကူအညီတွေပေးခဲ့ကြောင်းသတင်းတွေထွက်လာပြီး အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေကြောင်း ဖေါ်ပြထားပါတယ်။ ဒီကြေညာချက်ဟာ မြန်မာအစိုးရရဲ့ တာဝန်မဲ့မှုကို ပြနေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကလည်း မနေ့က တုန့်ပြန်ပြောဆိုခဲ့ကြပါတယ်။ အဲဒီထဲက နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာ တာဝန်ခံ John Sifton ကတော့
"မြန်မာအစိုးရက အခုလိုမျိုး သက်သေအထောက်အထားမရှိပဲ စွပ်စွဲဖေါ်ပြချက်ကိုလုံး၀ လက်ခံနိုင်စရာ မရှိပါဘူး။ အထူးသဖြင့် ဒီအဖွဲ့တွေဟာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာနဲ့ရခိုင် လူမှုအသိုင်းအဝိုင်းနှစ်ဘက်လုံးကို လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ ပင်ပမ်းခံ မနားမနေကြိုးစားဆောင်ရွက်နေတာပါ။ တကယ်တမ်းမှာ ဒီလိုအကူအညီတွေကို အစိုးရက လုပ်ဆောင်ရမှာဖြစ်ပါတယ်။ တကယ်လို့သာ အစိုးရက သူ့တာဝန်ဖြစ်တဲ့ နိုင်ငံသားဥပဒေပြင်ဆင်ဖို့၊ တရားဥပဒေစိုးမိုးရေးရှိဖို့၊ အမျိုးသားရင့်ကြားစေ့ရေး စတာတွေကို ကျေပွန်အောင်ဖြေရှင်းပေးမယ်ဆိုရင် ဒီလို မတည်မငြိမ်တာတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။"
မေယုတောင်ပေါ်က အကြမ်းဖက်သမားတွေ ခိုအောင်းတဲ့ စခန်းချရာတဲတွေမျာ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဖြန့်ဝေတဲ့ စွမ်းအားမြင့်ဘီစကစ်တွေ တွေ့ရှိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြတာနဲ့ ပတ်သက်လို့ WFP အနေနဲ့ အသေးစိတ်အချက်အလက်တွေသိရှိလိုကြောင်း မြန်မာအစိုးရကို အကြောင်းကြားထားတယ်လို့ WFP က သတင်းဌာနတွေကို တုန့်ပြန်တဲ့ အီးမေးလ်မှာ ရေးသားထားပါတယ်။
ဒါအပြင် အဲဒီကြေညာချက်မှာ အကြမ်းဖက်သမားတွေ၊ အကြမ်းဖက်အုပ်စုတွေလို့ အစိုးရက တရားဝင်ကြေညာထားတဲ့အတွက် Insurgents သူပုန်ဆိုပြီး အမျိုးအမျိုး ရေးသားဖေါ်ပြချက်တွေကို သတင်းမီဒီယာတွေအနေနဲ့ သတိထားကြဖို့ ဖေါ်ပြထားပါတယ်။