သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံကလေးစစ်သားဟောင်း ပြန်လွှတ်ဖို့ HRW တောင်းဆို


မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့အခမ်းအနားတွင် တွေ့ရစဉ်။ (စက်တင်ဘာလ ၂၀၁၂)
မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့အခမ်းအနားတွင် တွေ့ရစဉ်။ (စက်တင်ဘာလ ၂၀၁၂)

ကလေးစစ်သားဖြစ်ခဲ့သူ ကိုအောင်ကိုထွေးကို ဖမ်းဆီးထားတာကနေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအနေနဲ့ တောင်းဆိုဖို့ HRW လူ့အခွင့်အရေးအဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။ RFA လွတ်လပ်တဲ့အာရှအသံ မြန်မာဌာနရဲ့ ရုပ်မြင်သံကြားအစီအစဉ်တခုမှာ ကလေးစစ်သားဘဝက အတွေ့အကြုံတွေကို ပြန်ပြောင်း ပြောပြခဲ့တာကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ သူ့ကို ဖမ်းဆီးခဲ့တာပါ။ ဒီအကြောင်း ကိုအောင်အောင်က တင်ပြထားပါတယ်။

ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရတဲ့ ကိုအောင်ကိုထွေးရဲ့ဘဝအကြောင်း ရုပ်မြင်သံကြား အစီအစဉ်တခုကို သြဂုတ်လ ၁၀ ရက်နေ့ RFA လွတ်လပ်တဲ့အာရှအသံ မြန်မာဌာနကနေ တင်ဆက်ခဲ့ပါတယ်။ ဒီအစီအစဉ်မှာ ကလေးစစ်သားအဖြစ် တာဝန်ထမ်းဆောင်စဉ်က ဒုက္ခတွေ ရင်ဆိုင်ခဲ့ရပုံကို ကိုအောင်ကိုထွေးက စေ့စေ့စပ်စပ် မြင်သာအောင် ပြောပြခဲ့တာကြောင့် သူ့ကို ဖမ်းဆီးခဲ့တာပါ။ ဒါဟာ စစ်တပ်အနေနဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်အပေါ် အလေးထားအသိအမှတ် မပြုတာကို ပြသတာဖြစ်ပြီး ကိုအောင်ကိုထွေးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ တောင်းဆိုဖို့ HRW လူ့အခွင့်အရေးအဖွဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က တိုက်တွန်းလိုက်ပါတယ်။

" နိုင်ငံတကာအသိုင်းအဝိုင်း၊ UNICEF ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့၊ နယူးယောက်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးအနေနဲ့ အောင်ကိုထွေးကို ဖမ်းဆီးထိန်းသိမ်းထားရာကနေ ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုပေးဖို့ တိုက်တွန်းပါတယ်။ ဒီလို စွဲချက်တင်တာဟာ ဘာမှ ကြိုးကြောင်းဆီလျော်မှုမရှိသလို သူ့အနေနဲ့ ဘာတွေ ရင်ဆိုင်ကြုံတွေ့ရတယ်ဆိုတာကို ပြန်ပြောတာကြောင့် ဖမ်းဆီးလိုက်တာဟာ အဓိပ္ပါယ်မရှိပါဘူး။ သူ့အပေါ် စွဲချက်တင်သူအနေနဲ့ရော မြန်မာ့တပ်မတော်အနေနဲ့ ဒီလုပ်ရက်အတွက် ရှက်သင့်ပါတယ်။"

သြဂုတ်လ ၁၈ ရက်နေ့ညပိုင်းမှာ ကိုအောင်ကိုထွေးကို ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၂၀ ကျော်နဲ့ လာရောက်ဖမ်းဆီးတာဖြစ်တယ်လို့ ကိုအောင်ကိုထွေးအမဖြစ်သူ မနေဇာထွန်းကပြောပါတယ်။ တရားလိုကတော့ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ကိုအောင်ကိုထွေးကို သြဂုတ်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းအထိ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားပြီး ညနေပိုင်းမှာတော့ အင်းစိန်အကျဉ်းထောင်ကို ပို့လိုက်ပြီး လာမယ့်စက်တင်ဘာ ၁ ရက်နေ့မှာတော့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေးမှာပါ။ အခုလိုမျိုး လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်အပေါ် ကန့်သန့်တဲ့ ဥပဒေမျိုး ဖျက်သိမ်းပစ်ဖို့ အစိုးရအနေနဲ့ ဆောင်ရွက်သင့်ကြောင်းလည်း Phil Robertson က ထောက်ပြပါတယ်။

"လွှတ်တော် ၂ ရပ်လုံးမှာ နိုင်ငံရေးအကျဉ်းသားဟောင်း အများအပြားပါဝင်တဲ့ ဒီမိုကရက်တစ်ပါတီ တရပ်က အများစုဖြစ်နေချိန်မှာ ဒီဥပဒေဘာကြောင့် ဆက်တည်ရှိနေသေးလဲ ဆိုတာ မေးခွန်းထုတ်စရာပါ။ NLD အနေနဲ့ ဒီလိုဥပဒေမျိုးကို ဖျက်သိမ်းပစ်ဖို့ လွန်ခဲ့တဲ့တနှစ်ကျော်ကတည်းက ဦးတည်လုပ်ဆောင်သင့်ပါတယ်။ ဒီဥပဒေ ရှိနေသမျှ တပ်မတော်က ဆက်အသုံးချနေပြီး သူတို့အပေါ် ဆန့်ကျင်သူမှန်သမျှကို ဒီဥပဒေအသုံးပြုပြီး ဆက်ဖိနှိပ်သွားမှာပါ။ ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကို ဒီလိုဥပဒေမျိုးဖျက်သိမ်းပစ်ဖို့နဲ့ ကိုယ့်ဘဝအကြောင်း ပြောပြလို့ စွဲချက်တင် ဖမ်းဆီးခံရသူတွေကို လွှတ်ပေးဖို့ အားလုံးဝိုင်းတောင်းဆိုသင့်ပါတယ်။"

လွန်ခဲ့တဲ့ ဇွန်လကုန်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့ ၂၀၁၇ ခုနှစ် နိုင်ငံတကာ လူကုန်ကူးမှုဆိုင်ရာအစီရင်ခံစာမှာတော့ မြန်မာနိုင်ငံကို လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု လုံးဝမရှိတဲ့နိုင်ငံ Tier 3 အဆင့်ကနေ စောင့်ကြည့်ခံနိုင်ငံ Tier 2 အဆင့်ကို ပြောင်းလဲသတ်မှတ်ပေးလိုက်ပါတယ်။ ကလေးစစ်သားစုဆောင်းမှုတွေ လျော့ကျသွားအောင် မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်တာကြောင့် တိုးတက်မှုတွေရှိတယ်ဆိုပြီး အဲဒီလို အဆင့်ပြောင်းလဲသတ်မှတ်လိုက်တာပါ။ ဒါပေမယ့်လည်း အဲဒီလို ပြောင်းလဲပေးဖို့ မသင့်သေးကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြပြောဆိုနေတဲ့ကြားမှာပဲ အမေရိကန်အစိုးရက မြန်မာနိုင်ငံကို ကလေးစစ်သားအသုံးပြုတဲ့ နိုင်ငံများစာရင်းကနေ ပယ်ဖျက်ပေးခဲ့ပါတယ်။

"မြန်မာစစ်တပ်ရဲ့ ဒီလုပ်ရပ်ဟာ အခြေအနေကို ခြုံငုံပြီး မစဉ်းစားပဲ စာရင်းထဲက ပယ်ဖျက်ပေးလိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဆုံးဖြတ်ချက်ကို အသိအမှတ်မပြုကြောင်း ပြသလိုက်တာပါ။စစ်တပ်အနေနဲ့ ဖိနှိပ်မှုတွေ၊ ကလေးစစ်သား စုဆောင်းမှုတွေ ဆက်လုပ်နေတာကြောင့် အဲဒီစာရင်းထဲကနေ မြန်မာနိုင်ငံကို ပယ်ဖျက် မပေးဖို့ ပြောဆိုခဲ့ပေမယ့် ကျနော်တို့ရဲ့ အကြံပေးမှုကို နိုင်ငံခြားရေးဌာနက လက်မခံခဲ့ပါဘူး။ ဒါဟာ တပ်မတော်အနေနဲ့ ဒီလိုဖမ်းဆီးမှုတွေ ဆက်လုပ်နေလည်း ဘာမှမဖြစ်ဘူးဆိုတဲ့ အရိပ်အယောင်မျိုး ပြသလိုက်တာဖြစ်တာကြောင့် အခုလို ဖမ်းဆီးမှု ထပ်ဖြစ်တာပါ။"

ကိုအောင်ကိုထွေးဟာ ၂၀၀၅ ခုနှစ် အသက် ၁၄ နှစ်အရွယ်မှာ နေပြည်တော်ကနေ ရန်ကုန်ကို ပြန်အလာ ရန်ကုန်ဘူတာကြီးမှာ ကလေးစစ်သားအဖြစ် မတရားဖမ်းဆီးပြီး စစ်သားစုဆောင်းရေး တပ်ဖွဲ့ကိုပို့ဆောင်ခံရပါတယ်။ ဒီနောက် စစ်တပ်ကနေ တခြားသူနဲ့ အတူထွက်ပြေးလာချိန်မှာ အတူထွက်ပြေးသူတဦးက ဆိုင်ကယ်ပိုင်ရှင်တဦးကို သတ်ဖြတ်ပြီး အဲဒီဆိုင်ကယ်နဲ့ ထွက်ပြေးလာခဲ့ပြီးနောက် ပြန်ဖမ်းဆီးခံရပါတယ်။ အဲဒီနောက်တော့ သေဒဏ်၊ တသက်တကျွန်း၊ ထောင်ဒဏ် ၁၀ နှစ် အထိ ပြောင်းလဲကျခံခဲ့ရပြီးနောက် ဇူလိုင်လဆန်းပိုင်းက မန္တလေးအိုးဘိုထောင်ကနေ ပြန်လွှတ်မြောက်လာတာပါ။ ပုဒ်မ ၅၀၅ (ခ) အရ ပြစ်မှုထင်ရှားရင်တော့ ကိုအောင်ကိုထွေးဟာ ထောင်ဒဏ် ၂ နှစ်ထိ ကျခံရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG