သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလမဟာမင်းကြီးရဲ့ အသုံးအနှုန်း မြန်မာ ပြင်းထန်စွာကန့်ကွက်


ရခိုင်ပြည်နယ် ဘူးသီးတောင်က မြန်မာ အစိုးရ လုံခြုံရေးဂိတ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်က မြန်မာ အစိုးရ လုံခြုံရေးဂိတ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra'ad al-Hussein က မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်စုပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံး သတ်ဖြတ်မှု လုပ်နေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်နဲ့ ပတ်သက်ပြီး ဂျီနီဗာဆိုင်ရာ မြန်မာအစိုးရ ကိုယ်စားလှယ်က ပြင်းပြင်းထန်ထန် ကန့်ကွက် ပယ်ချ လိုက်ပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြတားတာပါ။

မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်စုပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံး သတ်ဖြတ်မှု လုပ်နေတယ်ဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra'ad al-Hussein ရဲ့စွပ်စွဲပြောဆိုချက်နဲ့ ပတ်သက်လို့ ဂျနီဗာ ကုလ လူ့အခွင့်အရေးကောင်စီမှာ မြန်မာအစိုးရ ကိုယ်စားလှယ်က စက်တင်ဘာ ၁၂ ရက် အင်္ဂါနေ့မှာ ပြင်းပြင်းထန်ထန် ကန့်ကွက် ပယ်ချလိုက်ပါတယ်။ ဒီလို ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်မျိုးကို မြန်မာနိုင်ငံ အနေနဲ့ ကျူးလွန်မှာ မဟုတ်ဘူးလို့ ဂျနီဗာဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးထင်လင်းက တုန့်ပြန်လိုက်ပါတယ်။

“ လူသားမျိုးနွယ်စုပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံး သတ်ဖြတ်မှုဆိုတဲ့ အသုံးအနှုန်း တွေဟာ သိပ်ကို ကြီးလေးတဲ့ အဓိပ္ဗါယ်တွေကို ဖေါ်ဆောင်တာ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်း တွေကို တာဝန် အရှိဆုံးနဲ့ အသုံးပြုဖို့ လိုအပ်သလို ဒီလိုမျိုး ပြစ်မှုတွေကို တရားရေး စနစ်အရနဲ့ ဥပဒေအရ ခိုင်မာတဲ့ အကြောင်းရင်းတွေ ပေါ်မှာ အခြေခံပြီး အသုံးပြုသင့် ပါတယ်။ ဒီမိုကရေစီ ကျင့်သုံးတဲ့ မြန်မာနိုင်ငံ အနေနဲ့ ဒီလိုမျိုး ရက်စက်တဲ့ ကျူးလွန် ချိုးဖေါက်မှုတွေကို ဘယ်တော့မှ သည်းခံမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ မနေ့က လူ့အခွင့်အရေး မဟာမင်းကြီး အသုံးပြုခဲ့တဲ့ အသုံးနှုန်းတွေကို မြန်မာနိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ”

ဒီလို စွပ်စွဲပြောဆိုမှု တွေကြောင့် ကုလသမဂ္ဂ အပေါ်မှာသာ ယုံကြည်မှု ထိခိုက်စေမှာ ဖြစ်ပြီး မြန်မာနိုင်ငံက လူ့အဖွဲ့အစည်းတွေကြား ပိုပြီး စိတ်ဝမ်းကွဲစေလိမ့်မယ်လို့ သံအမတ်ကြီး ဦးထင်လင်းက ထောက်ပြပါတယ်။

“ ခိုင်မာတဲ့ သက်သေ အထောက်အထား မရှိဘဲ ဒီလိုမျိုး အသုံးအနှုန်း တွေကို အသုံးပြုခြင်းဟာ ကုလသမဂ္ဂ အပေါ် ယုံကြည်လေးစားမှုကို ထိခိုက်စေမှာ ဖြစ်တဲ့ အပြင် လက်တွေ့ အခြေအနေ မှာလည်း မီးလောင်ရာ လေပင့် ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေ ကြားမှာလည်း စိတ်ဝမ်း ကွဲမှု ပိုမိုကြီးမားနိုင်ပြီး နိုင်ငံတကာ လူ့အဖွဲ့အစည်း ကိုလည်း အထင်အမြင် မှားစေပါတယ်။ ARSA လို့ခေါ်တဲ့ အကြမ်းဖက် အုပ်စုကတော့ တတိယနိုင်ငံ တွေမှာ ပြန်လည် အခြေချ ပေးမယ်ဆိုတဲ့ အတုအယောင် မျှော်လင့်ချက်ပေးပြီး လူတွေကို သူတို့ နေအိမ်တွေကနေ ထွက်ပြေးစေဖို့ လှုံ့ဆော်ခဲ့ကြတာ ဖြစ်ပါတယ်။”

သြဂုတ် လကုန်ပိုင်း တကြော့ပြန် ဖြစ်လာတဲ့ ရခိုင်မြောက်ပိုင်း အရေးကြောင့် ဒေသခံ မွတ်ဆလင် (၃သိန်း ၇သောင်း)လောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရတယ် ဆိုပြီး နိုင်ငံတကာရဲ့ ဖိအားတွေ တိုးလာနေတာပါ။ လူ့အခွင့်အရေး မဟာမင်းကြီး Zeid က သူ့အခေါ် ရိုဟင်ဂျာတွေပေါ် မြန်မာလုံခြုံရေး တပ်တွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဆင်ရေး လုပ်နေတယ်လို့ တနင်္လာနေ့က ပြောခဲ့တာပါ။

ဂျနီဗာဆိုင်ရာ ဘင်္ဂလားဒေရှ့် သံအမတ် Shameem Ahsan ကလည်း မြန်မာလုံခြုံရေး တပ်တွေရဲ့ လုပ်ရပ်ပေါ် ခုလို ဝေဖန်သွားပါတယ်။

“ မြန်မာ လုံခြုံရေး တပ်တွေရဲ့နယ်မြေရှင်းလင်းရေး ဆိုတဲ့ စစ်ဆင်ရေးကြောင့် နေအိမ်ပေါင်း (၁) သောင်းကျော် မီးရှို့ခံရသလို ခုချိန်ထိ ရိုဟင်ဂျာ (၃) ထောင်ကျော် အသတ်ခံခဲ့ ရပါတယ်။ သူတို့ဟာ အပြစ်မဲ့ အရပ်သားတွေ ဖြစ်ပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေရော သက်ကြီးရွယ်အိုတွေပါ ပါဝင်ကြတာပါ။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အစွန်းရောက် ဗုဒ္ဓဘာသာ ဘုန်းကြီး တွေက သူတို့ကို လက်လွတ်စပယ် ပစ်ခတ်တာမျိုး အဓမ္မပြုကျင့်တာမျိုး ရိုက်နှက် ညှင်းပန်းတာ မျိုးတွေလည်း လုပ်ပါတယ်။ ဒီလို လုပ်ရပ်တွေက လူသားမျိုးနွယ်စုပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ကျူးလွန်ရာ ရောက်စေပါတယ်။”

လူ့အခွင့်အရေး ကောင်စီဆိုင်ရာ ဂျနီဗာ ပါကစ္စတန် သံအမတ်ကြီး Farukh Amil ဟာ OIC ကိုယ်စားအဖွဲ့ရဲ့ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။ သူတို့ အခေါ် ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်မှုတွေကို လက်မခံနိုင်ကြောင်း ပြောပါတယ်။

“ သဘာပတိကြီး ခင်ဗျာ - လက်ရှိဖြစ်ပွားနေတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် သုတ်သင်ရှင်းလင်း လုပ်ရပ်တွေကို ကျနော်တို့ လက်မခံနိုင်ပါဘူး။ မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ကျူးလွန်နေတဲ့ လူသားမျိုးနွယ်စုပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကာကွယ်တားဆီးဖို့ အတွက် OIC အဖွဲ့ အတွင်းမှာရေး အပြင်မှာပါ သက်ဆိုင်သူ အားလုံးနဲ့ ဆွေးနွေးပြီး အတူတကွ လက်တွဲဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်တဲ့အခါ သူတို့အားလုံးအတွက် ပြန်လည် ထူထောင်ရေးတွေ လုပ်ပေးဖို့နဲ့ သူတို့ရဲ့ အသက်ရှင် နေထိုင်ရေး၊ ဘဝရပ်တည်နိုင်ရေး အခြေအနေတွေကို ဖန်တီးပေးဖို့ ကိစ္စတွေလည်း OIC က လုပ်ဆောင်သွားဖို့ ရှိပါတယ်။”

Arakan Rohingya Salvation Army (ARSA) လို့ခေါ်တဲ့ အကြမ်းဖက် အဖွဲ့က သြဂုတ်လ (၂၅) ရက်နေ့မှာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် ဒေသတွေမှာရှိတဲ့ ရဲကင်းစခန်းတွေကို တပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင် တဒါဇင်လောက်နဲ့ အတူ အရပ်သား တချို့ သေဆုံးခဲ့ရ ပါတယ်။ အဲဒီ နောက်ပိုင်း အကြမ်းဖက်မှု နှိပ်နင်းရေး အဖြစ် မြန်မာ လုံခြုံရေး တပ်တွေက နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးကို လုပ်လာခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG