သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခတွေအတွင်း သေဆုံးသူ တစ်ထောင်ကျော်လောက်အထိ ရှိနိုင်တယ်လို့ Yanghee Lee ပြော


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေအတွင်း သေဆုံးသူ အရေအတွက်ဟာ တထောင်ကျော်လောက်အထိ ရှိနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။

လူတထောင်နဲ့ တထောင်ကျော်လောက် သေဆုံးကောင်း သေဆုံးနိုင်တယ်လို့ဆိုတဲ့ ခန့်မှန်းချက်ကို လက်ခံကြောင်းနဲ့ သေဆုံးမှုတွေထဲမှာ ၂ ဘက်စလုံးက ပါဝင်နေပေမဲ့ လည်း အများစုကတော့ ရိုဟင်ဂျာတွေ ဖြစ်လိမ့်မယ်လို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က AFP သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုလိုက်တာပါ။ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ နောက်ဆက်တွဲ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ မောင်တောဒေသမှာ သေဆုံးသူ စုစုပေါင်းဟာ တထောင်ကျော်လောက်အထိ ရှိနေနိုင်တယ်လို့ ဆိုတဲ့ ခန့်မှန်းချက်ဟာ မြန်မာအစိုးရက တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းထက် ၂ ဆလောက် ပိုများနေပါတယ်။

မြန်မာအာဏာပိုင်တွေကတော့ ပဋိပက္ခတွေအတွင်း သေဆုံးသူ လုံခြုံရေးဝန်ထမ်းတွေ၊ အရပ်သားတွေနဲ့ အကြမ်းဖက်သမားတွေ စုစုပေါင်းဟာ ၄၀၀ ကျော်ရှိကြောင်း ပြောဆိုထားပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးကတော့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာသူ အရေအတွက်ဟာ အခုဆိုရင် ခန့်မှန်းချေ ၂ သိန်း ၇ သောင်းလောက်အထိ ရှိနေပြီလို့လည်း ဒီကနေ့ပဲ ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကြား စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေတာပါ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတော့ နိုင်ငံတွင်းမှာ ရှိနေသူတွေဟာ နိုင်ငံသား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတာကြောင့်၊ ပဋိပက္ခဖြစ်ရာဒေသက လူအားလုံးကို စောင့်ရှောက်ကူညီနိုင်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းနေတဲ့အကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG