သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yanghee Lee အပေါ် ပြည်သူ့လွှတ်တော် အပြင်းအထန်တုံ့ပြန်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အဆုံးသတ်ခဲ့တဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သတ်တဲ့ ထုတ်ပြန်ချက်တွေအပေါ် ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ အပြင်းအထန် ဝေဖန်လိုက်ကြသလို၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ရခိုင်ပြည်နယ်တွင်း လာရောက်ခွင့် မပြုဖို့အထိပါ လွှတ်တော်ကိုယ်စားလှယ် တချို့က တိုက်တွန်း လိုက်ကြပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ထင်ဟပ်မှုမရှိတဲ့အတွက် အစိုးရက သံတမန်ရေးအရ ပြင်းပြင်းထန်ထန် တုံ့ပြန်မှာဖြစ်ကြောင်းလည်း အစိုးရက ဒီကနေ့ လွှတ်တော်ရှေ့မှောက် ကတိပြုပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုစည်သူက သတင်းပေးပို့ထားပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ရဲ့ မြန်မာနိုင်ငံနောက်ဆုံး ခရီးစဉ်နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်ကို လွှတ်တော်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၄က အရေးကြီး အဆိုတင်သွင်းခဲ့တာ့ဖြစ်ပြီး ဒီအဆိုကို ဒီကနေ့လွှတ်တော်မှာ ဆွေးနွေးချိန်မှာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ခုလို တ့ုံပြန်ပြောဆို လိုက်တာဖြစ်ပါတယ်။

“မစ္စယန်ဟီးလီ ရဲ့ကနဦး ထုတ်ပြန်ပြောကြားချက်များ အရ၇၂ကြိမ်မြောက် ကုလအစီရင်ခံစာမှာသူမတင်သွင်းမယ့်အချက်တွေဟာ မျှတမှုမရှိတဲ့တဖက်စောင်းနင်း သုံးသပ်ချက်များပါဝင်လာနိုင်တဲ့အတွက်မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ပေါ်လာမယ့်စိုးရိမ်စိတ်တွေဟာ ခိုင်လုံပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အစီရင်ခံစာမှာ ပါဝင်လာမယ့်စွတ်စွဲချက် တွေနဲ့ ပတ်သက်ပြီးတော့ လိုအပ်တဲ့ စိစစ်မူများပြုလုပ်ပြီးတော့ လိုအပ်သော အရေးယူမှု တုံပြန်မှုများ ပြုလုပ်သွားရမှာဖြစ်ပါတယ်။”

ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်ရဲ့ပြီးခဲ့တဲ့ရက်ပိုင်းမြန်မာပြည် ခရီးစဉ်အပြီး ထုတ်ပြန်ချက်ထဲမှာ လက်ရှိ NLDအစိုးရဟာ အရင်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်တဲ့နည်းတွေအတိုင်း ဆက်လက်ကျင့်သုံးနေတယ်လို့ ပြောဆိုထားသလို လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေကလည်းထင်သာမြင်သာ အမှန်တကယ် တိုးတက်မှု မရှိဘူးလို့ ပြောဆိုခဲ့တာပါ။

မစ္စ ရန်ဟီးလီရဲ့ကြေညာချက် ထုတ်ပြန်အပြီး မှာသူမရဲ့ သုံးသပ်ချက်ကို စိတ်ပျက်ကြောင်း မြန်မာ အစိုးရက တ့ုံပြန် ပြောဆိုထား သလိုအခုတရားဝင် ထပ်မံတ့ုံပြန်မှာ ဖြစ်ကြောင်း လွှတ်တော်မှာလည်း ပြောကြားခဲ့တာပါ။

ဒီကနေ့ လွှတ်တော်မှာ ပါတီစုံက လွှတ် တော်ကိုယ်စားလှယ်တွေကလည်း ဒီသုံးသပ်ချက်ကိုပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး ရခိုင်ပြည်နယ် ဘူးသီးတောင် မဲဆန္ဒနယ်က လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ ကတော့ကုလ သမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ဟာ လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး လုပ်ကိုင်နေကြတဲ့ အတွက်ရခိုင်ပြည်နယ်ထဲကိုလာခွင့် မပေးဖို့ တောင်းဆိုခဲ့ပါတယ်။
“ရခိုင်အရေးဟာ မြန်မာနိုင်ငံအစိုးရနဲ့ နယ်မြေရယူလိုသူ ဘင်္ဂါလီ အစွန်းရောက်တွေအကြားဖြစ်ပေါ်နေတဲ့ ကိစ္စမှာ ကုလ သမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့တွေက ဝင်ရောက်စွပ်ဖက်နှောက်ယှက်နေတဲ့ ပြဿနာ ဖြစ်ကြောင်းတင်ပြလိုပါတယ်။ ကုလ သမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ ပြည်ထောင်စုအစိုးရနဲ့ ဘယ်လိုပဲ သဘောတူညီမှု တွေနဲ့ MOU လုပ်ပြီးလာတယ်ဆိုတာ ဒေသခံ အာဏာပိုင်အဖွဲ့တွေနဲ့ ၊ ဒေသခံတိုင်းရင်းသားပြည်သူတွေက မသိကြပါဘူး။ သူတို့ဝန်ထမ်းတွေနဲ့ သူတို့သွားချင်တဲ့နေရာသွား၊ လုပ်ချင်သလိုလုပ်နေကြတဲ့ ကျနော်တို့ ရခိုင်လိုဒေသနေရာမျိုးမှာ ဒီအဖွဲ့တွေရှိနေခြင်းဟာ ဒေသအတွင်းပြဿနာဖြစ်အောင် ပဋိပက္ခဖြစ်အောင် တမင်ဖန်တီးပေးသလိုဖြစ်နေပါတယ်။ ဒါကြောင့် ရခိုင်ဒေသအတွင်း ပြဿနာ ပဋိပက္ခမ ဖြစ်အောင် ကုလ သမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများကို တားဆီးပေးပါရန် အကြံပြုလိုပါတယ်။”

အပြုသဘောဆောင် ဖော်ပြတာမရှိဘဲ အခြေအမြစ်မရှိ တဲ့စွပ်စွဲမှုတွေ ပါနေတဲ့အတွက် အစိုးရဘက်က ပြတ်ပြတ်သားသား ကန့်ကွက်ဖို့ မင်းကင်းမဲဆန္ဒ နယ်က ကြံ့ခိုင်ရေး ပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့် တင်ပြသွားပါတယ်။


“ကျနော်တို့က အချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံပါ။ UNကဖြစ်စေ၊ နိုင်ငံတကာကဖြစ်စေသူတို့ကပေးတဲ့ Non-binding resolution တွေ Pressure တွေကိုဤသည်မရွေး လုပ်ခိုင်းတိုင်း လိုက်လုပ်နေရင်တော့ ဗိုလ်ချုပ်ပြောတဲ့နိုင်ငံလိုဖြစ်တော့မှာ မလွဲပါဘူး။ ဒါကြောင့် ယန်ဟီးလီအစီရင်ခံစာကို ပြင်းထန်စွာ ကန့်ကွက်တဲ့အဆိုကို လေးလေးနက်နက်ထောက်ခံပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ လွှတ်တော်မှာဒီလောက် ဆွေးနွေးတာနဲ့ဘဲ ကျေနပ်မနေဘဲ သံတမန်မျက်နှာစာကနေပြီး တော့အမျိုးအကျိုးစီးပွားနဲ့အချုပ်အခြာကို ကာကွယ်ဖို့ တိုက်တွန်းကြောင်း ဥက္ကဋ္ဌကြီးမှ တဆင့် လေးစားစွာတင်ပြလိုပါတယ်ခင်ဗျ။”

တခြမ်းပဲ့ အစီရင်ခံစာတွေနဲ့ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေကို ဖုံးကွယ်ဖို့ လုပ်ဆောင်လာတာတွေကို အကောင်းဆုံး တုံ့ပြန်နိုင်ဖို့ အတွက် ကုလသမဂ္ဂမှာ သတင်းထုတ်ပြန်ပေးမယ့် အဖွဲ့တခု ထားရှိဖို့အပြင် တခြားလုပ်ဆောင်သင့်တာတွေကို ပြောဆို တင်ပြသွားသူက ကလော မဲဆန္ဒနယ်က ဒေါ်ပြုံးကေသီနိုင်ပါ။

“ ရခိုင်အရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသော နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ဝင်ဆန့်လေးစားရတဲ့ ပုဂ္ဂိုလ်တွေပါတဲ့ Special Envoy များကို လိုအပ်သလို ကုလသမဂ္ဂသို့ အခါအား လေ ျှာ်စွာ စေလွှတ်ပြီး တိုက်ရိုက်ဆက်သွယ်သောနည်းလမ်းများကိုလည်း အသုံးပြုဖို့လိုသလို ကုလသမဂ္ဂရုံးစိုက်ရာ New York မြို့မှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး နောက်ဆုံးရသတင်းများ ၊ အစိုးရရဲ့ ဆောင်ရွက်ချက်များကို လိုအပ်သလို အချိန်နှင့်တပြေးညီပြန်ကြားပေးနိုင်သော အထူးဌာနစိတ်များ ဖွင့်လစ်ခြင်းများလည်း ပြုသင့်ကြောင်း အကြံပြုလိုပါတယ်။”

ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Mrs. ယန်ဟီးလီ ရဲ့ မြန်မာနိုင်ငံနောက်ဆုံး ခရီးစဉ်နဲ့ပတ် သတ်ပြီး ထုတ်ပြန်ချက်ကို လွှတ်တော်မှာ NLDပါတီက အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာ က အရေးကြီးအဆို တင်သွင်းခဲ့တာ ဖြစ်ပြီး တခြားဘယ်ပါတီကမှ ကန့်ကွက်တာမရှိခဲ့ပါဘူး။ ဒီကနေ့ လွှတ်တော် ဆွေးနွေးပွဲမှာ NLD ပါတီက ကိုယ်စားလှယ်တွေ အပြင် အတိုက်အခံ ကြံခိုင်ရေးပါတီ၊ ရခိုင်အမျိုးသား ပါတီ နဲ့ တပ်မတော် အပါအဝင် ကိုယ်စားလှယ် ၁၃ဦး ပါဝင် ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG