သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးအခြေအနေတိုးတက်ဖို့၊ မြန်မာအစိုးရနဲ့ ကုလပူးပေါင်းစေလိုကြောင်း၊ လူထုအခြေပြုအဖွဲ့တွေသုံးသပ်


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဒေါက်တာယန်ဟီးလီ နဲ့ ဒေါ်အောင်ဆန်းစုကြည်
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဒေါက်တာယန်ဟီးလီ နဲ့ ဒေါ်အောင်ဆန်းစုကြည်

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဒေါက်တာယန်ဟီးလီရဲ့ ၁၂ရက်တာမြန်မာပြည်ခရီးစဉ်အပြီး သတင်းထုတ်ပြန်ချက်ဟာ ယေဘူယျဆန်တဲ့စွပ်စွဲမှုတွေနဲ့ မှားယွင်းတဲ့ အချက်အလက်တွေပါတဲ့အတွက် စိတ်ပျက်မိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးကကြေညာချက် ထုတ်လိုက်ပါတယ်။ အခုလိုအစိုးရဘက်က ကုလအထူးကိုယ်စားလှယ်ရဲ့ ပြောဆိုချက်အပေါ် အထူးဂရုပြုပြီး သူတို့ရဲ့အမြင်ကို ချက်ခြင်းတုန့်ပြန်တာဟာ ကောင်းပေမဲ့ နိုင်ငံတကာက စိုးရိမ်နေဆဲ လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်လို့ ဒီမိုကရေစီဖော်ဆောင်မယ့် အရပ်သားအစိုးရလက်ထက်မှာ ကုလနဲ့ ပူးပေါင်းဆောင်ရွက်စေချင်တယ်လို့ တိုက်တွန်းမှုတွေရှိပါတယ်။ သုံးသပ်ချက်အမြင်တွေ မဆုမွန်စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို လာရောက်စုံစမ်းတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ဒေါက်တာ Yanghee Lee ဟာ ၁၂ ရက်တာ ကြာမြင့်ခဲ့တဲ့ သူမရဲ့ ၆ ကြိမ်မြောက် မြန်မာပြည်ခရီးစဉ်အပြီးမှာတော့ သတင်းစာရှင်းလင်းပွဲ တရပ်ကျင်းပခဲ့တာပါ။ အစိုးရသစ်လက်ထက်မှာ တတိယအကြိမ် လာရောက်ခဲ့တဲ့ သူ့ခရီးစဉ်အတွင်း ကန့်သတ်ပိတ်ပင်မှုတချိ့ရှိခဲ့တဲ့အပေါ်နဲ့ အထူးသဖြင့် ရခိုင်ပြည်နယ်ဘက်က လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်လို့ တိုးတက်မှုမရှိဘူးဆိုတာပြောဆိုခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံ အရပ်သားအစိုးရသစ်လက်ထက်မှာ အရင်အစိုးရတွေ ကျင့်သုံးခဲ့တဲ့ နည်းဗျုဟာတချို့ကို ကျင့်သုံးနေဆဲ မြင်ခဲ့ရတာကြောင့် စိတ်ပျက်မိတယ်လို့ပြောသွားပါတယ်။

ဒီအပေါ် မြန်မာအစိုးရဘက်က ဒေါက်တာယန်ဟီးလီရဲ့ ဒီလိုပြောဆိုချက်ဟာ ယေဘူယျဆန်တဲ့ စွပ်စွဲမှုတွေနဲ့ မှားယွင်းတဲ့ အချက်အလက်တွေပါတဲ့အတွက် စိတ်ပျက်မိတယ်ဆိုပြီး ချက်ခြင်းဆိုသလို ကြေညာချက်ထုတ် တုန့်ပြန်ခဲ့ပါတယ်။ အစိုးရရင်ဆိုင်ဖြေရှင်းနေရတဲ့ စိန်ခေါ်မှုအခက်အခဲတွေနဲ့ ဆယ်စုနှစ်နဲ့ချီကြုံခဲ့ရတဲ့ပြည်တွင်းပဋိပက္ခ၊ အထီးကျန်မှု၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရတဲ့ပြသနာတွေကို ဖြေရှင်းနေရတဲ့အခက်အခဲတွေကိုထည့်သွင်းဖော်ပြမယ်လို့ မျှော်လင့်ခဲ့ပေမဲ့ ထည့်သွင်းဖော်ပြခဲ့ခြင်းမရှိဘူးဆိုတာကိုလည်း ပြောဆိုထားပါတယ်။

အခုလို ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့စိတ်ပျက်မိတယ်ဆိုတဲ့ ဝေဖန်ပြောဆိုချက်၊ အစိုးရနိုင်ငံတော်အတိုင်ပင်ခံရုံးဘက်က ချက်ခြင်းဆိုသလို ဒါတွေဟာ အချက်အလက်မှားတွေသာဖြစ်တယ်ဆိုတဲ့ တုန့်ပြန်ချက်တွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးလှုပ်ရှားသူတွေဘက်ကတော့ အမြင်အမျိုးမျိုးနဲ့ သုံးသပ်မှုတွေရှိနေပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာဦးအောင်မျိုးမင်း ဒီလိုအပြန်အလှန်ပြောဆိုချက်တွေအပေါ် အခုလို သုံးသပ်ပါတယ်။

“အကောင်းဘက်ကလည်းတွက်သလို ကျနော် တခါတလေ အဆိုးဘက်ကလည်း ၂ ခုစလုံးမြင်နိုင်ပါတယ်။ အကောင်းဘက်ကတော့ Ms. ယန်ဟီးလီ ပြောကြားချက်ကို လက်ရှိအစိုးရအနေနဲ့ ဒါကို သေချာဂရုစိုက်တယ်။ နောက် ဘယ်နေရာတွေမှားသလဲ ဘယ်လိုမျိုးဖြစ်သလဲဆိုတာ သူတို့အယူအဆကို ပွင့်ပွင့်လင်းလင်း ပြန်လည်တုံ့ပြန်မှုက အကောင်းဘက်ကပြောမယ်ဆိုရင် ပြောလို့ ရပါတယ်။ တကယ်လို့ ဒီလိုကိစ္စတွေမှာ မှားယွင်းနေတယ်၊ ဒါမှမဟုတ်လို့ရှိရင် တချို့အချက်အလက်တွေကို မကျေနပ်ဘူးဆိုရင် ပူးပေါင်းလုပ်ဆောင်တဲ့နည်းလမ်းကို ပိုမိုပြီးတော့ ရှာဖွေဖို့ လိုအပ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ Ms. ယန်ဟီးလီ ပြောကြားတဲ့ တချို့အချက်တွေကလည်း မှန်သင့်သလောက်မှန်ပါတယ်။ ဒါကတော့ အရင်လိုပဲ သွားလာခွင့်မရတဲ့ကိစ္စမျိုးတွေရှိသလို ဒီနှစ်အပိုင်းမှာ သွားလာမှုနဲ့ ပတ်သက်လို့ ပိုကန့်သတ်မှုတွေရှိတယ်။ အဲဒီတော့ သူ့တာဝန်ဖြစ်တဲ့ အချက်အလက်တွေစုဆောင်းဖို့ လိုအပ်သလိုမရရှိတဲ့ အချက်တွေ သူတင်ပြသွားပါတယ် အဲဒီတော့ ဒီဟာလေးက ကျနော်တို့ အပြစ်ပြောမယ့်အစား ပိုမိုအားကောင်းပြီးတော့ သတင်းအချက်အလက်တွေ အမှန်တကယ်ရနိုင်တဲ့ နည်းလမ်းကို အဖြေရှာပြီးလုပ်ဆောင်ဖို့အတွက် လိုအပ်တယ်လို့ ထင်ပါတယ်။”

စစ်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေကြောင့် အရပ်သားအစိုးရလက်ထက်မှာတော့ လူ့အခွင့်အရေးအခြေအနေတွေဟာ တိုးတက်လာမယ်လို့ မျှော်လင့်ချက်တွေရှိခဲ့ကြပေမဲ့ စိုးရိမ်နေရဆဲအခြေအနေတွေအပေါ် အစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ရော နိုင်ငံတကာနဲ့ပါ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုအရှိန်မြင့်လုပ်ဆောင်သင့်တယ်လို့ Free Thinker အဖွဲ့က လူ့အခွင့်အရေးလှုပ်ရှားသူ မသိန္နီဦးကရှု့ မြင်ပါတယ်။

“ဒီလူ့အခွင့်အရေးကို ယူကြည်သူတွေအနေနဲ့ကပေါ့နော်၊ အရပ်သားအစိုးရကို လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုတွေ Democratic Practices တွေမှာ ပိုပြီးတော့ လုပ်ဆောင်နိုင်တယ်ဆိုတဲ့ ဂုဏ်သိက္ခာမျိုးရှိဖို့ မျှော်မှန်းခဲ့တယ်ရှင့်။ ဒါကြောင့်မို့လို့ ရခိုင်အရေးပဲဖြစ်ဖြစ်၊ စစ်မက်ရေးရာမှာပဲဖြစ်ဖြစ် အကြမ်းဖက်မှု ကိစ္စတိုင်းမှာ နိုင်ငံတကာရဲ့ ပေတံနဲ့ မှတ်ကျောက်တင် ခံနိုင်တယ်၊ ခံရဲတယ် ဆိုတဲ့ ပူးပေါင်းလုပ်ဆောင်မှုမျိုးကို ကျမတို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အရပ်သားအစိုးရကတော့ ဒီပူးပေါင်းမှုမျိုးကို မလုပ်ဘူးပေါ့နော်။ ကျိုးကြောင်း ပြချက် ခိုင်ခိုင်မာမာမရှိပဲနဲ့ သတင်းရယူမှုကို ပိတ်ဆို့တယ်၊ စုံစမ်းစစ်ဆေးမှုတွေကို ပိတ်ဆို့တယ်ဆိုတော့ ကိုယ်ကပဲ မဟုတ်တာ လုပ်ထားသလိုတောင် ကြာတော့ဖြစ်လာတယ်လို့ ခံစားရတယ်ရှင့် ဆိုတော့ အဲဒီလို ၂ ဦး ၊ ၂ ဘက် ဆက်သွယ်ရေးတွေကလည်း မချောမွေ့တော့ဘူးပေါ့နော်၊ အပြန်အလှန်ကြားမှာရှိတဲ့ ယုံကြည်မှု ၊ လေးစားမှုတွေလည်း ထိခိုက်လာတယ်လို့ မြင်ပါတယ်ရှင့်။

တကယ်လို့သာ ဒီ Fact finding Missions ရော Ms. ယန်ဟီးလီ အထူးစုံစမ်းစစ်ဆေးရေး special rapporteur ကိုရော သေချာ ပူးပေါင်းပြီးတော့ စုံစမ်းစစ်ဆေးခွင့်ပြုလိုက်မယ် ဆိုရင် အကြမ်းဖက်လှုပ်ရှားမှုတွေကိုလည်း တစိတ်တပိုင်းအားဖြင့် ထိန်းသိမ်းစောင့်ရှောက်ရာရောက်တယ်လို့ မြင်ပါတယ်ရှင့်။ ဖြေရှင်းနိုင်တဲ့အခွင့်အလမ်းတွေ အကုန်လုံးက ပိတ်ဆို့လိုက်သလိုဖြစ်သွားတယ်။ ပြီးတော့ အတိုင်ပင်ခံရုံးက ပြန်ဖြေရှင်းတဲ့ ဖြေရှင်းချက်မှာဆိုရင်လည်း မှားယွင်းတဲ့ စွပ်စွဲချက်တွေလို့ပဲ သူတို့ ခြုံငုံပြီးတော့ရေးထားတယ် ဆိုတော့ တိတိကျကျ ဘယ်အချက်တွေကတော့ မှားယွင်းပါတယ်ဆိုတဲ့ ခိုင်မာမှုမျိုး သူတို့မပြောနိုင်တာကိုလည်း တွေ့ရတော့ စိတ်ပူမိတယ်ပေါ့နော်။”

မြန်မာနိုင်ငံတွင်း အထူးသဖြင့် ရခိုင်ပြည်နယ်နဲ့ စစ်ရေးပဋိပက္ခတွေဖြစ်နေဆဲ ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်စတဲ့တိုင်းရင်းဒေသတွေက ချိုးဖောက်ခံနေရဆဲ လူ့အခွင့်အရေးအခြေအနေတွေအပေါ် ကုလနဲ့ နိုင်ငံတကာရဲ့စိုးရိမ်မှုတွေကို အမြင်ရှင်းလင်းအောင် အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့သာ ဖြေရှင်းစေလိုတယ်လို့လည်း ဦးအောင်မျိုးမင်းက အကြံပြုပါတယ်။

“တဖက်က အစိုးရရဲ့ ကျဉ်းကျပ်ဖြစ်နေတဲ့ အရာကိုလည်း ကျနော်သဘောပေါက်တယ်။ ဒါပေမယ့် တဖက်မှာလည်း နိုင်ငံတကာက ဒီကိစ္စနဲ့ ပတ်သက်လို့ အစိုးရ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာကို မျှော်လင့်နေပါတယ်။ အဲဒါကြောင့် ပူးပေါင်းဆောင်ရွက်မှု လုံးဝမရှိပဲနဲ့ မလုပ်ဆောင်ဘူးဆိုရင် ပိုမိုပြီးတော့ အစိုးရပေါ်သံသယရှိလာမယ်။ ပူးပေါင်းဆောင်ရွက်တဲ့ပုံစံမျိုးကို ကျင့်သုံးပေးပါလို့ တိုက်တွန်းချင်ပါတယ်။”

ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကြာမြင့်ခဲ့တဲ့ ဒေါက်တာယန်ဟီးလီရဲ့ ၁၂ရက်တာမြန်မာခရီးစဉ်အတွင်း ရန်ကုန်၊ နေပြည်တော်အပြင်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေထဲက တချို့နေရာတွေဆီ သွားရောက်နိုင်ခဲ့ပေမဲ့ ဒီတခေါက်မှာတော့ စစ်ရေးတင်းမာနေဆဲ ကချင်ဘက်ကိုလည်း မသွားခဲ့ပါဘူး။ ရခိုင်ပြည်နယ်တွင်းက နေရာတချို့နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်နယ်တွင်းက သူမ သွားလိုနေရာတချို့ကို လုံခြုံရေးအခြေအနေအရ သွားခွင့်မရခဲ့ပါဘူး။ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ သူ့ခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အောက်တိုဘာလကျရင် အပြည့်အစုံ အစီရင်ခံ တင်ပြမှာဖြစ်ပါတယ်။

XS
SM
MD
LG