သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ကုလစောင့်ကြည့်မှု ဆက်ရှိသွားမည်


မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေ ထင်သာမြင်သာ အမှန်တကယ်တိုးတက်မှုရှိလာတော့မှ မြန်မာနိုင်ငံအပေါ် စောင့်ကြည့်လေ့လာမှုတွေ အဆုံးသပ်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီအပြောင်းအလဲတွေ ညတွင်းချင်းဖြစ်လာဖို့ မျှော်လင့်ထားလို့မရဘူးလို့ မြန်မာအစိုးရကပြောခဲ့သလိုပဲ ကုလသမဂ္ဂဖက်ကလည်း မြန်မာနိုင်ငံအပေါ် အနီးကပ်လေ့လာစစ်ဆေးမှုတွေ၊ အထူးလေ့လာစောင့်ကြည့်မှုတွေကို ညတွင်းချင်းရပ်ဆိုင်း ဖယ်ရှားလို့မရဘူးလို့ Dr. Yanghee Lee က ပြောခဲ့တာဖြစ်ပါတယ်။ ဒီမိုကရေစီအပြောင်းအလဲတွေ ချက်ချင်းဖြစ်လာဖို့ ဘယ်သူကမှ မျှော်လင့်မထားပေမဲ့ လူ့အခွင့်အရေးပိုင်းမှာ တကယ်တိုးတက်မှုတွေ ရှိလာရမှာဖြစ်တယ်လို့ သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့သတင်းထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။

သူ့ရဲ့ ၁၂ ရက်ကြာ ခရီးစဉ်အတွင်း အခြေအနေတွေပိုဆိုးလာတာကို တွေ့ရှိခဲ့တယ်လို့ Dr. Yanghee Lee ကပြောပါတယ်။ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ပဋိပက္ခတွေစဖြစ်ခဲ့တာ နှစ်ကြာလာပြီဖြစ်လာပေမဲ့ အိုးအိမ်စွန့်ခွာခဲ့ရသူ သိန်းနဲ့ချီရှိနေသေးကြောင်းတေ့ွခဲ့ရသလို ရှမ်းပြည်မြောက်ပိုင်းမှာလည်း အခြေအနေ ပိုဆိုးနေတာသိရတဲ့အတွက် မယုံနိုင်အောင်ဖြစ်ရတယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်ရဲ့ အပြောကို ကုလသမဂ္ဂသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ နောက်ထပ်တိုက်ပွဲတွေ၊ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့စွပ်စွဲချက်တွေအပြင် အရပ်သားတွေအတွက် လုံလောက်တဲ့ ကူညီထောက်ပံ့မှု မရှိဘူးလို့ဆိုပါတယ်။

အရင်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့နည်းတွေကို အခုအစိုးရလက်ထက်မှာ ဆက်သုံးနေတာတေ့ွရတဲ့အတွက် စိတ်ပျက်တယ်လို့ ခရီးစဉ်အပြီးမှာ Dr. Yanghee Lee ကပြောခဲ့တာပါ။ မြန်မာအစိုးရဖက်ကတော့ သူ့ရဲ့သုံးသပ်ချက်တွေထဲမှာ ယေဘုယျဆန်တဲ့ စွပ်စွဲချက်တွေနဲ့ မှားယွင်းတဲ့အချက်များစွာ ပါဝင်နေတဲ့အတွက် စိတ်ပျက်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်မှာလည်း Ms. Yanghee Lee ရဲ့ထုတ်ပြန်ချက်ကို ပြင်းထန်စွာကန့်ကွက်တဲ့ အရေးကြီးအဆိုကို အိမ်မဲမြို့နယ်ကိုယ်စားလှယ်က တနင်္လာနေ့က တင်ခဲ့တာမှာ ကန့်ကွက်သူမရှိ ဆွေးနွေးဖို့သဘောတူခဲ့ကြပါတယ်။ Dr. Yanghee Lee ရဲ့အခုနောက်ဆုံးခရီးစဉ်တေ့ွရှိချက်တွေကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ အောက်တိုဘာလကျရင် အပြည့်အစုံ တင်ပြမှာဖြစ်ပါတယ်။

မြန်မာအပေါ် ကုလစောင့်ကြည့်မှု ဆက်ရှိသွားမည်
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG