သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ် ထုတ်ပြန်ချက် လွှတ်တော်အရေးကြီး ဆွေးနွေးမည်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီရဲ့ ၁၂ ရက်ကြာ မြန်မာခရီးစဉ်အပြီး ထုတ်ပြန်တဲ့ ဖော်ပြချက်တွေနဲ့ပတ်သက်လို့ အပြင်းအထန် ကန့်ကွက်တဲ့အကြောင်း အရေးကြီး အဆိုတရပ်ကို အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်သန္တာက ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ တင်သွင်းလိုက်ပါတယ်။ ဒီအဆိုကို ဆက်လက်ဆွေးနွေးဖို့ ဒီကနေ့ လွှတ်တော်မှာ ဆုံးဖြတ်လိုက်ပြီး မနက်ဖြန်မှာ ဆက်လက် ဆွေးနွေးဖို့ရှိတယ်လို့ ဒေါ်သန္တာက ပြောပါတယ်။ အထူးကိုယ်စားလှယ် ယန်ဟီးလီရဲ့ သတင်းထုတ်ပြန်ချက်အပေါ် ကန့်ကွက်ရတာနဲ့ပတ်သက်လို့ မခင်ဖြူထွေးက မေးမြန်းချိန်မှာ ဒေါ်သန္တာက အခုလို ပြောပါတယ်။

“ဒေါ်သန္တာ။ ။အဲဒီသတင်းထုတ်ပြန်ချက်ကို ကန့်ကွက်ရတဲ့အကျိုးအကြောင်းဖော်ပြချက်က ၃ ချက်ရှိပါတယ်။ နံပတ်၁ ကတော့ နိုင်ငံတော်အစိုးရဆောင်ရွက်နေတဲ့ အမျိုးသားရင်းကြားစေ့ရေးကို မျက်ကွယ်ပြုထားလို့ပါ။ နောက် နံပတ် ၂ ကတော့ ကုလသမဂ္ဂ နဲ့ ပူးပေါင်းဆောင်ရွက်မှု တွေကို လစ်လှူရှုထားလို့ပါ။ နံပတ် ၃ ကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပကတိအခြေအနေတွေကို ထည့်သွင်းဖော်ပြထားမှု မရှိခြင်းတို့ဖြစ်ပါတယ်။

မခင်ဖြူထွေး။ ။ ယန်ဟီးလီရဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့ ဒါက ယေဘုယျဆန်တဲ့ စွပ်စွဲချက်တွေဖြစ်တယ်၊ မှားယွင်းနေတဲ့ ခိုင်လုံမှုမရှိတဲ့ အချက်အလက်တွေ ဖော်ပြထားတယ်ဆိုတာမျိုးကို အရေးကြီးအဆိုထဲမှာ တင်သွင်းထားတယ်လို့ သိရပါတယ်။ အဲဒါက ဘယ်လိုအချက်တွေကို ဆိုလိုတာပါလဲရှင့်။

ဒေါ်သန္တာ။ ။ကျမတင်တဲ့ အရေးကြီးအဆိုထဲမှာ မခိုင်လုံဘူးမပြောပဲနဲ့ မပြည့်စုံဘူးလို့ပြောပါတယ်။ သူ့သတင်းထုတ်ပြန်ချက်ထဲမှာ ပါနေတာကတော့ ကော်မရှင်ရဲ့ အကြံပေးချက်အတိုင်းတော့ လုပ်တယ်၊ ဒုက္ခသည်စခန်း ခုတွေကိုပိတ်နိုင်တယ်၊ သူတို့နေထိုင်တဲ့ ဒေသတွေကို သွားရောက်လိုတယ်လို့ပြောတယ်။ အဲဒီမွတ်စလင်တွေက ဒုက္ခသည်စခန်းတွေမှာပဲ ရှိနေသေးတယ်။ ခွဲခြားပြီးတော့ ဆက်ဆံခံရတယ်ဆိုတဲ့အချက်တွေပါရှိပါတယ်။ အဲဒီအချက်တွေမှာ ကျမတို့ ကြည့်လိုက်ရင် သူတို့နေထိုင်တဲ့အရပ်ဒေသကို ရွှေ့ပေးဖို့ဆိုတဲ့ အကြံပေးကော်မရှင်ရဲ့ အကြံပေးချက်အတိုင်း IDP camp တွေမှာ နေတဲ့သူတွေကို သူနေထိုင်တဲ့ မူလနေရာကိုဖြစ်စေ၊ တခြားနေရာကို ပြောင်းရွေ့ဖို့ဖြစ်စေ နှစ်ဖက်စလုံးအသိုင်းအဝိုင်းကို ကူညီပေးသင့်တယ် ဆိုပြီးပြောတဲ့အတွက်ကြောင့် အစိုးရက ကမန်မိသားစု ၅၅စုကို ရန်ကုန်ကိုရွေ့ပြောင်းနေထိုင်ပေးတာတွေ ရှိပါတယ်။ နောက်ပြီးတော့ ငွေ ၂ သောင်းထုတ်ပေးခဲ့တယ်။ အစိုးရက ပံ့ပိုးကူညီတဲ့အရာတွေ ဥပမာ ရခိုင်ပြည်နယ်မှာ ဘားဂျက်ခွဲဝေရင် ပြည်ထောင်စုလွှတ်တော်မှာ ခွဲဝေတဲ့အခါမှာ ရခိုင်ပြည်နယ်ကို အများဆုံးခွဲဝေပေးရပါတယ်။

အဲဒီတော့ ကျမပြောချင်တာက အစိုးရရဲ့ အားနည်းချက်ကိုလည်းပြ၊ အစိုးရရဲ့လုပ်ဆောင်ချက်တွေလည်း ပြမယ်ဆိုရင် ပြည့်စုံတဲ့ ထုတ်ပြန်ကြေညာချက် ဟိုဘက်မှာ အစီရင်ခံစာတင်တဲ့အခါမှာ ပိုပြီးတော့ ပြည့်စုံမယ်။ နောက်တခုက ရခိုင်ပြည်နယ် မြောက်ပိုင်းပြဿနာ တွေက ရှုပ်ထွေးနေတယ်လို့ပြောသွားတယ်။ ဘာကြောင့် ရှုပ်ထွေးသလဲဆိုတော့ အကြောင်းအရာမပြောဘူး။ တကယ်တော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာက မေယုတောင်တန်းပေါ်မှာတွေ့တဲ့ လက်နက်တွေ၊ သင်တန်းပေးနေတယ်ဆိုတဲ့အထောက်အထားတွေ ဒါတွေကြောင့် မြောက်ပိုင်းပြဿနာ တွေက ရှုပ်ထွေးနေတာ။ ဒါကြောင့် မြောက်ပိုင်းကိစ္စရှုပ်ထွေးတယ်ဆိုရင်လည်း ရှုပ်ထွေးရတဲ့အကြောင်းအရင်းထည့်ပြောရင် ပိုပြီး ပြည့်စုံမယ်။ ပိုပြီး ပြည့်စုံတဲ့အတွက် အစီရင်ခံစာပေါ်မှာ ဆုံးဖြတ်ရင် ကုလသမဂ္ဂ ရော ၊ နိုင်ငံတကာရော ကျမတို့နိုင်ငံအတွက် ကူညီပေးရင် မှန်ကန်တဲ့ ပြည့်စုံတဲ့အစီရင်ခံစာဆိုရင် ကျမတို့ကို ထိရောက်တဲ့အကူအညီလည်း ပိုပေးနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် ကျမတို့ကန့်ကွက်ရခြင်းဖြစ်ပါတယ်။

မခင်ဖြူထွေး။ ။ဟုတ်ကဲ့ သူက လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဖြစ်တဲ့အခါကျတော့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေ ဟာကွက်တွေရှိရင် ထောက်ပြရတာ သူ့အခန်းကဏ္ဍမဟုတ်ဘူးလားရှင့်။ တခုက ဘာလဲဆိုတော့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး သူ တင်မဟုတ်ပါဘူး မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူ့အခွင့်အရေးသမားတွေလည်း ထောက်ပြတာတွေဆိုရင် ဥပမာ သူနဲ့ သွားတွေ့တဲ့အခါ မှာပဲဖြစ်ဖြစ် ၊ တခြားလူ့အခွင့်အရေးကိစ္စတွေဆောင်ရွက်တဲ့အခါမှာပဲဖြစ်ဖြစ် နောက်ယောင်ခံလိုက်တာတွေရှိနေတယ်၊ နောက်ကနေ ဓါတ်ပုံတွေလိုက်ရိုက်တာတွေ အနှောက်အယှက်ပြုတာတွေ ဆိုတာကလည်း ဒီအစိုးရလက်ထက်မှာ ရှိနေတယ်ဆိုတာတွေ ဒါတွေကိုလည်းသူ ထောက်ပြခဲ့တာတွေရှိပါတယ်။ သူ့အကြောင်းကိုက လူ့အခွင့်အရေး အခြေအနေမှာ လိုအပ်ချက်တွေ ဒီလိုအခြေအနေတွေမှာ ရှိနေတာကို ထောက်ပြဖို့က သူ့အခန်းကဏ္ဍမဟုတ်ဘူးလားရှင့်။

ဒေါ်သန္တာ။ ။မှန်ပါတယ်။ သူထောက်ပြတဲ့အချက်တွေ တချို့အရမ်းမှန်ပါတယ်။ ကျမကိုယ်တိုင်က နိုင်ငံသားများမူလအခွင့်အရေးကော်မတီက ကော်မတီဝင်ပါ။ ဆိုတော့ ကျမကော်မတီမှာကိုလ လူ့အခွင့်အရေးချိုးဖောက်ခံရမှု နိုင်သားသားအခွင့်အရေးချိုးဖောက်ခံရမှု တိုင်စာတွေအများကြီးရှိပါတယ်။ နောက်ပြီး ကျမတို့ ပြည်ထောင်စုလွှတ်တော်မှာမကြာခင်ကမှ တင်သွင်းတဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအများကြီးရှိနေသေးတယ်။ ဒါကို ကျမတို့ မငြင်းဘူးရှင့် ။ ရခိုင်ပြည်နယ် ရဲ့အရေးပြဿနာဟာ တခြားလူ့အခွင့်အရေးဖြစ်စဉ်တွေနဲ့ မတူပဲနဲ့ထိလွယ်ရှလွယ်ရှိပါတယ်။ နောက်ပြီးတော့ ၂ ဖက်စလုံးလည်း နစ်နာနေပါတယ်၊ နောက်ပြီးနိုင်ငံရေးအသွင်လည်းဆောင်နေပါတယ်။ ဒီအပေါ်မှာ နိုင်ငံရေးအမြတ်ထုတ်မှုတွေလည်းရှိနေပါတယ်။ ဒါကိုတော့ အခြားသော လူ့အခွင့်အရေးဖြစ်စဉ်တွေနဲ့ ရောပြီးဖော်ပြလို့မရနိုင်ပါဘူး။ တကယ်လို့ဖော်ပြမယ်ဆိုရင်လည်း ပြည့်စုံစွာဖော်ပြဖို့ လိုအပ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ မရှိဘူးဆိုတဲ့အချက်ကိုတော့ မငြင်းပါဘူးရှင့် ၊ ရှိပါတယ် မြန်မာနိုင်ငံမှာ။”

အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်သန္တာကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG