သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေး လိုအပ်ချက်အရ တပ်အင်အားဖြည့်မှုကို ယန်ဟီးလီ သဘောပေါက်စေလိုဟု ရခိုင်ခေါင်းဆောင်တွေ တိုက်တွန်း


ရခိုင်ပြည်နယ်အတွင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များ (နိုဝင်ဘာ ၂၀၁၂)
ရခိုင်ပြည်နယ်အတွင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များ (နိုဝင်ဘာ ၂၀၁၂)

ရခိုင်မှာဒေသခံတွေအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပါ အင်အားသုံးတိုက်ခိုက် သတ်ဖြတ်မှုတွေ ရှိနေတဲ့အတွက် လုံခြုံရေးအစီအမံကို ဒေသလိုအပ်ချက်အရ ဆောင်ရွက်တာဖြစ်ပြီး ဒေသခံတွေရဲ့ လူ့အခွင့်အရေးကိုလည်း အလေးပေးထည့်သွင်းစဉ်းစားဖို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေက ကုလကိုယ်စားလှယ်ကို တုန့်ပြန်ပြောဆို

ရခိုင်မြောက်ပိုင်းမှာ စစ်တပ်အင်အား တိုးမြင့်ချထားလိုက်တဲ့အပေါ် လုံခြုံရေးအဖွဲ့ဝင်တွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖြေရှင်းဖို့၊ လူ့အခွင့်အရေးကို လေးစားလိုက်နာမှုရှိရေး အစိုးရအနေနဲ့ အာမခံချက်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူးက စိုးရိမ်မကင်းပြောကြားလိုက်ပါတယ်။ ဒီထုတ်ပြန်ချက်အပေါ် ရခိုင်မှာဒေသခံတွေအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပါ အင်အားသုံးတိုက်ခိုက် သတ်ဖြတ်မှုတွေ ရှိနေတဲ့အတွက် လုံခြုံရေးအစီအမံကို ဒေသလိုအပ်ချက်အရ ဆောင်ရွက်တာဖြစ်ပြီး ဒေသခံတွေရဲ့ လူ့အခွင့်အရေးကိုလည်း အလေးပေးထည့်သွင်းစဉ်းစားဖို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေက ကုလကိုယ်စားလှယ်ကို တုန့်ပြန်ပြောဆိုလိုက်ပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

အကြမ်းဖက်သတ်ဖြတ်မှု တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာပြီးတဲ့နောက်ပိုင်း စိုးရိမ်စရာဖြစ်လာတဲ့ ရခိုင်ပြည်နယ်လုံခြုံရေးနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသား ပါတီခေါင်းဆောင်တွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံခဲ့ကြပြီးနောက်ပိုင်း ဒီရက်ပိုင်းအတွင်းမှာကို ရခိုင်မြောက်ပိုင်းဘက်မှာ စစ်တပ်အင်အားတွေကို တိုးမြင့်ချထားနေတာဖြစ်ပါတယ်။ ဒီသတင်းအပေါ် စိုးရိမ်မိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးရေးမှူး Yanghee Lee က သြဂုတ်လ ၁၁ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ပါတယ်။

အောက်တိုဘာတိုက်ခိုက်မှုနောက်ပိုင်း နယ်မြေရှင်းလင်းရေးမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိခဲ့တဲ့အတွက် ဒီအခြေအနေဟာ အထူးစိုးရိမ်ဖွယ်ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ လုံခြုံရေးအခြေအနေကို ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ဖြေရှင်းဖို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လူ့အခွင့်အရေးကို လေးစားလိုက်နာမှုရှိရေး အစိုးရအနေနဲ့ အာမခံချက်ပေးဖို့ Yanghee Lee က တောင်းဆိုလိုက်တာပါ။Yanghee Lee ရဲ့ စိုးရိမ်မကင်းကြောင်း ထုတ်ပြန်ချက်ကိုတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ရခိုင်အရေးကိုယ်တိုင် တွေ့ဆုံဆွေးနွေးခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဦးလှစောက လက်မခံ ပယ်ချလိုက်ပါတယ်။

“အဲဒီ မစ္စ Yanghee Lee ဟာ သူ့ခေါင်းထဲမှာ အသေအချာကိုင်စွဲထားတဲ့ အယူအဆတစ်ခု ရှိနေပုံရတယ်ဗျ။ အဲဒီ့ အယူအဆကို သူက justify လုပ်ဖို့ အတွက် သူက အဲဒီအဆင့်ကပဲ ပြောနေတယ်။ ကျနော်တို့အချက်အလက်တွေ ရရှိထားတဲ့ အဖြစ်အပျက်တွေပေါ်မှာ အခြေခံပြီး ကောက်ချက်ဆွဲပြီးတော့ သုံးသပ်တာမျိုးမဟုတ်ဘဲနဲ့ ပြောနေတယ်လို့ ထင်တယ်။ နောက်တစ်ချက်ကကျတော့ ကျနော်တို့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုတဲ့ကိစ္စက အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်သမားတွေကို ခြေမှုန်းတဲ့ တပ်မတော်နဲ့ ကြားထဲမှာ ဖြစ်နေတဲ့ အဲဒီ ပြဿနာတွေကို ပုံကြီးချဲ့ ပြီးတော့ လူ့အခွင့်အရေးရှုထောင့်က ကြည့်တယ်ဆိုတာတော့ ကျနော်တော့ သဘာဝမကျဘူးလို့ ထင်တယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတကာမှာလည်း ဒီလိုပဲ။ အကြမ်းဖက်သမားတွေက ရက်ရက်စက်စက်လုပ်တယ်။ အဲဒီတော့ အကြမ်းဖက်သမားတွေကို ဆန့်ကျင်တဲ့ ကျနော်တို့လုံခြုံရေးအင်အားစုတွေ ပြည်သူတွေအပါအဝင် ပြည်သူ့စစ်တွေအပါအဝင် တုန့်ပြန်တဲ့အခါမှာတော့ စစ်တိုက်တယ်ဆိုတော့ သူတို့လုပ်ထုံးနဲ့ လုပ်နည်းနဲ့ သူတို့လုပ်ကြမှာပဲ။ အဲဒါချည်းကို ကျနော်တို့က လူမှုဆက်ဆံရေးဘောင်ထဲမှာ ရှိတဲ့ လူ့အခွင့်အရေးဟာနဲ့ သွားကြည့်တယ်ဆိုတာကတော့ ဆက်လက် သူလိုချင်တဲ့အဖြေတစ်ခုရဖို့အတွက် ကောက်ဆွဲတာပဲလို့ ကျနော်ထင်ပါတယ်။ ”

လူသေဆုံးတဲ့အထိ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်လို့ ဒေသခံပြည်သူတွေ စိုးရိမ်ကြောက်လန့်မှုတွေနဲ့ မလုံခြုံမှုတွေအပေါ် အခုလို လုံခြုံရေးအစီအမံတိုးချဲ့တာဟာ နိုင်ငံတကာမှာလည်း အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ နောက်ပိုင်း လုံခြုံရေးအစီအမံတွေ တိုးမြင့်ချထားတဲ့ ထုံးစံအတိုင်း ကိုင်တွယ်ဖြေရှင်းတာဖြစ်တယ်ဆိုတာ Yanghee Lee သဘောပေါက်စေချင်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ မထုမေကလည်း သုံးသပ်ပါတယ်။

“တစ်ကမ္ဘာလုံးမှာလည်း အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတိုင်း နိုင်ငံတိုင်းရဲ့ အစိုးရများက အထူးတလည် လုံခြုံရေးတိုးမြှင့်တာတွေ လုပ်ဆောင်တာတွေ နိုင်ငံသူ နိုင်ငံသားအပေါ်မှာ ကာကွယ်တာတွေကို လုပ်ကြတာပေါ့နော်။ ဆိုတော့ အခုဆိုရင် ဌာနေတိုင်းရင်းသားတွေ ရက်ရက်စက်စက် အသတ်ခံရတယ်။ အခုဒါနဲ့ ပတ်သက်ပြီးတော့ လုံခြုံရေးပိုပြီးတော့ တိုးမြှင့်ဖို့လိုအပ်တဲ့အတွက်ကြောင့် ကျမတို့ လွှတ်တော်မှာလည်းပဲ ဒီ ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ တာဝန်ရှိသူများ ကာကွယ်ရေးကို တာဝန်ယူထားကြတဲ့ ဝန်ကြီးဌာနများ သူတို့အနေနဲ့ အပြည့်အဝပြည်သူတွေကို ကာကွယ်ပေးဖို့ ကျမတို့တောင်းဆိုပါတယ်။ ”

အခုလို ဒေသတွင်း နယ်မြေရှင်းလင်းရေးလုပ်တာဟာလည်း အကြမ်းဖက်သမားတွေရဲ့ရန်က ကာကွယ်တာဖြစ်လို့ အပြစ်မဲ့ ဒေသခံတွေရဲ့ လူ့အခွင့်အရေးကိုလည်း အလေးထားသင့်တယ်လို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်မထုမေကလည်း ပြောပါတယ်။

“ဒီနိုင်ငံမှာ နေထိုင်ကြတဲ့ ဌာနေတိုင်းရင်းသားတွေက နံပတ်၁ - လုံခြုံရမယ်။ အသက်လုံခြုံမှ ဘဝတွေ လုံခြုံမှာ ဖြစ်တယ်။ လုံခြုံတော့မှ ဖွံ့ဖြိုးတိုးတက်ရေးတို့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့နဲ့ နိုင်ငံရေးဖွံ့ဖြိုးမှု တိုးတက်မှုဆိုတာ ဖြစ်လာကြမှာ။ ဆိုတော့ အခုက လုံခြုံဖို့က မလုံခြုံတဲ့အခြေအနေရောက်နေတယ်ဆိုတော့ ကျမတို့ လုံခြုံအောင် နိုင်ငံတော်က တာဝန်ယူရမှာ ဖြစ်ပါတယ်။ ဒီ Yanghee Lee ရဲ့ စာနဲ့ပတ်သက်ပြီး ဌာနေတိုင်းရင်းသားတွေအပါအဝင် လူသားတိုင်းမှာ အခွင့်အရေးရှိပါတယ်။ ဒါပေမယ့် ဘယ်သူတွေမှာ အခွင့်အရေးမရှိနိုင်ဘူးလဲဆိုတော့ အကြမ်းဖက်သူတွေ၊ သူတစ်ပါးကို ရက်ရက်စက်စက်သတ်ဖြတ်တော့မယ်ဆိုတဲ့ အဖွဲ့တွေ၊ ဒီအဖွဲ့တွေနဲ့ ဆက်စပ်တဲ့လူတွေ သူတို့တွေမှာ အခွင့်အရေးမရှိတော့ပါဘူး။ ”

ရခိုင်ပြည်နယ်တွင်း စစ်တပ်အင်အားတိုးချဲ့ချထားပြီး အခုလိုလုံခြုံရေးအစီအမံတွေကို တိုးမြင့်ချထားရတာဟာလည်း ဒေသတွင်းအရေးပေါ်လုံခြုံရေးလိုအပ်ချက်အရဖြစ်တယ်ဆိုတာကိုလည်း ဦးဦးလှစောက ပြောပါတယ်။

“Yanghee Lee ထုတ်ပြန်ချက်ကို ကျနော်တို့ ကြားရပါတယ်။ ကျနော်တို့လည်း တော်တော်လေး အံ့သြမိတယ်။ အံ့သြမိတယ်ဆိုတာက ရခိုင်အခြေအနေဟာ စိုးရိမ်တဲ့ အခြေအနေတစ်ခုရောက်တယ်။ ရောက်ပြီးတော့ ပွင့်ပွင့်လင်းလင်းပြောရရင် သာမန်လက်နက်ကိုင်အင်အားစုတွေတောင်မှ နည်းနည်းလန့်ထိပ်ရတဲ့ အနေအထားမျိုးဆိုရင် ကျနော်တို့ အဲဒီတိုင်းရင်းသားတွေ လူနည်းစုရခိုင်တွေက တိုင်းရင်းသားတွေ ပိုကြောက်တာပေါ့လေ။ ကြောက်တဲ့အခါကျတော့ ကျနော်တို့ အဲဒီကာကွယရေးက၊ အဲဒီ တပ်မတော်ဖက်က ခေါင်းဆောင်နဲ့ တွေ့တဲ့အခါမှာလည်း အဲဒီမှာ ဒီလုံခြုံရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ အားမရဘူး။ နောက် ထိထိရောက်ရောက်ကိုင်တွယ်စေချင်တယ်။ သူတို့နည်းနည်း moderate ဖြစ်တဲ့ သူတွေကို သူတို့ အဲဒီ သတ်တာ ဖြတ်တာတွေရှိတယ်။ အဲဒါကြောင့် ဒါကို တိတိကျကျ ကိုင်တွယ်သင့်ပါတယ်လို့ ကျနော်တို့ ပြောတယ်။ ပြောတယ်ဆိုတော့ ကိုင်တွယ်တယ်ဆိုတာ တပ်မတော်ရဲ့ လုပ်ထုံးလုပ်နည်း လုပ်ရိုးလုပ်စဉ်နဲ့ လုပ်လိမ့်မယ်လေ။ စစ်ဆင်ရေးတစ်ခုလုပ်တာပဲ။ အဲဒီတော့ ဒီဟာ အပေါ်မှာ Yanghee Lee ပြောတယ်ဆိုတာကတော့ ကျနော်ကတော့ သိပ်သဘာဝမကျဘူးလို့ ထင်တယ်။ ”

ရခိုင်ပြည်နယ်တွင်း ပြီးခဲ့တဲ့၂၀၁၂က စခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ အကြမ်းဖက်ပဋိပက္ခတွေ နောက်ပိုင်းကစလို့ ဒေသတွင်းလုံခြုံရေး အခြေအနေဟာ စိုးရိမ်စရာအနေအထားဖြစ်လာတာပါ။ ၂၀၁၆ခုနှစ် အောက်တိုဘာလ ဘူးသီးတောင်၊ မောင်တောဘက်က နယ်ခြားစောင့်တပ ်စခန်းတွေကို လူအင်အားသုံးအကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့နောက်ပိုင်းမှာလည်း စစ်တပ်နဲ့ ရဲလုံခြုံရေးတွေဘက်က နယ်မြေရှင်းလင်းရေးတွေ လုပ်ပြီး လုံခြုံရေးအစီအမံတွေကို တိုးမြင့်ဆောင်ရွက်ခဲ့တာပါ။ သြဂုတ်လဆန်းပိုင်းမှာတော့ မြိုတိုင်းရင်းသားတချို့ သတ်ဖြတ်ခံရတာနဲ့ ပျောက်ဆုံးနေဆဲအပါအဝင် လုံခြုံရေးအဖွဲ့တွေကို လူအင်အားသုံး တိုက်ခိုက်မှုဖြစ်ခဲ့ပြီးတဲ့နောက် ရခိုင်မြောက်ပိုင်းမှာ စစ်တပ်အင်အားတွေကို ဒီရက်ပိုင်းအတွင်းမှာ တိုးမြင့်ချထားလိုက်တာဖြစ်ပါတယ်။

ဒီလိုအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း လုံခြုံရေးအင်အားတွေတိုးမြင့်ချထားတာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်တဲ့အခါ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်ဆိုပြီး ကုလအပါအဝင် နိုင်ငံတကာဘက်က စိုးရိမ်မကင်းကြောင်းနဲ့ စုံစမ်းမှုတွေလုပ်ဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG