သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်ရှိ ကုလဝန်ထမ်းများကို လုံခြုံရေးသတိပေး 


လုံခြုံရေးရဲဝန်ထမ်းများ (အောက်တိုဘာ ၂၀၁၆)
လုံခြုံရေးရဲဝန်ထမ်းများ (အောက်တိုဘာ ၂၀၁၆)

ရခိုင်ပြည်နယ်မှာ အလုပ်လုပ်နေကြတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး INGO အဖွဲ့တွေကို လုံခြုံရေး သတိနဲ့ သွားလာနေထိုင်ကြဖို့ ရန်ကုန် ကုလသမဂ္ဂရုံးက ကြိုတင် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေက ရခိုင်ပြည်နယ်ထဲကနေ ထွက်ခွာဖို့ ဒေသခံတွေရဲ့ တောင်းဆိုမှုတွေ ရှိနေပြီး၊ ဒီလို တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကိုလည်း ဒီရက်ပိုင်း ကျင်းပဖို့ စီစဉ်တာတွေ ရှိနေချိန်မှာပဲ အခု သတိပေးချက် ထွက်ပေါ်လာတာပါ။ ဒီလို ရခိုင်ပြည်နယ်တွင်း နောက်ဆုံး အခြေအနေကိုတော့ မခင်ဖြူထွေးက စုစည်း တင်ပြပေးပါမယ်။

အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ မတည်မငြိမ် အခြေအနေတွေ ဆက်ရှိနေတာကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေက ဝန်ထမ်းတွေအနေနဲ့ လုံခြုံရေးအရ သတိထား သွားလာ နေထိုင်ကိုင်ကြဖို့ ကုလသမဂ္ဂက ကြိုတင် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက် အခြေအနေတွေ ဖြစ်လာနိုင်တဲ့နေရာတွေမှာ ကုလသမဂ္ဂအနေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် သာမန် လုပ်ရေးလုပ်စဉ်အတိုင်း သတိပေးချက် ထုတ်ပြန်တာသာ ဖြစ်တယ်လို့ ကုလသမဂ္ဂ ရန်ကုန်ရုံး ပြောခွင့်ရ ဦးအေးဝင်းက ပြောပါတယ်။

“ဒါပုံမှန်ထုတ်တဲ့ Advisory လို့ခေါ်တာပေါ့နော် အသိပေးချက် ပေါ့နော်။ သူက ဝန်ထမ်းတိုင်းကို ဖြစ်လာနိုင်တဲ့ သတင်းကို ကြိုပြီးတော့ အကြောင်းကြားတာပဲရှိတယ်။ အဲဒီအချိန်ကျရင် ဝန်ထမ်းတွေအနေနဲ့ ဆောင်ရန်ရှောင်ရန်တွေ သတိပေးထားတာတွေရှိတယ် အဲဒါတွေ ဆောင်ရန်ရှောင်ရန် နေဖို့ပဲ အသိပေးတာပါပဲ။ ဒါက ပုံမှန်ပါပဲ။ ရခိုင်ဒေသအတွက် အထူးထုတ်ရတယ်လို့တော့မဟုတ်ဘူး ၊ တခြားမြို့တွေမှာ ဖြစ်စဉ်တွေရှိမယ်ဆိုရင် ဒါဖြစ်စဉ်အကြောင်းကြားချက်ပဲ ဒါဖြစ်တတ်တဲ့မြို့မှာ ဖြစ်ဖို့အကြောင်းရှိတယ်ဆိုရင် ဝန်ထမ်းတွေ သိဖို့ ဒါအသိပေးတာပါပဲ။ ဖြစ်စဉ်တခုဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းကြားချက်ပဲ အဲဒီအခါကျရင် ဝန်ထမ်းတွေ အသိရှိဖို့၊ သတိရှိဖို့ ဒါပါပဲ။”

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေဟာ မူစလင် လူမှုအသိုင်းအဝိုင်းကိုရော၊ မူစလင် အကြမ်းဖက်သမားတွေကိုပါ အားပေး ကူညီနေတယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုတွေ လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေပြီး ဒီလို ကောလာဟလ သတင်းမှားတွေကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအပေါ် ဆန့်ကျင် ရန်လိုမှုတွေ ဆက်ဖြစ်လာနိုင်တာကြောင့် အခုလို သတိပေးချက် ထုတ်ပြန် ရတာဖြစ်တဲ့အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေရုံးက ပြောထားပါတယ်။

ခုလို ရခိုင်မှာရှိတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိပေမဲ့လည်း ပြီးခဲ့တဲ့ရက်ပိုင်းအထိ တော့ ဒီလို အဖွဲ့အစည်းတွေ အတွက် သီးခြား လုံခြုံရေး တိုးမြင့်ချထားတာမျိုးတော့ မရှိဘူးလို့ ရခိုင်ပြည်နယ် အစိုးရပြောခွင့်ရ ဦးမင်းအောင် က ပြောပါတယ်။

“လုံခြုံရေးပေးရတာတော့ မရှိပါဘူး ။ လုံခြုံရေးက သူတို့ရုံးခန်းတွေမှာ တချို့နေရာတွေမှာ ရှိတော့ရှိကြတယ်။ ဒါပေမယ့် သီးခြားပေးထားရတာတော့ မရှိဘူး။ ကျနော်လည်း နေပြည်တော်ကိုသွားနေတာ။ ဒီနေ့မနက်နဲ့ မနေ့က ညနေဘက်တွေ ပေးရတာရှိမရှိဆိုတာတွေတော့ မသိနိုင်သေးဘူး။ အရင် ဟိုနေ့တွေကတော့ ပေးထားတာတော့ မရှိဘူး။”

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေ ရခိုင်ပြည်နယ်အတွင်း ရှိနေတာကို မလိုလားကြတဲ့ ဒေသခံ ရခိုင်ဗုဒ္ဓဘာသာဝင် တချို့က ဒီအဖွဲ့တွေ ပြည်နယ်ထဲကနေ ထွက်ခွာဖို့ တောင်းဆိုမှုတွေ တိုးလာနေသလို၊ လာမယ့် တနင်္ဂနွေနေ့မှာလည်း ဒါနဲ့ပတ်သက်တဲ့ တောင်းဆို ဆန္ဒပြမှုတွေလုပ်သွားဖို့ စီစဉ်နေတာတွေ ရှိတယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲတွေကို ငြိမ်းငြိမ်းချမ်းချမ်း လုပ်သွား လိမ့်မယ်လို့ ယူဆရပေမဲ့လို့၊ ဆန္ဒပြပွဲတွေ ကြီးထွားလာပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အေဂျင်စီတွေကို ပစ်မှတ်ထား ရန်လိုမှုတွေ ဖြစ်လာမှာကို ကုလသမဂ္ဂက စိုးရိမ်နေတာပါ။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းကလည်း ရခိုင်ပြည်နယ်မှာရှိတဲ့ ကုလသမဂ္ဂရုံးတွေ တိုက်ခိုက် ဖျက်ဆီး ခံရတဲ့အထိ ဒေသခံတွေရဲ့ အပြင်းအထန် ကန့်ကွက်ဆန္ဒပြတာတွေ ကြုံခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG