သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်လုံခြုံရေး ပြည်နယ်လွှတ်တော်မှာ အရေးပေါ်အဆိုတင်ဖို့ရှိ


နယ်ခြားစောင့်တပ်ဖွဲ့ဝင်မာျး
နယ်ခြားစောင့်တပ်ဖွဲ့ဝင်မာျး

ဒေသခံအချို့သတ်ဖြတ်ခံရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပါ အင်အားသုံးတိုက်ခိုက်မှုတွေဖြစ်လာတဲ့ ရခိုင်ပြည်နယ်ရဲ့လုံခြုံရေး အခြေအနေနဲ့ပတ်သက်ပြီး လွှတ်တော်ဘက်က စောင့်ကြည့်မှုတွေနဲ့ အရေးပေါ်အဆိုတင်သွင်းသွားဖို့ရှိတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦးကပြောဆိုလိုက်ပါတယ်။ အခုလိုဒေသတွင်းက စိုးရိမ်စရာ လုံခြုံရေးအခြေအနေအပေါ် လုံခြုံရေးတာဝန်ယူထားတဲ့ အဖွဲ့အစည်းတွေဘက်က စနစ်တကျတာဝန်ယူဆောင်ရွက်ပေးဖို့ကိုလည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ရခိုင်ပြည်နယ်ထဲမှာ၂၀၁၂ခုနှစ်ကစလို့ ဘာသာရေး၊ လူမျိုးရေးအသွင်ဆန်တဲ့ ပဋိပက္ခတွေဖြစ်ခဲ့ပြီးနောက် ၂၀၁၆ အောက်တိုဘာမှာ နယ်ခြားစောင့်တပ်စခန်းတွေကို အင်အားသုံးအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်း လုံခြုံရေးအခြေအနေဟာ စိုးရိမ်စရာအနေအထားဖြစ်လာတာပါ။ ပြီးခဲ့တဲ့လတွေက မူဆလင်ကျေးရွာတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့သတ်ဖြတ်ခံရတာအပါအဝင် ပြီးခဲ့တဲ့ရက်ပိုင်း သြဂုတ်လဆန်းကပဲ ဒေသခံမြို့တိုင်းရင်းသားခြောက်ဦးအသတ်ဖြတ်ခံရပြီးနှစ်ဦးပျောက်ဆုံးနေတာနဲ့ နယ်မြေရှင်းလင်းတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကိုပါ အင်အားသုံးတိုက်ခိုက်မှုတွေရှိလာတဲ့အတွက် ဒေသခံတွေရဲ့ လုံခြုံရေးစိုးရိမ်မှုတွေ မြင့်တက်လာတာပါ။

ဒီလိုဒေသတွင်းမတည်ငြိမ်မှုတွေနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းလာတဲ့အပေါ် ပြည်နယ်လွှတ်တော်ဘက်ကနေ ဘူးသီးတောင်၊ မောင်တောဒေသကို ကွင်းဆင်းလေ့လာစုံစမ်းမှုတွေနဲ့ အစီရင်ခံစာတင်သွင်းခဲ့တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းအောင်သိန်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“လွှတ်တော်မှာ အဆိုရော၊ အစီရင်ခံစာပါကျနော်တို့ တင်ပြပြီးသားဖြစ်ပါတယ်။ ကျနော်တို့ဒီမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်ဒေသမှာ လုံခြုံရေးအားနည်းတဲ့အတွက်ကြောင့် လုံခြုံရေးတိုးမြင့်ဖို့အတွက်ကို ကျနော်တို့ အဆိုတင်ပြီးတောင်းဆိုခဲ့တာရှိပါတယ်။ အဲဒီတောင်းဆိုခဲ့တာ ရှိသော်လည်း၊ အလွန်တရာမှ လုံခြုံရေးညံ့တဲ့အတွက်ကြောင့် အခုကနေ အကြမ်းဖက်ခံရတာတွေဟာ ကျနော်တို့ လုံခြုံရေးအားနည်းတဲ့အတွက်ကြောင့်ဖြစ်တယ်။ တရားဥပဒေ စိုးမိုးမှုမရှိတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ကျနော်တို့ အဲလိုသုံးသပ်လို့ရပါတယ်။”

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ ဦးဆောင်တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တွေဟာလည်း အကြမ်းဖက်သတ်ဖြတ် ခံရသည့် ကိုင်းကြီးကျေးရွာက မြိုတိုင်းရင်းသားတွေရဲ့ ကျန်ရစ်တဲ့မိသားစုဝင်တွေဆီ သွားရောက်တွေ့ဆုံအားပေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့ ရခိုင်ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေး၊ လုံခြုံရေးအင်အားတိုးမြင့်ပေးဖို့နဲ့ တရားဥပဒေစိုးမိုးမှုရှိအောင် စောင့်ကြည့်မှုတွေနဲ့ ထိန်းကျောင်းဆောင်ရွက်သွားမယ်လို့လည်း ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။

“နိုင်ငံတကာဖိအားကြောင့် ကျနော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကာကွယ်ပေးနိုင်ဖို့၊ တုံ့ပြန်နိုင်ဖို့ အခြေအနေမရှိဘူး အဲဒီအခြေအနေတွေမှာ ဒီအကြမ်းဖက်မှုက ပိုပြီးတော့ များပြားလာတဲ့အခြေအနေတွေရှိတယ်။ ပိုပြီး အကြမ်းဖက်မှုကမြင့်တက်လာတဲ့အခြေအနေတွေရှိတဲ့အတွက်ကြောင့် တရားဥပဒေစိုးမိုးမှု ၊ နိုင်ငံတော်အချုပ်အခြာကို ထိပါးလာတဲ့အခြေအနေတွေဖြစ်တဲ့အတွက်ကြောင့် ဒီမှာဖြစ်နေတဲ့ ကိစ္စရပ်ပေါ်မှာ ကျနော်တို့ကတော့ အမြဲတမ်းစောင့်ကြည့်နေပါတယ်ခင်ဗျ။ ကျနော်တို့ အရေးကြီးတဲ့ကိစ္စအဖြစ် ဆောင်ရွက်သွားမယ့်အခြေအနေရှိပါတယ်ခင်ဗျ။”

အခုလို ရခိုင်ပြည်နယ်တွင်းက စိုးရိမ်စရာလုံခြုံရေးအနေအထားနဲ့ပတ်သက်လို့ သက်ဆိုင်ရာဒေသတွင်း လုံခြုံရေးတာဝန်ယူထားတဲ့ ပြည်နယ်အစိုးရ၊ တပ်မတော်၊ ပြည်ထဲရေးနဲ့ နယ်ခြားစောင့်တပ်တွေကို လုံခြုံရေးအင်အားတိုးမြင့်ပေးဖို့နဲ့ စနစ်တကျလုံခြုံရေးအစီအမံတွေ ဆောင်ရွက်ပေးဖို့ကိုလည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မထုမေကလည်း အကြံပြုပါတယ်။

“ဒီလိုမျိုး အကြမ်းဖက်တိုက်ခိုက်မှုတွေက ဟိုတုန်းကဆိုရင် ကြိုကြားကြိုကြားဖြစ်တယ်။ နောက်ပိုင်းမှာဆိုရင် ဆက်တိုက်ဆက်တိုက်ဖြစ်လာခဲ့တဲ့အပေါ်မှာ ကျမတို့က စိုးရိမ်မကင်းဖြစ်မိတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့သူတွေအနေနဲ့ နယ်ခြားစောင့်ရေးတပ်ဖွဲ့ ၊ ပြည်ထဲရေး ကာကွယ်ရေးပေါ့။ ဒီတာဝန်ရှိတဲ့သူတွေကနေပြီးတော့ စနစ်တကျ ပြင်ဆင်ဖို့ လိုပါတယ်။ ဒီလုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ရခိုင်ပြည်သူတွေ အထူးသဖြင့် ရသေ့တောင်မြို့နယ်အတွင်းမှာ ဆိုရင် ဒီအကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အထူးသဖြင့် တာဝန်ထမ်းဆောင်နေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့များကနေပြီးတော့ ဝိုင်းဝန်းတိုက်ခိုက်တာနဲ့ ပတ်သက်ပြီးတော့ ရခိုင်ဒေသမှာနေရတဲ့ ရခိုင်တိုင်းရင်းသားများအတွက် စိုးရိမ်မကင်းဖြစ်မိပါတယ်။ လွှတ်တော်အနေနဲ့ ကျမတို့ အတတ်နိုင်ဆုံးကြိုးစားသွားဖို့ရှိပါတယ်။

မေး။ ။ ရခိုင်ပြည်နယ်အတွင်းက လုံခြုံရေးအခြေအနေတွေပေါ်မှာ ဆရာမအနေနဲ့ပေါ့နော် သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကို ဘယ်လိုအကြံပေးချင်တာရှိပါသလဲရှင့်။

ဖြေ။ ။ ရခိုင်ပြည်နယ်ဟာ အခုလောလောဆည်အနေအထားအရရော ၂၀၁၂ နောက်ပိုင်းအခြေအနေအရရော ကျမတို့ လေ့လာကြည့်တဲ့အခါမှာ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကနေပြီးတော့ ဟိုတုန်းကလို ကြိုကြားကြိုကြားဖြစ်တယ်၊ နောက်ပိုင်းမှာ ဆက်တိုက်ဆက်တိုက်ဖြစ်လာတဲ့အပေါ်မှာ ကျမတို့ ကတော့ စိုးရိမ်မကင်းဖြစ်မိတယ်။ ဒီ ၂၀၁၆ အောက်တိုဘာ ၉ ရက် နေ့ကဖြစ်သွားတဲ့ အခြေအနေမျိုးဆိုရင် တာစန်ထမ်းဆောင်နေတဲ့ သူကို အင်တိုက်အားတိုက်အစီအစဉ်တကျပေါ့နော် အကြမ်းဖက်တာပေါ့နော် အင်မတန်မှ စိုးရိမ်မကင်းဖြစ်မိတယ်။ ဒီလိုမျိုးဖြစ်လာတဲ့အပေါ်မှာ ဒါသည် ရခိုင်ပြည်သူများအပေါ်မှာရော၊ ရခိုင်ပြည်နယ်မှာနေကြတဲ့ ငြိမ်းချမ်းစွာနေကြတဲ့ တိုင်းရင်းသားပြည်သူတွေ အပေါ်မှာ ဒီထက်အလေးထားပြီးတော့ လုံခြုံရေးပိုင်းဆိုင်ရာ လုပ်ဆောင်ဖို့ လိုပါတယ်ရှင့်။”

ဒီကနေ့မှာပဲ မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ ကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဖေ တို့က ကော်မရှင်အနေနဲ့ မောင်တောဒေသတွင်းက မြေပြင်ကွင်းဆင်းဆောင်ရွက်မှုတွေနဲ့ ကော်မရှင်ရဲ့ သုံးသပ်ချက်၊ အကြံပြုချက်တွေကို ရန်ကုန်မှာ သတင်းစာရှင်းလင်းပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်အနေနဲ့လည်း ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို သြဂုတ်လကုန်ပိုင်းမှာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ပြည်သူကို အစီရင်ခံစာတင်သွင်းဖို့ရှိတယ်လို့ ကော်မရှင်ဘက်က ပြောပါတယ်။

အခုအချိန်အထိကတော့ ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ မောင်တောဒေသထဲက အကြမ်းဖက်သမားလို့ သံသယရှိသူတချို့ကို ဖမ်းဆီးစစ်ဆေးနေပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ တပ်မတော်စစ်ကြောင်းတွေဘက်က နယ်မြေရှင်းလင်းနေပြီး လုံခြုံရေး တိုးမြင့်ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးကလည်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG