သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအချက်အလက်ရှာဖွေရေးအဖွဲ့ လက်ခံသင့်သလား


U.N. Human Rights Council ကျင်းပနေစဉ်
U.N. Human Rights Council ကျင်းပနေစဉ်

ရခိုင်အရေးနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (fact-finding mission)ကို မြန်မာနိုင်ငံလာရောက်ခွင့် ပေးခြင်းအားဖြင့် ကုလသမဂ္ဂရဲ့ထောက်ခံမှု ပိုရအောင် မြန်မာအစိုးရက ကြိုးစားသင့်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က တိုက်တွန်းလိုက် ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ပြီးခဲ့ရက်ပိုင်းအတွင်း ခေါင်းဆောင်အပြောင်းအလဲ လုပ်လိုက်ပြီး နောက်ပိုင်း အခုလို ပြောဆိုလိုက်တာပါ။ ကိုဉာဏ်ဝင်းအောင်က ဆက်ပြီး တင်ပြပါမယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖေါက်မှု အထူးသဖြင့် ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်တဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ဲ့ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြီးခဲ့တဲ့ မေလကုန်မှာ ဖွဲ့စည်းခဲ့တာပါ။ အဖွဲ့ဝင်(၃)ဦးပါတဲ့ ဒီအချက်အလက် ရှာဖွေရေးအဖွဲ့မှာ ကနဦးက ဥက္ကဌအဖြစ် အိန္ဒိယ တရားရုံးချုပ်ရှေ့နေ Ms. Indira Jaising ကိုခန့်ထားခဲ့ရာက၊ သူ့နေရာမှာ အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်း Marzuki Darusman ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အစားထိုး ခန့်အပ်လိုက်ပါတယ်။ ကုလသမဂ္ဂဘက်ကတော့ ဘာကြောင့်အစားထိုး ခန့်အပ်တယ်ဆိုတဲ့ အကြောင်းပြချက် မပေးခဲ့ပါဘူး။

ရခိုင်အရေးနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံလာခွင့် ပေးခြင်းအားဖြင့် ကုလသမဂ္ဂရဲ့ထောက်ခံမှု ပိုရအောင် မြန်မာအစိုးရက ကြိုးစားသင့်တယ်လို့ HRW က တိုက်တွန်းကြောင်း HRW အဖွဲ့ အာရှရေးရာတာဝန်ခံ Mr. Brad Adams က ပြောပါတယ်။

“ ဒီအချက်အလက်ရှာဖွေရေးအဖွဲ့ကို Marzuki က ကောင်းစွာ ဦးဆောင်နိုင်မှာပါ။ အကယ်၍ မြန်မာအစိုးရက ဒီအဖွဲ့ကို လက်မခံပဲ ဆက်ငြင်း နေမယ်ဆိုရင် အဲဒီအဖွဲ့က ရှာဖွေတင်ပြမယ့် အချက်အလက်တွေ၊ မှတ်ချက်ပေး ရေးသားချက်တွေထဲမှာ မြန်မာအစိုးရရဲ့ သဘောထားတွေကို ထင်ဟပ်ပြီး ထည့်သွင်းဖေါ်ပြခွင့်တွေ လက်လွတ် ဆုံးရှုံးသွားပါလိမ့်မယ်။ အချက်အလက် ရှာဖွေရေးအဖွဲ့က တင်သွင်းမယ့် အစီရင်ခံစာဟာ သိပ်ကို အရေးကြီးပြီး၊ ထိရောက်မှု ရှိလိမ့်မယ်ဆိုတာ မြန်မာအစိုးရအနေနဲ့ သိနိုင်မှာပါ”

ကုလသမဂ္ဂဘက်ကသာ တစုံတရာ အလျှော့အတင်း လုပ်လာခဲ့ရင် ဒီ အချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာပြည်တွင်း စုံစမ်းခွင့်ပေးဖို့ စဉ်းစား သင့်တယ်လို့ အမေရိကန်နိုင်ငံမှာနေတဲ့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာတင့်ဆွေက မြင်ပါတယ်။

“ကုလသမဂ္ဂကနေပြီးတော့ ဘယ်ပုဂ္ဂိုလ် ခေါင်းဆောင်ပြီးလာလာ ဘာကြောင့်မြန်မာနိုင်ငံ အစိုးရကတော့ လက်မခံသလဲဆိုတဲ့ အကြောင်းကတော့ အစိုးရဘက်မှာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံရှိနေလို့ ယူဆရပါတယ်။ ဒီအရေးကိစ္စက သာမန်လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မတူတဲ့ အခြေအနေတရပ်ကို လေ့လာစုံစမ်းမယ့်အဖွဲ့ဖြစ်တော့ လူ့အခွင့်အရေးထောင့်တခုတည်းနဲ့တော့ ကျနော်တို့ လက်ရှိအစိုးရက ဆုံးဖြတ်ချင်မှ ဆုံးဖြတ်မယ်။ ကျနေ်ာမြင်တာကတော့ ကုလသမဂ္ဂဘက်က တကယ်လည်း တစုံတရာတခု အလျှော့အတင်းလုပ်တယ်ဆိုရင် အစိုးရဘက်ကလည်း လုပ်ကောင်းလုပ်လာနိုင်တယ်။ လုပ်လည်းလုပ်သင့်တယ်လို့ ကျနေ်ာကတော့ မြင်ပါတယ်ခင်ဗျ။”

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဌသစ် ဖြစ်လာတဲ့ Marzuki Darusman ဟာ အာရှနိုင်ငံသားတဦး ဖြစ်တာက တကြောင်း၊ သမာသမတ်ကျပြီး သူ့အလုပ်ကို ကျွမ်းကျင်စွာ လုပ်သူဖြစ်တာကြောင့် မြန်မာအစိုးရနဲ့ အဆင်ပြေအောင် လက်တွဲလုပ်နိုင်သူ ဖြစ်လိမ့်မယ်လို့ HRW အဖွဲ့ Mr. Brad Adams ကသုံးသပ်ပါတယ်။

“ Marzuki Darusman ဟာ အာဆီယံနိုင်ငံသား တဦးဖြစ်တာကြောင့် မြန်မာအစိုးရနဲ့လည်း ဆက်ဆံရေး အဆင်ပြေမှာပါ။ သူ့ရဲ့ အလုပ်ရာဇဝင်ကို ပြန်ကြည့်ရင် သူဟာ မြောက်ကိုရီးယား အရေးမှာရော သီရိလင်္ကာ လူ့အခွင့်အရေးကိစမှာပါ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ကျန်တဲ့ အဖွဲ့ဝင် ၂ဦးရဲ့ ရာဇဝင်ကိုကြည့်ရင်လဲ သူတို့အားလုံးဟာ ရိုးသားပြီး သမာသမတ်ကျစွာနဲ့ အခြားနိုင်ငံတွေရဲ့ လူ့အခွင့်အရေး ကိစ္စတွေမှာ လုပ်ဆောင်ခဲ့တာကြောင့် မြန်မာအစိုးရက ဒီအဖွဲ့ကို လက်တွဲလုပ်ကြည့်ဖို့ လိုပါတယ်။”

ရခိုင်ပြည်နယ်မှာ စစ်တပ်အပါဝင် လုံခြုံရေးတပ်ဖွဲ့တွေရဲ့လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုစုံစမ်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အချက်အလက် ရှာဖွေရေးအဖွဲ့ဲ့ကို စေလွှတ်မယ်လို့ ပြောချိန်ကစပြီး၊ ဒီအဖွဲ့ကို အဝင်မခံနိုင်ဘူးလို့ မြန်မာအစိုးရက တောက်လျှောက် ငြင်းဆိုလာခဲ့တာပါ။ ဒီလို ဆက်ပြီးပိတ်ဆို့ ငြင်းဆန်နေရင် ကုလသမဂ္ဂရဲ့ ပြစ်တင်ဝေဖန်မှုတွေ ပိုပြီးခံလာရဖွယ်ရှိပေမယ့် ဒါကို မြန်အစိုးရက ကိုယ်တွယ်နိုင်လိမ့်မယ်လို့ မြင်ကြောင်း ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

“လက်မခံလိုက်လို့ လက်တလော အနုတ်သဘောဆောင်တဲ့ တုံ့ပြန်မှုကတော့ သိပ်ကြီးကျယ်မယ်လို့တော့ ကျနေ်ာမထင်ဘူး။ သို့သော်ရေရှည်မှာ ဝေဖန်ပြစ်တင်မှုတွေခံရမယ်။ သို့သော်လည်း အချိန်တွေအဆင့်တွေအများကြီးကျော်ဖြတ်ပြီးမှ တစုံတရာဖြစ်လာမယ် လို့ မှန်းကြည့်ရပါတယ်ခင်ဗျာ။”

အသစ်ဖွဲ့လိုက်တဲ့ မြန်မာပြည်ဆိုင်ရာ ကုလ အချက်အလက်ရှာဖွေရေး အဖွဲ့ကို အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်း Marzuki Darusman က ဦးဆောင်မှာ ဖြစ်ပြီး၊ သီရိလင်္ကာနိုင်ငံက လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဟောင်း Radhika Coomaraswamy၊ သြစတြေးလျနိုင်ငံက နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ် Christopher Dominic Sidoti တို့က အဖွဲ့ဝင်တွေအဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG