သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယန်ဟီးလီရဲ့ လာမယ့်မြန်မာခရီးစဉ်အတွင်း ကုလ အချက်အလက်ရှာဖွေရေးနဲ့ မပတ်သက်ဖို့ မြန်မာအစိုးရ သတိပေး


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ ရှေ့သီတင်းပတ် မြန်မာနိုင်ငံ ခရီးစဉ်မှာ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားတဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့နဲ့ ပတ်သက်မှု မရှိစေဖို့ မြန်မာအစိုးရက သတိပေးလိုက်ပါတယ်။ အထူးကိုယ်စားလှယ် Yanghee Lee ကတော့ မြန်မာနိုင်ငံက ယိုယွင်းလာနေတဲ့ လုံခြုံရေး ပြဿနာတွေကြောင့် လူ့အခွင့်အရေး အခြေအနေတွေအပေါ် ရိုက်ခတ်လာနိုင်တာတွေကို လေ့လာဆန်းစစ်ဖို့ ဇူလိုင်လ ၁၀ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ကြောင်း ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ထားတာပါ။

အထူးသဖြင့် နိုင်ငံတဝန်းမှာ လုံခြုံရေးအခြေအနေတွေ ဆိုးရွားလာနေတာကြောင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေအပေါ် ကြီးမားတဲ့ အကျိုးဆက်တွေ ပေါ်ပေါက်မှာကို စိုးရိမ်ကြောင်းလည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ၁၂ ရက်ကြာ ခရီးစဉ်အတွင်း မြန်မာအစိုးရတာဝန်ရှိသူတွေ၊ နိုင်ငံရေးနဲ့ လူမှုအသိုင်းအဝန်းက လူပုဂ္ဂိုလ်တွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေ၊ နိုင်ငံတကာ အသိုင်းအဝန်းက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံသွားမှာ ဖြစ်သလို၊ အထူးစီးပွားရေးဇုန် လုပ်ငန်းတွေကြောင့် အကျိုးဆက်တွေ ကြုံနေရတာတွေကို လေ့လာစုံစမ်းသွားမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားတာပါ။

မြန်မာသမ္မတရုံးရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ အထူးကိုယ်စားလှယ်ရဲ့ ဆဌမအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့နဲ့ ပတ်သက်မှု မရှိစေဖို့ ကြိုတင်အကြောင်းကြားခဲ့ပြီးနောက် ခွင့်ပြုထားတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ လူ့အခွင့်အရေးကောင်စီကတော့ ပြီးခဲ့တဲ့ မတ်လထဲမှာပဲ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းဖို့ အချက်အလက်ရှာဖွေရေး အဖွဲ့တခုကို နိုင်ငံတကာ ကျွမ်းကျင်သူ ၃ ဦးနဲ့ ဖွဲ့စည်းခဲ့တာပါ။

ဒါပေမဲ့လည်း မြန်မာအစိုးရကတော့ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ လက်တွေ့အခြေအနေတွေနဲ့ ကိုက်ညီမှုမရှိသလို၊ ရခိုင်ပြည်နယ်မှာ ကာလကြာရှည် ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ခြင်းမရှိတဲ့အတွက် လက်မခံနိုင်ကြောင်း ဒီကနေ့ ကြေညာချက်မှာ ထပ်မံဖော်ပြခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်တဲ့ ကော်မရှင် အပါအဝင် အစိုးရက ဖွဲ့စည်းထားတဲ့ စုံစမ်းရေး ကော်မရှင် ၂ ခု ရဲ့ လုပ်ငန်းတွေ မပြီးပြတ်သေးကြောင်းလည်း မြန်မာအစိုးရတာဝန်ရှိသူတွေက အစောပိုင်းမှာ တုံ့ပြန်ထားပါတယ်။

XS
SM
MD
LG