သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူ့အခွင့်အရေးချိုးဖောက်မှု သီးခြားစုံစမ်းဖို့လှုပ်ရှားသူတွေ တောင်းဆို


 မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းရေးမှူး Ms. Yanghee Lee
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းရေးမှူး Ms. Yanghee Lee

ကချင်၊ ရှမ်း၊ ရခိုင်စတဲ့ တိုင်းရင်းသားဒေသတွေအပါအဝင် မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ဘက်မလိုက်သီးခြားလွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတေ ွလုပ်ပေးဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ကြပါတယ်။ Switzerland နိုင်ငံ ဂျနီဗာမြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၃၄ ကြိမ်မြောက် နှစ်ပတ်လည်စည်းဝေးပွဲမှာ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ တနင်္လာနေ့က ဆွေးနွေးခဲ့ကြစဉ်မှာ ခုလိုတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးကစလို့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေဆဲ အခြေအနေတွေကို နိုင်ငံစုံက တင်ပြမေးမြန်းချက်တွေနဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂအထူးစုံစမ်းရေးမှူးရဲ့ တုံ့ပြန်ချက်တွေကို မစုမြတ်မွန်က အပြည့်အစုံတင်ပြပါလိမ့်မယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၃၄ ကြိမ်မြောက်နှစ်ပတ်လည်စည်းဝေးပွဲမှာ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းရေးမှူး Ms. Yanghee Lee ကတနင်္လာနေ့က တင်ပြဆွေးနွေးခဲ့သလို ကမ္ဘာ့နိုင်ငံတွေရဲ့ တင်ပြချက်တွေ၊ မေးမြန်းချက်တွေကို ဖြေကြားခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ Ms. Yanghee Lee ရဲ့တင်ပြချက်တွေနဲ့ပတ်သက်လို့ ဒီချိုးဖောက်မှုတွေအတွက် မြန်မာအစိုးရအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်အရေးယူဖို့နဲ့ ဒေသခံပြည်သူတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးဖို့ အမေရိကန်အပါအဝင် နိုင်ငံတော်တော်များများက ပြောကြားသွားခဲ့ကြပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ သတင်းထောက်တွေ ဥပဒေမဲ့ဖမ်းဆီးခံနေရတာနဲ့ပတ်သက်လို့ စိုးရိမ်ကြောင်း အမေရိကန်ပြည်ထောင်စု ကိုယ်စားလှယ် Mr. Bill Mozdzierz ကခုလိုပြောကြားသွားပါတယ်။

“သတင်းထောက်တွေ၊ လူနည်းစုတိုင်းရင်းသားတွေ၊ လူနည်းစုဘာသာကိုးကွယ်သူတွေ၊ လူထုအခြေပြုအဖွဲ့အစည်းခေါင်းဆောင်တွေအနေနဲ့ သူတို့မှာရှိတဲ့ လူ့အခွင့်အရေးအတိုင်းဆောင်ရွက်လို့၊ ဒါမှမဟုတ် သူတို့ရဲ့လူမျိုး၊ ဘာသာကိုးကွယ်မှုကြောင့် တရားလက်လွတ်ဖမ်းဆီးခံနေကြရတဲ့ကိစ္စကို Ms. Yanghee Lee လိုပဲ အမေရိကန်ပြည်ထောင်စုကလည်း စိုးရိမ်ပါတယ်။ ၂၀၁၆ April လတုန်းက အကျဉ်းသားတွေအမြောက်အများကို အစိုးရကလွှတ်ပေးခဲ့တာကို ကြိုဆိုပေမယ့် အကျဉ်းကျခံနေရဆဲ သူတွေကို လည်း မေ့မထားသင့်ပါဘူး၊”

အရင်အစိုးရလက်ထက်ထဲကဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပြင် လက်ရှိအစိုးရ လက်ထက်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရေးကို အမေရိကန်အစိုးရက တောင်းဆိုခဲ့ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်နေတယ်ဆိုတဲ့ကိစ္စတွေကို သီးခြားလွတ်လပ်တဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးမှုတွေလုပ်ပေးဖို့ တောင်းဆိုသွားကြပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် စုံစမ်းပေးဖို့ တောင်းဆိုသွားကြတာပါ။ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အာရှဖိုရမ်အဖွဲ့က မဝေဝေနုက လူ့အခွင့်အရေးကောင်စီမှာ ခုလိုတင်ပြဆွေးနွေးသွားပါတယ်။

“ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အပါအဝင် ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာလည်း အလားတူ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဆယ်စုနှစ်နဲ့ချီဖြစ်နေပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကလည်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲ သွားအောင် မလုပ်နိုင်ခဲ့ပါဘူး။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို အစိုးရကဖွဲ့စည်းခဲ့ပေမယ့် အဲဒီထဲမှာ ရိုဟင်ဂျာအဖွဲ့ဝင်မပါသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖို့လုပ်ပိုင်ခွင့်လည်းပေးမထားပါဘူး။

ဒုသမ္မတဦးမြင့်ဆွေဦးဆောင်တဲ့ ကော်မရှင်အပါအဝင် ပြီးခဲ့တဲ့ ၅ နှစ်အတွင်းလုပ်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေကလည်း ယုံကြည်လက်ခံနိုင်စရာမရှိပါဘူး။ ပြည်တွင်းအဆင့်နဲ့လုပ်နေကြတဲ့ စုံစမ်းစစ်ဆေးမှုတွေလည်း တရားမျှတမှုနဲ့ ကျူးလွန်သူတွေကို အရေးယူနိုင်လောက်အောင် မျှော်လင့်ချက်မရှိလှပါဘူး။ ဒါကြောင့် ရခိုင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် မြန်မာ တနိုင်ငံလုံးမှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတွက် စုံစမ်းရေးကော်မရှင်၊ ဒါမှမဟုတ် အလားတူဆောင်ရွက်နိုင်မယ့်အဖွဲ့နည်းလမ်းတရပ် ထားရှိပေးဖို့ တောင်းဆိုပါတယ်။”

မြန်မာအာဏာပိုင်တွေအနေနဲ့ လူ့အခွင်အရေးချိုးဖောက်နေမှုတွေကို စုံစမ်းလိုပုံမရတာ ဒါမှမဟုတ် စုံစမ်းနိုင်ခြင်းမရှိတဲ့အပြင် ကျူးလွန်သူတွေကို ထိထိရောက်ရောက်အရေးမယူတဲ့ကိစ္စတွေကို တခြား လူ့အခွင့်အရေးအဖွဲ့တွေကလည်း တင်ပြပြီးသီးခြားလွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ တောင်းဆိုခဲ့ကြပါတယ်။ နိုင်ငံတကာ ခုံသမာဓိအဖွဲ့ဝင်များဆိုင်ရာကော်မရှင်က မဇာလီအေး က ခုလို တင်ပြသွားပါတယ်။

“ဘာသာကိုးကွယ်မှုကြောင့် ခွဲခြားဆက်ဆံမှုကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး လူမှုအသိုင်းအဝိုင်းကြားငြိမ်းချမ်းဖို့ဆောင်ရွက်ခဲ့သူ ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ တာဝန်ရှိသူအားလုံးကို ဖော်ထုတ်ပြီး မျှတတဲ့တရားစီရင်မှုလုပ်နိုင်အောင် ဘက်မလိုက် ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ သီးခြားလွတ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ တရားရေးစီရေးစနစ် အရေးပေါ်လိုအပ်နေပြီဆိုတာကိုလည်း ဒီအမှုက မီးမောင်းထိုးပြနေပါတယ်။”

မြန်မာအစိုးရဘက်ကတော့ စွပ်စွဲချက်တွေကို အလေးအနက်ထားစုံစမ်းဖြေရှင်းနေပြီး နိုင်ငံတကာစုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ဆိုတာကို လက်မခံနိုင်ဘူးလို့ မြန်မာကိုယ်စားလှယ်ဘက်က လူ့အခွင့်အရေးကောင်စီမှာ တုံ့ပြန်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပြင်ဆင်သင့်၊ ဖျက်သိမ်းသင့်တဲ့ဥပဒေပေါင်း ၂၆ ခုရှိပြီး ဒီကိစ္စကို မြန်မာအစိုးရကို တင်ပြအကြံပြုထားတယ်ဆိုတာကို မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းရေးမှူး Ms. Yanghee Lee ကလည်း လူ့အခွင့်အရေးကောင်စီစည်းဝေးပွဲမှာ ပြောသွားပါသေးတယ်။

တနင်္လာနေ့က လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့လည်း နိုင်ငံတော်တော်များများက မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းရေးမှူးကို မေးခဲ့ကြပါတယ်။ အဲဒီမေးခွန်းတွေကို Ms. Yanghee Lee က ခုလိုပြန်ဖြေသွားခဲ့ပါတယ်။

“ပင်လုံငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ လူ့အခွင့်အရေးကို ထည့်သွင်းမှရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီကိစ္စကို ကျမ မြန်မာအစိုးရထံ တင်ပြခဲ့ရာမှာ လူ့အခွင့်အရေးကို ဦးစားပေးတဲ့ အချက်တွေထဲမှာ အပြည့်အ၀ ထည့်သွင်းဖော်ဆောင်ပေးမယ်လို့ အာမခံချက်ရရှိခဲ့ပါတယ်။ ဒါကိုလည်း ကျမ နီးနီးကပ်ကပ်စောင့်ကြည့်လေ့လာသွားမှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်ထဲက ဗုဒ္ဓဘာသာဝင်တွေ ဟိန္ဒူဘာသာဝင်တွေ ခံစားနေကြရတဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့လည်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းရေးမှူးက တင်ပြသွားခဲ့ပါသေးတယ်။

“ရခိုင်ပြည်နယ်ထဲက ဗုဒ္ဓဘာသာဝင်တွေ ခံစားနေကြရတဲ့မကျေနပ်မှုတွေကို အမြန်ကိုင်တွယ်ဖြေရှင်းပေးရမယ်ဆိုတာကို ကျမပြောခဲ့ပြီးဖြစ်ပါတယ်။ ကျမခရီးစဉ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းကိုရောက်တော့ ရခိုင်လူ့အဖွဲ့အစည်းတွေအပြင် ဟိန္ဒူလူ့အဖွဲ့အစည်းတရပ်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အားလုံးက သူတို့အနာဂတ်နဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်ကြပြီး အသက်မွေးဝမ်းကျောင်းရှာဖွေရာမှာ အခက်အခဲတွေ ရင်ဆိုင်နေကြရတာကို ကျမတွေ့ခဲ့ရပါတယ်။”

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ သူ့ရဲ့ တင်ပြအစီရင်ခံချက် ဟာ ဘက်လိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိနေတဲ့အတွက် သူ့အနေနဲ့ လုံးဝဘက်မလိုက်ဘူးဆိုတာကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းရေးမှူး Ms. Yanghee Lee က လူ့အခွင့်အရေးကောင်စီစည်းဝေးပွဲမှာ ခုလို အခိုင်အမာပြောသွားခဲ့ပါတယ်။

“ကျမအနေနဲ့ ဘက်လိုက်ပြီး တဖက်သတ်ကျတဲ့ အစီရင်ခံစာ တင်သွင်းစရာလုံးဝမရှိပါဘူး။ဒါပေမယ့် ကျမအနေနဲ့ လက်တွေ့ဖြစ်ရပ်ပေါ်လွင်စေမယ့် အချက်အလက်တွေကို တချို့တွေက ကြိုက်နှစ်သက်ကြမှာမဟုတ်ရင်တောင်မှ ကျမမှာ တင်ပြဖို့တာဝန်ရှိပါတယ်။ ဒီလိုတိတိကျကျ ဆောင်ရွက်ဖို့ကိုလည်း လူ့အခွင့်အရေးကောင်စီက ကျမကို ယုံကြည်စိတ်ချစွာနဲ့ တာဝန်ပေးထားတာလည်း ဖြစ်ပါတယ်။ ကျမတင်သွင်းနေကြအတိုင်းပါပဲ၊ ဒီအစီရင်ခံစာ တင်သွင်းရာမှာ မြန်မာနိုင်ငံရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့နဲ့ နိုင်ငံတကာရဲ့လေးစားမှုခံရဖို့ မျှော်မှန်းချက်တွေကို ကျမဘက်က ထောက်ခံအားပေးဖို့ပဲ ဖြစ်ပါတယ်။”

ဂျနီဗာမှာလုပ်နေတဲ့ လူ့အခွင့်အရေးကောင်စီစည်းဝေးပွဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက် မူကြမ်းကို EU ကဦးဆောင်ရေးဆွဲနေပြီး ရှေ့သီတင်းပတ် အကုန်ပိုင်းမှာဆုံးဖြတ်ချက်ချမယ်လို့ မျှော်လင့်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG