သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအချက်အလက်ရှာဖွေရေး ခေါင်းဆောင်သစ် ပြောင်းလဲခန့်အပ်


ကုလသမဂ္ဂရဲ့ မြန်မာ ဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့ခေါင်းဆောင် အသစ် Marzuki Darusman
ကုလသမဂ္ဂရဲ့ မြန်မာ ဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့ခေါင်းဆောင် အသစ် Marzuki Darusman

ကုလသမဂ္ဂရဲ့ မြန်မာ ဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့ခေါင်းဆောင်ကို ကုလသမဂ္ဂက အသစ်ပြောင်းလဲ ခန့်အပ်လိုက်ပါတယ်။ မူလက အဖွဲ့ ဥက္ကဌ အဖြစ် တာဝန်ယူထားတဲ့ အိန္ဒိယနိုင်ငံက တရားရုံးချုပ်ရှေ့နေ Indira Jaising ကို အဖွဲ့က ဖယ်ရှားပြီး အင်ဒိုနီးရှား ရှေ့နေချုပ် အဖြစ် တာဝန်ယူခဲ့သူ Marzuki Darusman ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ဥက္ကဌက အစားထိုး ခန့်အပ်တာ ဖြစ်ပါတယ်။

မစ္စတာ Darusman ကတော့ ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယား လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် တာဝန်ယူခဲ့သူပါ။ အသစ်ဖွဲ့စည်းလိုက်တဲ့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့မှာတော့ အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်း Marzuki Darusman က ဦးဆောင်မှာ ဖြစ်ပြီး သီရိလင်္ကာနိုင်ငံက လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဟောင်း Radhika Coomaraswamy၊သြစတြေးလျနိုင်ငံက နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ် Christopher Dominic Sidoti တို့က အဖွဲ့ဝင်တွေအဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက တရားရုံးချုပ်ရှေ့နေ Indira Jaising ကို ဘာကြောင့် အဖွဲ့ကနေ ဖယ်ရှားလိုက်ရသလဲ ဆိုတာကိုတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီဘက်က ပြောဆိုခြင်း မရှိပါဘူး။ ဒါပေမယ့် Indira Jasing က အဖွဲ့ခေါင်းဆောင် အဖြစ် ရွေးချယ်ခံရပြီးနောက် Al Jazeera သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေဟာ လူမျိုးတုန်းသတ်ဖြတ်ခံရမယ့် အခြေအနေမျိုးနဲ့ ရင်ဆိုင်လာရနိုင်တာကြောင့် အခြေအနေက အတော်ကိုဘဲ မနှစ်မြို့ဖွယ် ကောင်းပါတယ်လို့ ပြောဆိုခဲ့တာပါ။ အဖွဲ့ရဲ့ လုပ်ငန်းတွေ မစခင်မှာ အခုလို ပြောဆိုချက်ဟာဆိုရင် အချက်အလက်ရှာ အဖွဲ့ အပေါ် အများယုံကြည် လက်ခံနိုင်မှု အပေါ်မှာ ထိခိုက်နိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းလိုက်တဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့ကတော့ မြန်မာနိုင်ငံတွင်းက အထူးသဖြင့် ရခိုင်ဒေသတွင်း စစ်တပ်နဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အနိုင်ကျင့်မှု ဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အချက်အလက် စုဆောင်းပြီး ကုလသမဂ္ဂကို တင်ပြဖို့ ဖြစ်ပါတယ်။ မြန်မာ အစိုးရဘက်ကတော့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့ကို နိုင်ငံတွင်း ဝင်ရောက်ခွင့် မပြုဘူးလို့ မူလက ပြောဆိုထားတာပါ။

အခု အသစ်ဖွဲ့စည်းလိုက်တဲ့ ကုလ အချက်အလက်ရှာဖွေရေး အဖွဲ့နဲ့ ပတ်သက်လို့တော့ မြန်မာ အစိုးရဘက်က တုံ့ပြန်ထားတာ မရှိသေးပါဘူး။ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့ အနေနဲ့ လာမယ့် စက်တင်ဘာမှာ တွေ့ရှိချက်တွေကို ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီကို နှုတ်နဲ့ အစီရင်ခံရမှာ ဖြစ်ပြီး လာမယ့် ၂၀၁၈ ခုနှစ် မတ်လမှာတော့ အစီရင်ခံစာ ရေးသားတင်သွင်းရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG