သုံးရလွယ်ကူစေသည့် Link များ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးမယ့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးက တောင်းဆိုလိုက်ပါတယ်။ ဒါဟာ ကုလသမဂ္ဂ အခြေခံမူအရ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က မနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

နိုင်ငံတကာ လူ့အခွင့်အရေး ကျွမ်းကျင်သူ (၃)ဦးနဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်လို့ သဘောမတူကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးလို့ မြန်မာအစိုးရက ထပ်မံ ပြောကြားလိုက်တဲ့အပေါ်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ Stéphane Dujarric က မနေ့က သတင်းစာရှင်းလင်းပွဲအတွင်း အခုလိုပြောကြားသွားပါတယ်။

"အခြေခံမူအရ ပြောရမယ်ဆိုရင် ကုလသမဂ္ဂရဲ့ လူအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံအားလုံးကို ကျနော်တို့ တိုက်တွန်းပါတယ်။"

ဒါအပြင် မကြာသေးခင် ရက်ပိုင်းအတွင်း လူမှုကွန်ယက်တွေမှာ ပြန့်နှံခဲ့တဲ့ မြန်မာစစ်တပ်က အရပ်ဝတ် (၄)ဦးကို ရိုက်နှက်နေတဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သက်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတချို့က အပြင်းအထန်ဝေဖန်ခဲ့တဲ့အပေါ်မှာ ကုလသမဂ္ဂအနေနဲ့ သတိပြုမိကြောင်းနဲ့ ဒီအဖြစ်အပျက်ကို မြန်မာအစိုးရက စုံစမ်းစစ်ဆေးပြီး အရေးယူသွားမယ်လို့ သူတို့ သိထားကြောင်း Stéphane Dujarric က ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရဘက်က မတ်လ (၂၄)ရက်နေ့က ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာတော့ ရခိုင်ပြည်နယ် အခြေအနေဟာ ထိလွယ်ရှလွယ်ပြီး လွတ်လပ်တဲ့ နိုင်ငံတကာအချက်အလက်ရှာဖွေဖေါ်ထုတ်ရေးအဖွဲ့ ဖွဲ့စည်း စေလွှတ်တာဟာ ပြဿနာဖြေရှင်းဖို့ အထောက်အကူ ပြုမှာ မဟုတ်တဲ့အပြင် ပြဿနာကို ပိုပြီးကြီးထွားစေကြောင်း၊ ဒါကြောင့် နိုင်ငံတကာ အချက်အလက် ရှာဖွေဖေါ်ထုတ်ရေးအဖွဲ့ စေလွှတ်တာကို လက်မခံကြောင်းဖေါ်ပြထားပါတယ်။

ဒါပေမဲ့လည်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မြန်မာအစိုးရအတွက် ပိုပြီး အကျိုးရှိစေတယ်လို့မြင်ကြောင်း နယူးရောက် အခြေစိုက် HRW ခေါ် နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams ကပြောပါတယ်။

"မြန်မာအစိုးရ အခိုင်အမာပြောဆိုနေတာက စွပ်စွဲချက် အတော်များများဟာ မဟုတ်မမှန်တွေ၊ အတုအယောင်တွေသာဖြစ်တယ်ဆိုရင် ဖြစ်ရပ်မှန်တွေသိအောင် သူတို့ကို လိုက်ပြီးပြပါ။ တကယ်လို့ သူတို့ဘက်ကမှန်တယ်ဆိုရင် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ အဲဒီအချက်တွေကို ဖေါ်ပြခံရမှာ ဖြစ်ပါတယ်။"

မြန်မာအစိုးရက ပူးပေါင်းဆောင်ရွက်ဖို့ မရှိပေမယ့်လည်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့အနေနဲ့ အခြားနည်းလမ်းတွေနဲ့ အဖြစ်အပျက်အကြောင်းအရာတွေကို ရရှိနိုင်ကြောင်း Brad Adams က အခုလိုဆက်ပြောပါတယ်။

"ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ လူတွေ ထောင်နဲ့ချီရှိနေပါတယ်။ သူတို့တွေဟာ မျက်မြင်သက်သေတွေဖြစ်သလို၊ ကိုယ်တိုင်လည်း နှိပ်စက်ခံခဲ့ရသူတွေဖြစ်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ လူတွေကလည်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကို တယ်လီဖုန်း၊ အင်တာနက်စကိုက်ပ် စတဲ့ ဆက်သွယ်ရေးနည်းလမ်းတွေနဲ့ ပြောဆိုနိုင်ပါတယ်။"

၂၀၁၆ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့နောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်တွေဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြင်းပြင်းထန်ထန် ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာအချက်အလက်ရှာဖွေ ဖေါ်ထုတ်ရေးအဖွဲ့ စေလွှတ်ဖို့ မတ်လက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီညီလာခံက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွက် ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို အိန္ဒိယနိုင်ငံ တရားရုံးချုပ်ရှေ့နေ Indira Jaising က ဦးဆောင်မှာ ဖြစ်ပြီး သီရိလင်္ကာနိုင်ငံက လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဟောင်း Radhika Coomaraswamy နဲ့ သြစတြေးလျနိုင်ငံက နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ် Christopher Dominic Sidoti တို့က အဖွဲ့ဝင်တွေအဖြစ် မေလ (၃၀)ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ဥက္ကဋ္ဌရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG