သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ကုလစုံစမ်းရေးအဖွဲ့ကို လက်ခံဖို့ အကဲခတ်တွေ တိုက်တွန်း


ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းများမြင်ကွင်း။
ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းများမြင်ကွင်း။

ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးဖို့ ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာအစိုးရက လက်မခံဘူးဆိုရင် နိုင်ငံတကာရဲ့ ယုံကြည်မှုကို လျော့ကျစေပြီး ဆန့်ကျင်ဝေဖန်တာတွေ ပိုမိုမြင့်တက်လာနိုင်ကြောင်း မြန်မာအရေးသုံးသပ်သူတွေက သုံးသပ်ပါတယ်။ ဒါအပြင် ပြည်တွင်းအခြေအနေမှန်ကို တင်ပြဖို့အတွက်အခွင့်အရေးတခုလည်း ဆုံးရှုံးနိုင်တယ်လို့လည်း သုံးသပ်ကြ ပါတယ်။ ဒီသတင်းကိုဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံ လာခွင့်မပြုဖို့ မြန်မာသံရုံးတွေကို လိုအပ်သလို ညွှန်ကြားကာကွယ်သွားမယ့်အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောဆိုခဲ့တာဟာ အရပ်သားအစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်တယ်လို့ အကဲခတ်တွေက သတိပေးနေကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီက ရခိုင်ပြည်နယ်အရေးစုံစမ်းဖို့အတွက် ဖွဲ့စည်းခဲ့တဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ (Fact Finding Mission)ကို လက်မခံဘူးဆိုရင် မြန်မာအစိုးရအပေါ် နိုင်ငံတကာက ယုံကြည်မှု တွေ ကျဆင်းလာနိုင်ကြောင်း နိုင်ငံတကာရေးရာသုံးသပ်သူ ဒေါက်တာခင်ဇော်ဝင်းက သုံးသပ်ပါတယ်။

"အကျိုးအမြတ် ဘာမှမမြင်ဘူး။ ထိခိုက်မှုက များမယ်နော်။ ငြင်းဆန်နေမယ်ဆိုရင် ပြသနာက ပျောက်သွားမှာမဟုတ်ဘူးလေ။ တစ်ပါတီအစိုးရတို့ စစ်အစိုးရတို့ဆိုရင် တမျိုး အခုက ဒီမိုကရေစီအစိုးရဖြစ်ပြီး ငြင်းတယ်ဆိုလို့ရှိရင်တော့ အင်မတန်ရုပ်ဆိုးတယ်။က အခုတောင်ဖြစ်နေပြီလေ ဆိုတော့ ပိုဆိုးလာမှာပဲ။ ဒီဒီမိုကရေစီအစိုးရရော ဒီဒီမိုကရေစီခေါင်းဆောင်ရော ပြောမယ်ဆိုရင် နိုင်ငံတကာက ဝိုင်းပြီးဝေဖန်နေကြတယ် ရှုတ်ချနေကြတယ် အယုံကြည်မရှိဘူးပြောနေကြတယ်။ အခုလိုလုပ်ခြင်းအားဖြင့် ခုနကပြောတဲ့ စိတ်ဆန္ဒတွေ အမြင်တွေက ပိုပြီးတော့ ပြင်းထန်လာမယ်။"

၂၀၁၂ ခုနှစ်ကစလို့ လူမှုအသိုင်းအဝန်းကြား ဖြစ်ပွားတဲ့ ပဋိပက္ခတွေကြောင့် မတည်မငြိမ်အခြေအနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ၊ လုံခြုံရေးအာဏာပိုင်တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေကြောင်း စွပ်စွဲချက်တွေအပေါ် စုံစမ်းဖို့ ကုလသမဂ္ဂက အချက်အလက် ရှာဖွေရေးအဖွဲ့စေလွှတ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကုလသမဂ္ဂရဲ့ အစီအစဉ်ဟာ လက်တွေ့ အခြေအနေတွေကို ထင်ဟပ်မှု မရှိဘူးဆိုပြီး မြန်မာအစိုးရက ကန့်ကွက်ထားတာပါ။

လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေတဲ့ Equality Myanmar ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂရဲ့ အစီအစဉ်ကို လက်မခံဘူးဆိုရင် အခြေအနေမှန်ကို တင်ပြနိုင်ဖို့ အခွင့်အရေးလည်း ဆုံးရှုံးနိုင်ကြောင်း ပြောပါတယ်။

" လူ့အခွင့်အရေးချိုးဖောက်မှုတွေမရှိပါဘူး ဒါကို အမှန်တကယ်ဆောင်ရွက်နေပါတယ်ဆိုတဲ့ အချက်ကို သက်သေပြနိုင်ဖို့အတွက် အခွင့်အလမ်းတခုကလည်း လွတ်သွားနိုင်တယ်။ တကယ်လို့ မရှိဘူးဆိုရင်လည်း မရှိဘူးဆိုတာ သက်သေပြနိုင်ဖို့အတွက် အခွင့်အလမ်းရှိမယ်။ စုံစမ်းစစ်ဆေးတဲ့သူတွေကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မရှိဘူးဆိုလည်း မရှိဘူးဆိုတာ တင်ပြကြမှာပဲ။ အဲ့တော့ တကယ်လို့များ ကိုယ့်ဘက်က ခိုင်လုံပေမဲ့ စုံစမ်းမှု ခွင့်မပြုတဲ့အတွက်ကြောင့်မို့လို့ ဒါတွေကို ဆုံးရှုံးသွားနိုင်တဲ့အရာတခုပါ။"

လူ့အခွင့်အရေးချိုးဖောက်မှုတွေအမှန်တကယ်ရှိနေတယ်ဆိုရင် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုကို မရရှိတာ ကြောင့် ချိုးဖောက်သူတွေက ပိုမိုကျူးလွန်နိုင်သလို ချိုးဖောက်ခံရသူတွေက အစိုးရကို အယုံအကြည် မရှိဖြစ်ပြီး တိုင်းပြည်အတွက် ရေရှည်ထိခိုက်နိုင်ကြောင်းလည်း သုံးသပ်ပါတယ်။

ဒုတိယဝန်ကြီး ဦးကျော်တင်က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရှင်းလင်းပြောဆိုစဉ်မှာ ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်ပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဆောင်ရွက် နေတာရှိသလို ကုလသမဂ္ဂအတွင်းရေးမှုချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေး ကော်မရှင်ကလည်း လေ့လာစုံစမ်းတာတွေ ဆောင်ရွက်နေကြောင်း တင်ပြထားပါတယ်။

ဒီအချက်အပေါ်မှာ ဒေါက်တာခင်ဇော်ဝင်းက သူ့အမြင် အခုလိုပြောပါတယ်။

"ဒုတိယသမ္မတတယောက်လုပ်သွားတဲ့ကော်မရှင်က ပြည်တွင်းမှာတောင်မှ သိပ်ပြီးတော့ ထောက်ခံမှုက မရှိဘူး။ အစိုးရက လုပ်မြဲကိစ္စတခုလိုပဲ လူတွေက ဒါကို သိပ်တောင် ဂရုမစိုက်ဘူးလေ။ နောက်ပြိးတော့ ကိုဖီအာနန်ကော်မရှင်ကလည်း အချိန်ယူပြီးတော့ လုပ်ရဦးမယ်။ ဒီနှစ်ခုနဲ့ ပြီးရောလို့ သတ်မှတ်လို့မရဘူးလေ။ ကိုယ်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတခုဖြစ်နေတယ်။ ဟိုဘက်ကလည်း ကိုယ်တွေဆီက လောလောဆယ်ဖြစ်ပျက်နေတဲ့ဟာတွေကို မထင်လို့ သူ့အနေနဲ့ စုံစမ်းစစ်ဆေးရေး အချက်အလက်ရှာဖွေရေး စေလွှတ်လိုက်တာပဲ ဥပမာ နှစ်ခုသုံးခုရှိလို့ မင်းတို့ လာစရာမလိုဘူးဆိုရင်လည်း ပြောမယ်ဆို မလုံလောက်ဘူးလေ။ မပြည့်စုံဘူး။"

ဦးအောင်မျိုးမင်းရဲ့အမြင်ကတော့-

"ဦးမြင့်ဆွေရဲ့ကော်မရှင်ကို အများစုက သူ့ရဲ့နောက်ကြောင်းရာဇဝင်ကြောင့်မို့လို့ ယုံကြည်မှုမရှိကြဘူး ဒါကြောင့်မို့လို့ ဒီဟာနဲ့ပတ်သက်ပြီး သံသယတွေအများကြီးရှိတယ် ဒါက ပထမတချက်ပါ ဒါကြောင့် နိုင်ငံတကာကနေ ပွင့်လင်းသော လွတ်လပ်သော ကျွမ်းကျင်သောသူမျိုး ရှိဖို့အတွက် ထပ်မံတောင်းဆိုခြင်းဖြစ်တယ်လို့ ကျနော်ယူဆတယ်။ နောက် ကိုဖီအာနန်ရဲ့ ကော်မရှင်ကိုပြောမယ်ဆိုရင် ကိုဖီအာနန်ရဲ့ကော်မရှင်မှာ လူ့အခွင့်အရေးချိုးဖောက်မှုကို စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့အတွက် လုပ်ပိုင်ခွင့်လုံးဝမရှိပါဘူး သူ့တာဝန်က ဖြစ်နေတဲ့အကြောင်းရင်းကို ဖော်ထုတ်ပြီးတော့ ဘယ်လိုဖြေရှင်းနိုင်မလဲ ဆိုတဲ့ အကြံပြုချက်တွေ ပေးတာပဲဖြစ်ပါတယ်။ အဲ့တော့ ဒီနှစ်ခုရဲ့ကြားထဲမှာ ကျနော်တို့အားလုံးလည်း ယုံကြည်နိုင်တယ် နိုင်ငံတကာကလည်း လေးစားထားတယ်။ နောက်ပြီးလို့ရှိရင် လုပ်ပိုင်ခွင့်လည်း ရှိသော နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ကို ထားရှိဖို့ တောင်းဆိုတာဖြစ်တယ်လို့ ကျနော် အဲ့လိုပဲ တွေးမိပါတယ်။"

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကတော့ မြန်မာနိုင်ငံကို စေလွှတ်မယ့် အချက်အလက်ရှာဖွေရေးအဖွဲ့ကို အိန္ဒိယနိုင်ငံက Indira Jaising က ဦးဆောင်ပြီး၊ အဖွဲ့ဝင်တွေအဖြစ် သီရိလင်္ကာနိုင်ငံက Radhika Coomaraswamy သြစတြေးလျနိုင်ငံက Christopher Sidoti တို့ ပါဝင်မှာဖြစ်ကြောင်း ပြီးခဲ့တဲ့ မေလထဲမှာပဲ ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG