သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ကုလအဖွဲ့ မလာဖို့ တားမြစ်မှုအပေါ် အမြင်များ


ကုလသမဂ္ဂက ဖွဲ့စည်းလိုက်တဲ့ ရခိုင်ဒေသတွင်း လူ့အခွင့်အရေးချိုးဖေါက်မှု စုံစမ်းမယ့် အချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံတွင်း လာရောက်ခွင့် ပြုမှာမဟုတ်ဘူးလို့ မြန်မာအစိုးရက ငြင်းဆိုလိုက်တာဟာ ပြဿနာကို ဖြေရှင်းတဲ့နည်းလမ်း မဟုတ်ပဲ အခြေအနေတွေကို ပိုဆိုး လာစေမှာဖြစ်တယ်လို့ A.I ခေါ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကြီးက တုန့်ပြန်လိုက်ပါတယ်။ မြန်မာအစိုးရရဲ့ အခုလို ဆုံးဖြတ်ချက်နဲ့ ပတ်သက်တဲ့ အမြင်တွေကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကိုစုံစမ်းဖို့ အချက်အလက် ရှာဖွေရေးအဖွဲ့တဖွဲ့ မြန်မာနိုင်ငံစေလွှတ်ရေးကို ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြီးခဲ့တဲ့ မတ်လထဲမှာ ဆုံးဖြတ်ချက်ချခဲ့တာပါ။ အဲဒီ ကုလ အချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာ နိုင်ငံတွင်း လာရောက်ခွင့် ပြုမှာမဟုတ်ဘူးလို့ အစိုးရရဲ့သဘောထားကို ဒုနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်က ဇွန် ၂၉ ရက် ကြာသပတေးနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

“ ကျနော်တို့ အနေနဲ့ Fact Finding Mission စေလွှတ်တဲ့ အစီအစဉ်ကို ကန့်ကွက်ရန်ပြုနိုင်သော်လည်းပဲ ကုလသမဂ္ဂရဲ့ Mandate နဲ့ ဖွဲ့စည်းတဲ့ အဲဒီ ဖွဲ့စည်းခြင်းကိုသော်လည်းကောင်း အဲဒီ Mission ကနေပြီးတော့ အစီရင်ခံစာ ပြုစုတင်သွင်းခြင်းကို သော်လည်းကောင်း ကျနော်တို့ အနေနဲ့ ဟန့်တားနိုင်တဲ့ အနေအထား ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ အနေနဲ့ မြန်မာနိုင်ငံကိုတော့ လာရောက်ခွင့် မပြုဖို့ အတွက် မြန်မာသံရုံးတွေကို လိုအပ်တဲ့ ညွှန်ကြားမှုများ ပြုလုပ်ကာ တားဆီးသွားမှာ ဖြစ်ပါတယ်။”

ရခိုင်အရေးအတွက် အချက်အလက်ရှာဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွှတ်နိုင်ရေး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်ဖွဲ့စည်းခဲ့ တာဟာ ရခိုင်ဒေသရဲ့အခြေအနေကို ပိုပြီး ဆိုးရွားသွားစေနိုင်တာကြောင့် မြန်မာအစိုးရက ဒါကို လက်မခံရတာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မကြာသေမီက သွားရောက်ခဲ့တဲ့ ဆွီဒင်ခရီးစဉ်အတွင်း ပြောကြားခဲ့ပါတယ်။

“ကုလသမဂ္ဂဖွဲ့စည်းထားတဲ့ အချက်အလက် ရှာဖွေစုံစမ်းရေးအဖွဲ့ဟာ အခြေအနေ ပိုကောင်းလောအောင် အထောက်အကူ မပြုနိုင်တဲ့အပြင် မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းတွေကြား ပိုပြီးတော့ ရန်လိုမုန်းတီးမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒီ ကုလသဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ကျမတို့ လက်မခံတာကတော့ ကျမတို့တည်ဆောက်လိုတဲ့ ဒေသတွင်း အချင်းချင်း အပြန်အလှန် ယုံကြည်နားလည်မှုနဲ့ သဟဇာတရှိရှိ အတူယှဉ်တွဲ နေထိုင်နိုင်မှုကို အထောက်အပံ့ပေးနိုင်လိမ့်မယ်လို့ မယုံကြည်သလို၊ နှစ်ဘက်လုံးမှာရှိနေတဲ့ ကြောက်ရွံ့စိတ်တွေကိုလည်း ဖြေဖျောက်ပေးနိုင် လိမ့်မယ်လို့ ကျမ မထင်ပါဘူး။”

အခုလို ဒေါ်အောင်ဆန်းစုကြည်က ပြောပေမယ့်၊ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကို လာခွင့် မပေးတာကသာ အခြေအနေတွေ ပိုဆိုးလာစေမှာဖြစ်ပြီး၊ မြန်မာအစိုးရရဲ့ ငြင်းဆန်နေမှုဟာ ပြဿနာကိုဖြေရှင်းတဲ့ နည်းလမ်းမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့ A.I ရဲ့ ဝါရှင်တန်ဒီစီ အကြီးအကဲ Mr. T Kumar က တုန့်ပြန်ပြောဆို လိုက်ပါတယ်။

“ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာအစိုးရက လာခွင့်မပေးတဲ့ ဆုံးဖြတ်ချက်အပေါ် A.I အဖွဲ့က လွန်စွာမှ စိတ်ပျက်မိ ပါတယ်။ ဒါဟာ ပြဿနာကို ဖြေရှင်းရာမရောက်ပဲ အခြေနေတွေကို ပိုပြီး ဆိုးဝါးလာစေမှာ ဖြစ်ပါတယ်။ တစုံတခုကို ဖုံးကွယ်ထားချင်တဲ့ အခါမျိုးမှာသာ လာခွင့်မပြုတဲ့သဘော ရှိတတ်တာကြောင့်၊ ကုလကော်မရှင်ကို အမြန်ဆုံး လာခွင့်ပြုဖို့ အခိုင်အမာ တောင်းဆိုချင်ပါတယ် ”

တကယ်တော့ ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေဟာ သူတို့အကျိုးစီးပွားအတွက် လုပ်ဆောင်နေကြတာမျိုးရှိသလို၊ မြန်မာအစိုးရ ဘက်ကလည်း ကိုယ့်ပြည်တွင်း အခြေနေတွေပေါ်မူတည်ပြီး အချက်အလက် ရှာဖွေရေးအဖွဲ့ကို တားမြစ်ရတာမျိုး ဖြစ်တယ်လို့ သူနားလည်ကြောင်း အမေရိကန်အခြေစိုက် မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“ရခိုင်ဒေသအရေးအခင်းကတော့ အင်မတန်မှ ရှုပ်ထွေးတော့ အဲဒီလို နိုင်ငံတကာက လာတဲ့ အဖွဲ့အစည်းတွေလာလိုက်ရင် ပိုပြီးတော့ ဆိုးသွားမလားဆိုတဲ့ တွက်ချက်မှုနဲ့ အစိုးရက ဆုံးဖြတ်တယ်လို့ မြင်ပါတယ်ခင်ဗျ။ နိုင်ငံတော်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ကို ဆောင်ရွက်နေတယ်လို့ပဲ ကျနော်ယူဆပါတယ်။ နိုင်ငံတကာက နိုင်ငံတကာဆိုတာ .. လူ့အခွင့်အရေးပြောပြော ၊ အထူးသဖြင့်တော့ ကုလသမဂ္ဂပြောပြော ဒီအဖွဲ့အစည်းတွေကတော့ သူတို့အဖွဲ့အစည်းရဲ့ ဦးတည်ချက်၊ ရပ်တည်ချက်နဲ့ တနည်းအားဖြင့် အကျိုးစီးပွားပေါ့ သူတို့ဘက်က ကြည့်ကြတယ်။ ဆိုတော့ ကျနော်တို့နိုင်ငံ အစစအရာရာ ချို့တဲ့နေတဲ့အချိန်မှာ တခြားကနေဝင်လာတဲ့ အကြမ်းဖက်မှုတွေ မဖြစ်အောင်လို့ နိုင်ငံတကာ ဖိအားပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံအကျိုးစီးပွားအတွက် လုပ်တဲ့ ဆုံးဖြတ်ချက် ဖြစ်နိုင်တယ်လို့ ကျနော်သုံးသပ်ပါတယ်။”

ဒီအတောတွင်း ပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲက မောင်တောဒေသတဝိုက်မှာ အကြမ်းဖက်အဖွဲ့အတွက် လူသစ်စုဆောင်းနေတာတွေရှိ သလို၊ ဒေသခံတွေ ရုတ်တရက်ပျောက်ဆုံးသွားတာ အသတ်ခံရတာတွေလည်း ရှိနေကြောင်း၊ ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲ အကြမ်းဖက် လေ့ကျင့်သင်ကြားတဲ့ မြေအောက်ခန်းတွေနဲ့ လက်နက်တချို့ကိုလည်း ရှာဖွေ သိမ်းဆည်း မိခဲ့တယ်လို့ နိုင်ငံတော်အတိုင်းပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG