သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအချက်အလက်ရှာဖွေရေးအဖွဲ့ကို လက်ခံဖို့ မြန်မာကို အမေရိကန် တိုက်တွန်း


ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley

ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်း စစ်ဆေးမယ့် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံကို လာရောက်ခွင့်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က တနင်္လာနေ့မှာ ထပ်မံ ဖိအားပေး တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး Yanghee Lee ရဲ့ ၁၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အစမှာ သံအမတ်ကြီး Haley က အခုလို တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေ ထွက်ပေါ် နေတာကို စုံစမ်း စစ်ဆေးရေးအတွက် UNHRC ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြီးခဲ့တဲ့ မတ်လအတွင်း အချက်အလက် ရှာဖွေရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တာပါ။ ဒါပေမယ့် ကုလသမဂ္ဂက စေလွတ်မယ့် အိန္ဒိယ နိုင်ငံက Indira Jaising ၊ သီရိလင်္ကာနိုင်ငံက Radhika Coomaraswamy ၊ သြစတေးလျနိုင်ငံက Christopher Dominic Sidoti တို့ ၃ ဦးနဲ့ ဖွဲ့ထားတဲ့ အချက်အလက် ရှာဖွေရေး ကိုယ်စားလှယ် အဖွဲ့ကို ပြည်ဝင်ခွင့် ဗီဇာပေးမှာ မဟုတ်ကြောင်း မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်က ဇွန်လ ၂၉ ရက်နေ့က ပြောကြားခဲ့တာပါ။

လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုတခုထဲကြောင့် ဘယ်သူမှ ခွဲခြား ဆက်ဆံခြင်း မခံရသင့်ကြောင်း၊ မြန်မာအစိုးရအနေနဲ့ ဒီ အချက်အလက် ရှာဖွေရေးအဖွဲ့အပေါ် ပေးအပ်ထားတဲ့ တာဝန်တွေ ထမ်းဆောင်ခွင့်ပြုဖို့ အရေးကြီးကြောင်း ၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတာတွေကို နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ လျစ်လျူရှုထားလို့ မရနိုင်ကြောင်း၊ ဒီ ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို လက်ခံဖို့ မြန်မာအစိုးရကို အားလုံး အတူတကွ တောင်းဆိုကြရမှာဖြစ်ကြောင်း သံအမတ်ကြီး Haley ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စကို မြန်မာအစိုးရဘက်က သီးခြား စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်ဆိုပြီး ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ကို လက်ခံဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့တွေက လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်၊ အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်ခဲ့တယ်ဆိုတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ထွက်ဆိုချက်တွေအပေါ် အခြေခံပြီး ကုလသမဂ္ဂက ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် အဲဒီလုပ်ရပ်တွေဟာ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်ကြောင်း ပြောဆိုမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မောင်တောဒေသမှာ ရှိတဲ့ နယ်ခြားစောင့် ကင်းစခန်း ၃ ခုကို အကြမ်းဖက်သမားလို့ ယူဆရသူတွေက ဝင်ရောက် တိုက်ခိုက်ခြင်း ခံခဲ့ရပြီးတဲ့နောက် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေ ရှင်လင်းရေး ပြုလုပ်စဉ် ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြရတဲ့ အိုးအိမ်မဲ့ ဖြစ်ခဲ့သူပေါင်း ၉ သောင်းရှိတယ်လို့ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်ကို ကိုးကားပြီး သံအမတ်ကြီး Haley ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေးအဖွဲ့ စေလွတ်မယ့်ကိစ္စကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ထောက်ခံကြောင်း ပြောဆိုထားပါတယ်။

UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ဟာ ဇူလိုင်လ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ မြန်မာနိုင်ငံကို ၆ ရက်ကြာ သွားရောက် လည်ပတ်ခဲ့ပြီး ပဋိပက္ခဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့သလို၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးဖို့ မဟာမင်းကြီး Filippo Grandi က မြန်မာနိုင်ငံက မပြန်ခင်မှာ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG