သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယန်ဟီးလီခရီးစဉ် မြန်မာအစိုးရ သတိပေးချက်အပေါ် အကဲခတ်တို့အမြင်


မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီ မြန်မာခရီးစဉ် လာရောက်ခဲ့စဉ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီ မြန်မာခရီးစဉ် လာရောက်ခဲ့စဉ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီ - ရှေ့သီတင်းပတ်ထဲ မြန်မာနိုင်ငံကို လာရောက်တဲ့အခါ လူ့အခွင့်အရေးကောင်စီမှာ ပြီးခဲ့တဲ့မတ်လက ဆုံးဖြတ် ဖွဲ့စည်းထားတဲ့ အချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့် တာဝန်တွေနဲ့ ပတ်သက်မှု မရှိစေဖို့ မြန်မာအစိုးရက သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေတွေကို ၁၁ ရက်ကြာ လာရောက် စုံစမ်းမယ့် မစ် ယန်ဟီးလီရဲ့ ခရီးစဉ်မတိုင်ခင် ခုလိုကြိုတင် သတိပေးလိုက်တာနဲ့ ပတ်သက်လို့ နိုင်ငံရေး အကဲခတ်တချို့ရဲ့ အမြင်တွေ ဘယ်လိုရှိပါလဲ။ မခင်ဖြူထွေးက စုစည်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီ (Yanghee Lee) ဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအတွေကို လေ့လာနိုင်ဖို့အတွက် သူ့ရဲ့ ခြောက်ကြိမ်မြောက် ခရီးစဉ်ကို ဒီလ ၁၀ ရက်နေ့ကနေ စတင်ပြီး ၂၁ ရက်နေ့အထိ လာရောက်ဖို့ ရှိနေပါတယ်။ ဒီခရီးစဉ်အတွင်း မစ် ယန်ဟီးလီအနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ပြီးခဲ့တဲ့ မတ်လတုန်းက ဆုံးဖြတ်ချက်ချခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်လို့ အချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့် တာဝန်တွေနဲ့ပတ်သက်မှု မရှိစေဖို့ မြန်မာအစိုးရက သတိပေး ထားပါတယ်။ ဒီလို ကြိုတင် သတိပေးခဲ့တာနဲ့ပတ်သက်လို့ နိုင်ငံရေးအကဲခတ် ဒေါက်တာ ခင်ဇော်ဝင်း ကတော့ ခုလို သုံးသပ်ပါတယ်။

"အခုက သူက ခွင့်တော့ပေးတယ် လာခွင့်တော့ပေးတယ် သို့သော် ခုနက Fact Finding Mission နဲ့ မပတ်သက်စေရဘူးဆိုတဲ့အခါကျတော့ ဒီနှစ်ခုက သူတို့နဲ့ နွယ်နေတာပဲ။ အကုန်လုံးပဲလေ ဟုတ်တယ်မဟုတ်လား။ ဟိုကလည်း Human Rights ဒီကလည်း Human Rights ပဲလေ နောက်ပြီးတော့ ပြောမယ်ဆိုရင်လည်း ယန်ဟီးလီက သတ္တိရှိရှိနဲ့ ထောက်ခံပြီးတော့ လိုလားထားတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တယ် အခုသူက လာပြီးတော့ Fact Finding Mission နဲ့ မပတ်သက်စေရဘူးဆိုတော့ သူ့လုပ်ငန်းက နည်းနည်းလေးတော့ ကန့်သတ်ခံလိုက်ရတာပေါ့ဗျာ။ ဒီဥစ္စာက ဝိနည်းလွတ် လုပ်မယ် ဆိုရင်တော့လည်း ရပါတယ်။ အဲ့ဒီ့ဟာက နည်းနည်းလေးတော့ သိမ်မွေ့တယ်ဗျ နော်။ ဒါပေမဲ့လည်း ကုန်ကုန်ပြောရမယ်ဆိုရင်တော့ မြန်မာအစိုးရအနေနဲ့ကတော့ ဒီလိုတော့ မချုပ်သင့်ဘူးဗျနော်။ ကဲ ကောင်းပြီ Fact Finding Mission ကို ဗီဇာပေးဦး အဲ့တာက တပိုင်း ယန်ဟီးလီကို လာခွင့်ပေးတယ် ဒါပေမဲ့ ယန်ဟီးလီကို ခုနကဟာနဲ့မပတ်သက်စေ ရဘူးလို့ ပြောတဲ့အခါကျတော့ မြန်မာအစိုးရအနေနဲ့က လွန်သွားတယ်။ မလုပ်သင့်ဘူး ဒီဥစ္စာကို မလုပ်သင့်ဘူး အခုက ဘယ်လိုဖြစ်သွားသလဲဆိုတဲ့အခါကျတော့ ကိုယ့်အကျိုးစီးပွား ရှိတဲ့အခါကျရင်တော့ လူ့အခွင့်အရေးကိုသွားပြီးတော့ ဖက်မယ် ကိုယ့်အကျိုးစီးပွား မရှိဘူးဆိုလို့ရှိရင် လူ့အခွင့်အရေးကတော့ Very Sorryပဲ။ ဆိုတော့ အဲ့လိုပုံစံမျိုးကတော့ အစိုးရတရပ်အနေနဲ့ကတော့ လုံးဝ မလုပ်ထိုက်ဘူးလို့ ကျနော်မြင်ပါတယ်။"

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီ ကတော့ - သူ့ရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဆန်းစစ်ဖို့ ဖြစ်တယ်လို့ ပြောထားပါတယ်။ မြန်မာနိုင်ငံ နေရာအတော်များများမှာ လုံခြုံရေးအခြေအနေတွေ ဆိုးရွားလာနေတာကြောင့် လူ့အခွင့်အရေး အခြေအနေအပေါ် ကြီးမားတဲ့ အကျိုးဆက်တွေ ဖြစ်လာမှာကို အထူးစိုးရိမ်ကြောင်းလည်း ဒီကနေ့ မစ် ယန်ဟီးလီက ထုတ်ပြန် ပြောဆိုထားပါတယ်။

မစ်ယန်ဟီးလီရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ မြန်မာအစိုးရရဲ့ သတိပေးချက်ဟာ မလိုအပ်ဘဲ စိုးရိမ်မှုလွန်ကဲရာရောက်ပြီး ကိုယ့်ရဲ့ပုံရိပ်ကိုပါ ထိခိုက်စေနိုင်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ ညီမျှခြင်းမြန်မာ အဖွဲ့ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

"ဟုတ်ကဲ့ ကုလသမဂ္ဂ လုပ်ထုံးလုပ်နည်းအရ ပြောမယ်ဆိုရင် ဒီတာဝန်ပေးထားတဲ့သူက တာဝန်ပေးထားတဲ့အတိုင်း တာဝန်ကျေပြွန်စွာ လုပ်ဆောင်ရပါတယ်။ သူ့ကိုပေးထားတဲ့ တာဝန်ပေးတာမဟုတ်ပဲနဲ့ ကျန်တဲ့ဒါလေးကို ကြုံလို့လုပ်လိုက်ပါဆိုပြီး လမ်းကြုံလို့ ခိုင်းတာမျိုးကတော့ ဘယ်လိုမှ မရှိဘူးခင်ဗျ။ ဒီလူ့အခွင့်အရေးကောင်စီတခုလုံးကနေ တာဝန်ပေးထားတဲ့ ယန်ဟီးလီက သူ့ကိုပေးထားသော အထူးစုံစမ်းစစ်ဆေးရေးအရာရှိရဲ့ တာဝန်ကိုပဲ ထမ်းဆောင်မှာပါ။ အဲ့တော့ ကျနော်တို့ အစိုးရတွေဘက်ကလည်း နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းတွေ ဒါနဲ့ပတ်သက်ပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုတွေ ဘယ်လိုရှိလဲဆိုတာ သဘောပေါက်ဖို့ လိုအပ်ပါတယ်။ မလိုလားအပ်ပဲနဲ့ ဒီလိုမျိုး ကန့်သတ်မှုတွေ သတိပေးမှုတွေ လုပ်တဲ့အခါမှာ ကျနော်တို့ တခါတလေကျရင် တိုင်းပြည်ရဲ့အမြင်က သိပ်မကောင်းဘူးခင်ဗျ။ ဘာကြောင့် ဒီလောက်အထိ သည်းသည်းလှုပ်ဖြစ်နေရသလဲ ဘာကြောင့် ဒီလောက်အထိ ဆတ်ဆတ်ထိမခံဖြစ်နေရလဲ ဆိုပြီးတော့ တချို့နိုင်ငံတွေကနေပြီးတော့ ဒါကို ပြန်ပြီးတော့ ပြန် ပြောတဲ့အရာမျိုး ဖြစ်လာနိုင်ပါတယ်။ အဲ့တော့ ကုလသမဂ္ဂဆိုတာ နိုင်ငံတကာက ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ခန့်အပ်ထားတဲ့သူတွေကလည်း လုပ်ပိုင်ခွင့်အတိုင်းပဲ လုပ်လို့ရတယ် လုပ်ပိုင်ခွင့်ထက် ကျော်လို့မရပါဘူး အဲ့တော့ စိုးရိမ်စရာမရှိပါဘူး လုပ်ပိုင်ခွင့်က ဘာလဲဆိုတာ သဘောပေါက်လို့ရှိရင် စိုးရိမ်စရာ မရှိသင့်ဘူးလို့ ကျနော်ယူဆပါတယ်။"

မစ် ယန်ဟီးလီ အနေနဲ့ ၁၂ ရက်ကြာ ခရီးစဉ်အတွင်း မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ နိုင်ငံရေးနဲ့ လူမှုအသိုင်းအဝန်းက လူပုဂ္ဂိုလ်တွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံ ရသူတွေ၊ နိုင်ငံတကာ အသိုင်းအဝန်းက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံသွားမှာ ဖြစ်သလို၊ အထူးစီးပွားရေးဇုန် လုပ်ငန်းတွေကြောင့် အကျိုးဆက်တွေ ကြုံနေရတာတွေကို လေ့လာစုံစမ်းသွားမှာ ဖြစ်တယ်လည်း ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူ့အနေနဲ့ ရန်ကုန်နဲ့ နေပြည်တော်မြို့တွေအပြင် အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေကို သွားရောက်လေ့လာဖို့ စီစဉ်ထားတဲ့အကြောင်းနဲ့ ရှမ်းပြည်နယ်ခရီးစဉ်တွင်းမှာတော့ လုံခြုံရေးအခြေအနေကြောင့် တချို့ နေရာတွေကို သွားရောက်ခွင့် မြန်မာအစိုးရက ပေးမထားဘူးဆိုတာကိုလည်း ဖော်ပြထားပါတယ်။

မြန်မာသမ္မတရုံးရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ - မစ် ယန်ဟီးလီရဲ့ခရီးစဉ်ကို မြန်မာအစိုးရအနေနဲ့ လက်ခံထားပေမဲ့၊ ဒီခရီးစဉ်အတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့နဲ့ ပတ်သက်မှု မရှိစေဖို့ ကြိုတင်အကြောင်းကြား ထားတဲ့အကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ အချက်အလက် ရှာဖွေ ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့တာဟာ လက်တွေ့အခြေအနေနဲ့ ကိုက်ညီမှုမရှိသလို၊ ရခိုင်ပြည်နယ်မှာ ကာလကြာရှည် ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ခြင်းမရှိတဲ့အတွက် လက်မခံနိုင်ကြောင်း ဒီကနေ့ ကြေညာချက်မှာ ထပ်မံ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ်ယန်ဟီးလီ အနေနဲ့ ၁၂ ရက်ကြာ သူ့ရဲ့မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်တွေကိုတော့ လာမယ့် အောက်တိုဘာလထဲ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစီရင်ခံစာ တင်သွင်းသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG