သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုသမ္မတ ရခိုင်ကော်မရှင် အစီရင်ခံစာ HRW ဝေဖန်


ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်က ဒါးပိုင်း ဒုက္ခသည်စခန်း မြင်ကွင်း။
ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်က ဒါးပိုင်း ဒုက္ခသည်စခန်း မြင်ကွင်း။

ရခိုင်ပြည်နယ် မြောက်ပိုင်းက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတဲ့ ကော်မရှင်ရဲ့ နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာဟာ လုံခြုံရေး အဖွဲ့အစည်းတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ပြမထားဘူးလို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Human Rights Watch က ဝေဖန်လိုက်ပါတယ်။ ဒီအတွက် ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာအစိုးရက လက်ခံဖို့လည်း တိုက်တွန်းခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ နန်းလောဝ်က တင်ပြပေးမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အပါအဝင် လူ့အခွင့်အရေး အဖွဲ့တွေ စွပ်စွဲနေသလို ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားထု အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမျိုး လုပ်ခဲ့တဲ့ အထောက်အထားတွေ မရှိကြောင်း ဖော်ပြခဲ့တဲ့ မောင်တောဒေသ စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာဟာ မှန်ကန်မှု မရှိဘူးလို့ Human Rights Watch အဖွဲ့က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်တာပါ။ ဒါကြောင့်လည်း နိုင်ငံတကာ အသိုင်းအဝန်းက လက်ခံနိုင်မယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားတဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့ကို မြန်မာအာဏာပိုင်တွေက အမြန်ဆုံး လက်ခံဖို့ လိုအပ်ကြောင်း HRW ရဲ့ အာရှရေးရာ လက်ထောက် ညွှန်ကြားရေးမှုး Phil Robertson က တိုက်တွန်းလိုက်တာပါ။

“ ကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပယ်ချဖို့ လိုပါတယ်။ ကော်မရှင်ဟာ စတင်ဖွဲ့စည်း လိုက်ကတည်းက ပြသနာတွေ ရှိနေတယ်ဆိုတာ မြန်မာအစိုးရကို ရှင်းရှင်းလင်းလင်း ပြောဖို့လိုပါတယ်။ ခုဆိုရင်လည်း ယုံကြည်လက်ခံနိုင်စရာ မရှိတဲ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါပြီ။ ကော်မရှင်က စုံစမ်းတွေ့ရှိချက်တွေကိုလည်း ကျနော်တို့ အသိအမှတ် မပြုပါဘူး။ ရှေ့ဆက် လုပ်သင့်တာကတော့ ကုလမသဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဒီနှစ်အစောပိုင်းမှာ ဦးဆောင် ဖွဲ့စည်းလိုက်တဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာအစိုးရက အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်သင့်တာပါ။ အဲဒီ အဖွဲ့ကိုလည်း သူတို့သွားချင်တဲ့ ဒေသတွေကို သွားခွင့်ပြုဖို့၊ အစိုးရအနေနဲ့လည်း ဖြစ်နိုင်သမျှ ကူညီလုပ်ကိုင်ပေးဖို့၊ ဒါမှသာ လူတွေအနေနဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို သူတို့တွေ့ထားသမျှ ယုံယုံကြည်ကြည်နဲ့ ပြန်ပြီး ပြောပြနိုင်မှာ ဖြစ်ပါတယ်။ ”

မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာတော့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ စွပ်စွဲနေသလို မုဒိန်းကျင့်ခံရတာ၊ အုပ်စုလိုက် မုဒိန်းကျင့်တာ နှိပ်စက် ညှဉ်းပန်းတာတွေ အပါအဝင် လုံခြုံရေး အာဏာပိုင်တွေ ကျုးလွန်တယ်လို့ဆိုတဲ့ ကိစ္စရပ်တွေကို အတည်ပြုနိုင်ခြင်း မရှိကြောင်း ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်ကစလို့ လူမှုအသိုင်းအဝန်းကြား သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရာက မြန်မာအစိုးရက ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ စုံစမ်းရေး အဖွဲ့တဖွဲ့ကိုလည်း အဖွဲ့ဝင် ၁၃ ဦးနဲ့ ဖွဲ့စည်းပေးထားတာပါ။

ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တောဒေသ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာကတော့ အခုကော်မရှင်ရဲ့ အကြံပြုချက်တွေ၊ မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေး ကော်မရှင်ရဲ့ တိုက်တွန်းချက်တွေကို စိစစ်ပြီး လက်တွေ့ အကောင်အထည်ဖော်မယ့် အဆင့်မြင့် ကော်မတီတရပ်ကို ပြည်ထောင်စု အစိုးရက ဖွဲ့စည်း တာဝန်ပေးအပ်ဖို့လည်း တိုက်တွန်း ထားပါတယ်။ HRW အာရှရေးရာ လက်ထောက် ညွှန်ကြားရေးမှုး Phil Robertson ကတော့ အစိုးရက ဖွဲ့စည်းတဲ့ ကော်မရှင်တွေရဲ့ သီးခြား လွတ်လပ်မှုအပေါ် မေးခွန်းထုတ်ခဲ့တာပါ။

“ နိုင်ငံတကာရဲ့ ဖိအားတွေ ရလာပြီဆိုရင် မြန်မာအစိုးရနဲ့ တပ်မတော်ဟာ ကော်မရှင်တွေ ဖွဲ့စည်းလေ့ရှိတဲ့ သမိုင်းကြောင်း ရှိပါတယ်။ အဲဒီ ကော်မတီက တကယ်တော့ ဘာမှလုပ်ကြတာ မဟုတ်ပါဘူး။ ၂၀၁၂ ဇွန်လနဲ့ အောက်တိုဘာလ အတွင်း အကြမ်းဖက်မှုတွေ ဖြစ်လာတော့ HRW တိုက်ရိုက်သွားရောက် စုံစမ်းရာမှာ လူသားထုပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ လူမျိုးတုန်း သတ်ဖြတ်မှုမျိုးတွေကို တွေ့ရပါတယ်။ ဒီအခါမှာ အစိုးရက ကော်မရှင်တရပ် ဖွဲ့စည်းပေးလိုက် သလို အဲဒီ ကော်မရှင်ကလည်း အကြံပြုချက် အတော်များများ ထုတ်ပြန်ပါတယ်။ ဒါပေမယ့် ဘာမှ ဖြစ်မလာပါဘူး။ ဒါကြောင့် ပြည်ထောင်စု အစိုးရက ဖန်တီးလိုက်တဲ့ ကော်မရှင်ကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂရဲ့ အနီးကပ် စောင့်ကြည့်တာမျိုး မရှိဘဲနဲ့ ဘယ်လို အပြောင်းအလဲမှ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ကျနော်တို့ မြင်ပါတယ်။ ”

ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေ ရှင်းရှင်းလင်းလင်း ဖြစ်ဖို့ ဆိုရင်တော့ နိုင်ငံတကာက လက်ခံနိုင်တဲ့ စုံစမ်းစစ်ဆေးမှုမျိုးတွေ ဖြစ်ဖို့ လိုတယ်လို့လည်း ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာအစိုးရကတော့ စုံစမ်းရေး ကော်မရှင်တွေရဲ့ တာဝန်တွေ မပြီးပြတ်သေးဘဲ ကုလသမဂ္ဂက စုံစမ်းမှုတွေ လုပ်တာမျိုးဟာ လက်တွေ့မကျသလို၊ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ဟာ လက်တွေ့မြေပြင် အခြေအနေတွေကို ထင်ဟပ်မှု မရှိဘူးဆိုပြီး လူ့အခွင့်အရေးကောင်စီက အချက်အလက် ရှာဖွေရေးအဖွဲ့ဲ့ကို လက်ခံဖို့ ငြင်းဆန်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG