သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလုံခြုံရေးအကြံပေး ဘင်္ဂလားဒေ့ရှ် အရာရှိတွေနဲ့ဆွေးနွေး


 အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်း
အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်း

မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်းဟာ တနင်္ဂနွေနေ့ကစပြီး ၃ ရက်ကြာ ခရီးစဉ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိသွားပါပြီ။ ဦးသောင်းထွန်းဟာ တနင်္ဂနွေနေ့ ညနေ ၇ နာရီမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Mahmood Ali နဲ့ အစိုးရဧည့်ဂေဟာ Padma မှာ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖေါ်ပြပါတယ်။

အခုလို တွေ့ဆုံစဉ်အတွင်း ရိုဟင်ဂျာ ပြဿနာ အပါအဝင် ၂ နိုင်ငံကြား လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဌာနက အမည်မဖေါ်လိုတဲ့ အရာရှိတဦးရဲ့ ပြောကြားချက်ကိုလည်း ကိုးကား ဖေါ်ပြထားပါတယ်။

ဦးသောင်းထွန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေစဉ်အတွင်း ဝန်ကြီးချုပ် Sheikh Hasina နဲ့ရော ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal တို့နဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။ ဒီလို တွေ့ဆုံရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေကို နေရပ်ရင်း ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က အဆိုပြုချက်တွေကို အလေးထား ဆွေးနွေးဖို့ရှိတယ် လို့လည်း သတင်းတွေမှာ ဖေါ်ပြပါတယ်။ ရေရှည်ဖြေရှင်းရမယ့် ရိုဟင်ဂျာ ကိစ္စအပါအဝင် နှစ်နိုင်ငံအကြားရှိနေတဲ့ တခြား ပြဿနာတွေ ဖြေရှင်းရေးမှာ တိုးတက်မှုတွေ ဖြစ်ပေါ်ဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ဘက်က လိုလားတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အရာရှိကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မနှစ်က အောက်တိုဘာလ ၉ရက် နယ်စပ်လုံခြုံရေးစခန်း အတိုက်ခိုက် ခံခဲ့ရတဲ့နောက် လုံခြုံရေး တပ်ဖွဲ့တွေရဲ့ နယ်မြေ ရှင်းလင်း ရေးကြောင့် ရိုဟင်ဂျာဒုက္ခသည် အများအပြား ဘင်္ဂလာဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြသလို အရင်ကတည်းက ထွက်ပြေး ခိုလှုံ နေသူတွေလည်း ရှိနေတာပါ။

ရခိုင်ပြည်နယ်တွင်း လုံခြုံရေး အခြေနေကလည်း မွတ်စလင် အများစုနေထိုင်ရာ မောင်တောမြို့နယ်တွင်း ခုသီတင်းပတ်တွေ အတွင်းမှာပဲ အသတ်ဖြတ်ခံရ၊ ပျောက်ဆုံးသူ အရေတွက် တိုးလာနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ကို မသွားခင် ထုတ်ပြန်တဲ့ လုံခြုံရေး အကြံပေးရဲ့ အခြေနေ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ရှိ မြန်မာအစိုးရဟာ ပြည်တွင်းပြည်ပက ခြိမ်းခြောက်မှု အန္တရာယ်တွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ သမ္မတကို အကြံပေးတင်ပြဖို့ ပြည်ထောင်စုဝန်ကြီးအဆင့်ရှိတဲ့ အမျိုးသားလုံခြုံရေး အကြံပေး ရာထူးကို ပြီးခဲ့တဲ့ ဇန်နဝါရီလက ဖန်တီးခဲ့ပြီး အငြိမ်းစား သံအမတ်ကြီး ဦးသောင်းထွန်းကို အစိုးရရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ် ခန့်အပ်ခဲ့တာပါ။

တချိန်ထဲမှာပဲ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Fillippo Grandi ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး တနင်္ဂနွေနေ့မှာ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ ပါတယ်။ အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ တဦးကတော့ မဟာမင်းကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် တွေဟာ ၄-၅ ရက်ကြာ လာရောက်တာဖြစ်ပြီး မောင်တော၊ စစ်တွေနဲ့ မြောက်ဦးမြို့ တွေကို သွားရောက်ကာ ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့ရှိကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG