သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးစိုးရိမ်မကင်းဖြစ်မှု မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေ ထိပ်သီးဆွေးနွေးပွဲမှာ တင်ပြ


မလေးရှား ကာကွယ်ရေးဝန်ကြီး , U.S.ကာကွယ်ရေးဝန်ကြီး Jim Mattis,မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးဦးသောင်းထွန်း, Philippine ကာကွယ်ရေးဝန်ကြီး Gen. Ricardo David Jr. နှင့် Singapore ကာကွယ်ရေးဝန်ကြီး
မလေးရှား ကာကွယ်ရေးဝန်ကြီး , U.S.ကာကွယ်ရေးဝန်ကြီး Jim Mattis,မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးဦးသောင်းထွန်း, Philippine ကာကွယ်ရေးဝန်ကြီး Gen. Ricardo David Jr. နှင့် Singapore ကာကွယ်ရေးဝန်ကြီး

အာရှ Pacific ဒေသမှာ လုံခြုံရေးနဲ့ပတ်သက်လို့ မရေမရာဖြစ်နေရတဲ့အကြောင်းတွေထဲမှာ အမေရိကန်ရဲ့ အမြင်အမျိုးမျိုးဖြစ်စေတဲ့ ပြောကြားမှုတွေကလည်းအကြောင်းတချက်ဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးဦးသောင်းထွန်းက ပြောကြားလိုက်ပါတယ်။ နိုင်ငံကြီးငယ်မရွေးကြားမှာ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ လိုအပ်တယ်လို့ စင်္ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ရက်တွေအတွင်းကျင်းပခဲ့တဲ့ Shangri-La Dialogue ၂၀၁၇ ဆွေးနွေးပွဲမှာ ဦးသောင်းထွန်းက ပြောကြားခဲ့တာပါ။

လုံခြုံရေးနဲ့ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးတွေ၊ ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေ၊ ကျွမ်းကျင်သူပညာရှင်တွေပါဝင်တဲ့ Shangri-La Dialogue ဆွေးနွေးပွဲမှာ အကြမ်းဖက်မှုအန္တရာယ်နဲ့ ဘယ်လို ပူးပေါင်းတိုက်ဖျက်နိုင်မလဲဆိုတာကို အဓိကဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

အာရှလုံခြုံရေးထိပ်သီးဆွေးနွေးပွဲ Shangri-La Dialogue 2017 ကို June လ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ စင်္ကာပူနိုင်ငံမှာကျင်းပခဲ့ပါတယ်။ အာရှ Pacific ဒေသလုံခြုံရေးအပါအဝင် နိုင်ငံတကာလုံခြုံရေးနဲ့ပတ်သက်လို့ ၁၆ ကြိမ်မြောက်ကျင်းပတဲ့ Shangri-La Dialogue ဆွေးနွေးပွဲမှာ ဒီကနေ့ကမ္ဘာမှာရင်ဆိုင်နေရတဲ့ အကြမ်းဖက်မှုအန္တရာယ်နဲ့ပတ်သက်လို့ အဓိကဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံပေါင်း ၅၀ ကျော်က ကာကွယ်ရေးဝန်ကြီးတွေ၊ ကာကွယ်ရေးဆိုင်ရာတာဝန်ရှိသူတွေ၊ ကျွမ်းကျင်သူပညာရှင်တွေပါဝင်ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲမှာ လုံခြုံရေးဆိုင်ရာအန္တရာယ်နဲ့ ရင်ဆိုင်ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို ခေါင်းစဉ်မျိုးစုံခွဲပြီး ဆွေးနွေးခဲ့ကြတာပါ။ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ပုံစံသစ်များ New Patterns of Security Cooperation ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်း ပါဝင်ဆွေးနွေးပါတယ်။ ကမ္ဘာကြီးရဲ့ လုံခြုံရေးအခြေအနေဟာ ဒုတိယကမ္ဘာစစ်ပွဲပြီးဆုံးချိန်ထဲက ဘယ်တုန်းကမှနဲ့မတူအောင် မရေရာ မသေချာမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဦးသောင်းထွန်းက ဆွေးနွေးသွားခဲ့ပါတယ်။ အာရှ Pacific ဒေသလုံခြုံရေးအတွက် အရင်ကဦးဆောင်ပါဝင်ခဲ့တဲ့ အမေရိကန်ရဲ့ ဦးဆောင်လိုစိတ်အပေါ် မေးခွန်းထုတ်စရာတွေဖြစ်လာခဲ့ပြီး မရေရာမှုတွေကို ပိုဖြစ်စေတယ်လို့ ခုလို ပြောကြားခဲ့ပါတယ်။

“အမြင်အမျိုးမျိုးဖြစ်စေတဲ့ အမေရိကန်ရဲ့ပြောကြားမှုတွေက အာရှ Pacific ဒေသလုံခြုံရေးဆောင်ရွက်မှုတွေအပေါ်မှာ သက်ရောက်မှုတွေရှိခဲ့ပါတယ်။ သမ္မတ Trump ပြောကြားခဲ့တာကို ကိုးကားပြန်ပြောရမယ်ဆိုရင် လုံခြုံရေးအကူအညီလိုနေတဲ့နိုင်ငံတွေက လုံခြုံရေးဆိုင်ရာကုန်ကျစရိတ်တွေ ပေးဖို့လိုမယ်။ မပေးဘူးဆိုရင် အဲဒီနိုင်ငံတွေအနေနဲ့ သူတို့ဘာသာ ကာကွယ်ရေးဆောင်ရွက်ရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ အဲဒီလိုပြောတဲ့အတွက် ဒေသတွင်းနိုင်ငံတွေကို ဘယ်လိုအဓိပ္ပါယ်သက်ရောက်သွားစေပါသလဲ။ တဖက်မှာကျပြန်တော့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ခိုင်မာတဲ့ပူးပေါင်းဆောင်ရွက်မှုရှိတဲ့နိုင်ငံတွေ အောင်မြင်တိုးတက်တယ်။ ပူးပေါင်းဆောင်ရွက်မှုမရှိရင် ဆုတ်ယုတ်တယ်ဆိုတာသမိုင်းမှာ ရှင်းရှင်းမြင်တွေ့ခဲ့ရပြီးပြီလို့ ပြောခဲ့ပါတယ်။ မဟာမိတ်နိုင်ငံတွေကြား ခိုင်မာတဲ့ဆက်ဆံရေးရရှိဖို့ဆိုရင် သဘောတူညီချက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်းပြောပါတယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့ဒေသလုံခြုံရေးအတွက် အင်အားကြီးအမေရိကန်ဆီက လိုအပ်တဲ့ အာမခံချက်မျိုးမရသေးပါဘူး။”

လုံခြုံရေးအန္တရာယ်နဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေထဲမှာ နည်းပညာနဲ့ လူမှုကွန်ယက်တွေကို အသုံးပြုသူများလာတာလည်းပါဝင်တယ်လို့ လုံခြုံရေးအကြံပေးဦးသောင်းထွန်းက ပြောသွားပါသေးတယ်။ Facebook လူမှုကွန်ယက်အသုံးများတဲ့ မြန်မာနိုင်ငံတွေမှာ သတင်းမှားဖြန့်တဲ့ပြဿနာကို ရင်ဆိုင်နေရတယ်လို့ ပြောကြားပြီး နိုင်ငံတွေရဲ့ တည်ငြိမ် အေးချမ်းမှုထိခိုက်စေအောင် နည်းပညာကို အသုံးချနေတာတွေတားဆီးနိုင်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းပါတယ်။

“ဒီကနေ့မှာ သတင်းအမှားဖြန့်ချင်သူတွေအတွက် အခွင့်ကောင်းရနေပါတယ်။ သတင်းမှားတွေ ဖန်တီးပြီး အခက်အခဲမရှိ ဖြန့်ဝေနေပါတယ်။ သတင်းမှားပြဿနာကို မြန်မာနိုင်ငံကြုံတွေခဲ့ရပြီးပါပြီ။ ပြီးခဲ့တဲ့လတုန်းကပဲ နိုင်ငံပေါင်း ၁၅၀ ကျော် ဆိုင်ဘာတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ခဲ့ရတာကို ကြည့်ခြင်းဖြင့် ကမ္ဘာကြီးမှာ အန္တရာယ်သစ်ကို ကျော်လွှားနိုင်ဖို့ကြိုးစားနေရဆဲဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။ Online ပေါ်မှာ ရာဇဝတ်မှုမြောက် ဆောင်ရွက်နေတာတွေကို နိုင်ငံတွေအနေနဲ့ နှိမ်နှင်းတဲ့တချိန်ထဲမှာ ငြိမ်းချမ်း တည်ငြိမ်မှု ပျက်ပြားစေမယ့် လုပ်ရပ်မျိုး လုံးဝမလုပ်နိုင်အောင် တားဆီးသင့်ပါတယ်။”

ခုလို ကမ္ဘာကြီးမှာလုံခြုံရေးအနေအထားတွေ ပြောင်းလဲလာနေတဲ့အတွက် အရင်ကလို နိုင်ငံကြီးတွေကိုပဲ အားကိုးနေလို့ မရတော့ဘဲ နိုင်ငံကြီး နိုင်ငံငယ် အားလုံးပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံအမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက ဆွေးနွေးခဲ့ပါတယ်။ Shangri-La Dialogue 2017 ဆွေးနွေးပွဲအိမ်ရှင်နိုင်ငံဖြစ်တဲ့ စင်္ကာပူနိုင်ငံကတော့ အရှေ့တောင်အာရှမှာ အကြမ်းဖက်ဝါဒီတွေရဲ့ အန္တရာယ်ဟာ ဘယ်တုန်းကမှနဲ့မတူအောင် မြင့်တက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ လုံခြုံရေးစိန်ခေါ်မှုတွေကို ဒေသတွင်း ဘယ်လိုကိုင်တွယ်သင့်သလဲဆိုတဲ့ ခေါင်းစဉ်နဲ့ဆွေးနွေးပွဲမှာ စင်္ကာပူကာကွယ်ရေးဝန်ကြီး Dr. Ng Eng Hen ကခုလိုပြောသွားတာပါ။ အရှေ့အလယ်ပိုင်းကနေ ပြန်လာကြမယ့် IS တိုက်ခိုက်ရေးသမားတွေရဲ့ အန္တရာယ်ဟာ ဒေသတွင်း အကြီးမားဆုံး လုံခြုံရေးအန္တရာယ်ဖြစ်တယ်လို့ သူကပြောခဲ့ပါတယ်။

“IS စစ်သွေးကြွအဖွဲ့ကို သစ္စာခံထားတဲ့ အကြမ်းဖက်အဖွဲ့ပေါင်း ၃၁ ဖွဲ့ထက်မနည်း ဒီဒေသထဲမှာရှိနေတာကို ကျွန်တော်တို့သိထားပြီးဖြစ်ပါတယ်။ ဒေသတွင်း အကြမ်းဖက်အဖွဲ့တွေကြား နိုင်ငံဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတာလာကိုလည်း မြင်တေ့ွနေရပါတယ်။ ဒေသတွင်းက အကြမ်းဖက်ဝါဒီတွေဟာ ဒေသထဲမှာ အရင်ထဲက နိုင်ငံတခုနဲ့တခုကြား လူကုန်ကူးမှု လက်နက်ကုန်ကူးမှုလုပ်နေကြတဲ့ ရာဇဝတ်ဂိုဏ်းတွေကို အသုံးချနေကြပါတယ်။ နက်နဲတဲ့တောတောင်တွေရှိတဲ့ နယ်စပ်တွေဟာ အကြမ်းဖက်သမားတွေအတွက် ပုန်းခိုဖို့ သင်တန်းပေးဖို့ နေရာကောင်းတွေဖြစ်နေပါတယ်။ ဒီအုပ်စုတွေ ကျွန်တော်တို့ဒေသထဲကို ပိုရောက်လာမယ်ဆိုရင် အာဆီယံနိုင်ငံတွေအပေါ် တိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်ပါတယ်။”

ဒီအန္တရာယ်တွေကို ကာကွယ်နိုင်ဖို့ နိုင်ငံတခုနဲ့တခုကြား လုံခြုံရေးဆိုင်ရာ အချက်အလက်တွေမျှဝေကြဖို့ အရေးကြီးတယ်လို့ စင်္ကာပူကာကွယ်ရေးဝန်ကြီး Dr. Ng Eng Hen ကဆွေးနွေးသွားခဲ့ပါတယ်။ ဘာသာရေးဆိုင်ရာအစွန်းရောက်မှုနဲ့ သဘာဝဘေးဒဏ်လို စိန်ခေါ်မှုသစ်တွေနဲ့ပါတ်သက်တဲ့ ခေါင်းစဉ်နဲ့ဆွေးနွေးပွဲမှာတော့ မလေးရှားကာကွယ်ရေးဝန်ကြီး Hishammuddin Hussein က မြန်မာနိုင်ငံကရိုဟင်ဂျာကိစ္စကိုပါ ထည့်ပြီးဆွေးနွေးပါတယ်။

“ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ရှေ့တန်းတင်တာ ဘာမှ မမှားပါဘူး။ ဒါပေမဲ့ ဘာသာရေး လူမျိုးရေးကြီးစိုးတဲ့ အမြင်တွေပါလာတာက ပြဿနာဖြစ်ပါတယ်။ အပြတ်အသတ် အမုန်းပွားမှုတွေ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအပေါ် လက်မခံတာက ပြဿနာဖြစ်ပါတယ်။ ဒါမျိုးအခြေအနေကို မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ကြုံတေ့ွနေကြရပါတယ်။ ဘုံနားလည်မှုတွေ၊ လက်ခံမှုတွေ၊ အပြန်အလှန် အပေးအယူရှိမှသာ တည်ငြိမ်တဲ့လူမှုအသိုင်းအဝိုင်း၊ တည်ငြိမ်တဲ့ ကမ္ဘာကြီးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။”

နိုင်ငံတကာမဟာဗြူဟာလေ့လာရေးအဖွဲ့ IISS က စီစဉ်တဲ့ Shangri-La Dialogue ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံရဲ့ စစ်အင်အားချဲ့ထွင်မှု၊ မြောက်ကိုရီးယားရဲ့ Nuclear နဲ့ဒုံးရန် စတဲ့ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ လတ်တလော အကြမ်းဖက်ဝါဒီတို့ရဲ့ တိုက်ခိုက်ခံရမှုကို ဥပမာပေးပြီး ဘာသာရေးအစွန်းရောက်မှုကို အခြေခံတဲ့တိုက်ခိုက်မှုတွေကို နှိမ်နှင်းနိုင်ဖို့ နိုင်ငံတွေကြား ပိုပြီးပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆွေးနွေးကြသူအများက ထောက်ပြခဲ့ကြပါတယ်။

XS
SM
MD
LG