သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း ပုဒ်မ ၁၄၄ သက်တမ်းတိုး


ရခိုင်မြောက်ပိုင်းလုံခြုံရေးတပ်များ
ရခိုင်မြောက်ပိုင်းလုံခြုံရေးတပ်များ

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့တွေမှာ ဒေသခံတွေရဲ့လုံခြုံရေးအတွက် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို နောက်ထပ် ၂ လ သက်တမ်း ထပ်တိုးတဲ့အပေါ် ဒေသခံ လွှတ်တော်အမတ်တွေက ကြိုဆိုလိုက်ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဒေသခံတွေ သတ်ဖြတ်ခံ ရတဲ့ စိုးရိမ်ဖွယ်အခြေအနေတွေကြောင့် ခုလို ထုတ်ပြန်လိုက်ရတာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

၂၀၁၆ အောက်တိုဘာလ မောင်တောနယ်ခြားစောင့် ရဲစခန်းတွေ တိုက်ခိုက်ခံရပြီးချိန်ကစလို့ ဘူးသီးတောင်၊ မောင်တောမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို နောက်ထပ် သက်တမ်း(၂)လ တိုးလိုက်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ အမိန့်နဲ့ သြဂုတ်လ(၉)ရက် ဗုဒ္ဓဟူး နေ့က ကြေညာခဲ့တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဘူးသီးတောင်မြို့နယ် ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က ပြောပါတယ်။

“သြဂုတ်လ ၉ ရက်နေ့ကနေပြီးတော့ ကျနော်တို့ မောင်တော၊ ဘူးသီးတောင်ဘက်တွေကို ထပ်ပြီးတော့ သက်တမ်းတိုးတယ်ခင်ဗျ ၂ လပါခင်ဗျ။ ဒီသက်တမ်းတိုးတယ်ဆိုတာက ကျနော်တို့ ပုဒ်မ ၁၄၄ ထုတ်ဖို့ဆိုတာက မလွယ်ပါဘူး။ ဒီ မောင်တော၊ ဘူးသီးတောင်ဆိုတဲ့နေရာတွေက အကြမ်းဖက်မှုက အမြဲတမ်းလိုလိုရှိနေတယ်။ အဲဒီအတွက်ကြောင့် အကြမ်းဖက်မှုကို ကာကွယ်တားဆီးနိုင်ဖို့အတွက် ၁၄၄ ထုတ်ထားရတယ်လို့ အဲလိုပဲ နားလည်ပါတယ်ခင်ဗျ။”

မောင်တောမှာ ည ၉ နာရီကနေ နောက်တနေ့မနက် ၅ နာရီအထိ အပြင်မထွက်ကြဖို့နဲ့ ဘူးသီးတောင်မှာတော့ ည ၁၀ နာရီကနေ နောက်နေ့ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် သက်တမ်းကို တိုးလိုက်တာဖြစ်ပါတယ်။

ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်အရ မြို့နယ်အတွင်း လမ်းမကြီးတွေ၊ အများပြည်သူ သွားလာရာလမ်းတွေ၊ လမ်းသွယ်လမ်းကြား၊ အများနဲ့ ဆိုင်တဲ့ ဘာသာရေးကျောင်း နေရာတွေမှာ လူ ၅ ဦးသို့မဟုတ် ၅ ဦး ထက်ပိုပြီး သတ်မှတ်အချိန်အတွင်း လူမစုဖို့ ညမထွက်ကြဖို့ သတိပေး ထားတာပါ။

ရခိုင်ပြည်နယ် လုံခြုံရေးဟာ စိုးရိမ်ဖွယ် အခြေအနေမှာ ရှိတာကြောင့်ဆိုပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌ ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ၇ ဦးပါအဖွဲ့က သြဂုတ် ၉ ရက်နေ့က သွားရောက်တွေ့ဆုံ ခဲ့ကြပြီး ကာကွယ်ရေးဦးစီးချုပ် ကလည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးအင်အား အခုထက် ပိုတိုးချပေးမယ်လို့ ကတိပြုခဲ့တဲ့အတိုင်း အစိုးရတပ်ဖွဲ့ဝင်တွေ သြဂုတ်လ(၁၀)ရက်နေ့က စစ်တွေလေဆိပ်ကို ရောက်လာကြပါတယ်။ ဒီတပ်ဖွဲ့ဝင်တွေဟာ မောင်တောဒေသကို သွားရောက်မှာဖြစ်ပါတယ်။ အခုလို အစိုးရတပ်က လုံခြုံရေးတိုးချလာတဲ့အပေါ် ကြိုဆိုကြောင်း NLD ပါတီ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းရီက ပြောပါတယ်။

“မောင်တောရယ်၊ ရသေ့တောင်ရယ်၊ ဘူးသီးတောင်ရယ် မစိုးရိမ်ရတဲ့မြို့တော့မရှိပါဘူး။ စိုးရိမ်ရပါတယ်။ အဲဒီနေရာတွေမှာက ချောင်တွေကများတယ်။ နောက်ပြီးလို့ရှိရင် နေရာတိုင်းနေရာတိုင်းမှာကလည်း အဆိုးအသွမ်းတွေကလည်း အများကြီးရှိတယ်။ အဲဒီတော့ ချထားတဲ့ လုံခြုံရေးကနည်းတယ်ဆိုရင် လိုအပ်သလိုထပ်ချဖို့ မြင်တယ်ပေါ့နော်။ အဲဒီမှာက လူမျိုး၂ ခုရဲ့ကြားမှာဖြစ်နေတော့ ပြဿနာတွေက နေရာတိုင်းမှာ ၊ ဒီဟာတွေက ခနခနဖြစ်တယ် လက်ရှိအချိန်မှာ လုပ်သင့်တဲ့ အရာတွေပေါ့။”

ဘူးသီးတောင်၊ မောင်တောဒေသမှာ မြန်မာ့တပ်မတော်က ခုလို လုံခြုံရေးတိုးချတာကို ကြိုဆိုပေမယ့် ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးကို အမှန်တကယ် အကာအကွယ်ပေးဖို့တော့ လိုကြောင်း ANP ပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

“ဒေသခံတွေက အခုလောလောလတ်လတ် ကျနော်တို့က အကြမ်းဖက်မှုကို ခံနေရတယ်။ ၂၀၁၂ ကတည်းက ကျနော်တို့ဟာ အကြမ်းဖက်မှုကို ခံစားခဲ့ရတယ်။ ၂၀၁၆ မှာလည်း ဒေသခံ ရခိုင်မျိုးနွယ်စုတွေက ထွက်ပြေးနေရတဲ့ အခြေအနေမှာရှိနေတယ်။ ဒီမှာလုံခြုံရေး ထပ်တိုးတယ် ဆိုတာကတော့ ကောင်းတာပေါ့။ ဒါပေမယ့် အဲဒီလုံခြုံရေးတွေက ကျနော်တို့ ပြည်သူလူထုကို ကာကွယ်နိုင်စွမ်း ရှိဖို့လိုပါတယ်။ ကျနော်တို့ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ရဲလုပ်ပိုင်ခွင့်က ဘာမှ မရှိဘူးခင်ဗျ။ နယ်ခြားစောင့် ရဲတွေရှိခဲ့ပါတယ်။ နယ်ခြားစောင့်ရဲတွေက ကျနော်တို့ ပြည်သူလူထုကို ကာကွယ်ပေးနိုင်တဲ့ အခြေအနေ မရှိဘူး။ သူတို့မှာ လုပ်ပိုင်ခွင့်မရှိဘူး။ ကိုင်းကြီးဖြစ်စဉ်တုန်းကလည်း ကျနော်တို့ သတင်း ကြိုပြီးတော့ပေးခဲ့တယ်။ ပေးခဲ့သော်လည်း ဒီကိုင်းကြီးမှာ ၈ ယောက်က အသက်ပေးခဲ့ ရတယ်ခင်ဗျ။”

ဘင်္ဂလားမြန်မာနယ်စပ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ပါဝင်တဲ့ မေယုတောင်ကြောဒေသမှာ အကြမ်းဖက်သမားတွေ ခိုအောင်း နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်မှု အရရော၊ ဩဂုတ် ၃ ရက်နေ့က မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာမှာ မြိုတိုင်းရင်းသား ၈ ဦး အသတ်ခံရတာကြောင့် ရခိုင်ပြည်နယ်မှာ လုံခြုံရေးတိုးမြှင့်ပေးဖို့ တောင်းဆိုလာကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG