မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဒေါက်တာယန်ဟီးလီက မကြာသေးခင်ကပဲ ဝေဖန် ပြောဆိုခဲ့တဲ့အပေါ် မြောက်ကိုရီးယား နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
မြန်မာ့လူူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး ပါမောက္ခယန်ဟီးလီ ဝေဖန်ခဲ့တဲ့အပေါ် မှတ်ချက်ပေးဖို့ အစိုးရပိုင် ကိုရီးယား ဗဟိုသတင်းဌာန KCNA သတင်းထောက်တဦးက ဇူလိုင်လ ၂၈ ရက်နေ့မှာ မေးတာကို နိုင်ငံခြားရေးဌာနပြောခွင့်ရက ပြန်ဖြေခဲ့ တာပါ။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို လက်ခံသင့် တယ်လို့ ဇူလိုင်လ ၁၁ ရက်နေ့မှာ ပြောခဲ့ပြီးတဲ့နောက် ပါမောက္ခ ယန်ဟီးလီက ဝေဖန်ပြောဆိုတာဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနပြောခွင့်ရက ချိတ်ဆက် ဖြေဆိုထားပါတယ်။ ဒါဟာ မြန်မာ နိုင်ငံရဲ့ ပြည်တွင်းရေးကို ပြောင်ကျကျ ဝင်စွက်လိုက်တာဖြစ်တယ်လို့လဲ ဆိုပါတယ်။
လူ့အခွင့်အရေးကိုကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ တခြားတိုင်းပြည်တွေရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်ဖို့ အမေရိကန်က လုပ်နေ တာတွေကို အထူးစုံစမ်းစစ်ဆေးရေးမှူးက ပူးပေါင်းလုပ်ဆောင်နေတယ်ဆိုတာ အခုတကြိမ် သူပြောတာတွေက သက်သေပြနေ တယ်လို့လဲ မြောက်ကိုရီးယားနိုင်ငံခြားရေးဌာန ပြောခွင့်ရကပြောပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက ပြည်တွင်းရေးမှာ ဝင်စွက်တာတွေကို မြောက်ကိုရီးယားအစိုးရက အခိုင်အမာရှုတ်ချ တဲ့အကြောင်း၊ ငြိမ်းချမ်းပြီး ဒီမိုကရေစီနည်းကျနိုင်ငံတခုကို တည်ဆောက်တာမှာ မြောက်ကိုရီးယားက တက်တက်ကြွကြွ အားပေးထောက်ခံသွားမယ့်အကြောင်း မြောက်ကိုရီးယားပြောခွင့်ရက ပြောထားပါတယ်။