သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ကူညီဖြေရှင်းဖို့ လုံခြုံရေးကောင်စီကို အတွင်းရေးမှူးချုပ် တိုက်တွန်း


ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာမှုဆိုင်ရာ ကပ်ဘေး ဒုက္ခကြီး ရှောင်ရှားနိုင်ရေး ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ မြန်မာအစိုးရကို ဖိအားပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က တိုက်တွန်းလိုက်ပါတယ်။

ဒေသတွင်း သာမက နိုင်ငံတကာကိုပါ ရိုက်ခတ်လာတဲ့ ရခိုင် ပဋိပက္ခ အခြေအနေနဲ့ ပတ်သက်လို့ မနေ့ အင်္ဂါနေ့က လုံခြုံရေးကောင်စီကို ပေးပို့တဲ့ အတွင်းရေးမှူးချုပ်ရဲ့ စာမှာ ရခိုင်ပြည်နယ်မှာ ကြောက်မက်ဖွယ် ကောင်းတဲ့ အကြမ်းဖက် သံသရာကို အဆုံးသတ်နိုင်ရေး နိုင်ငံတကာ အသိုင်းအဝိုင်းက အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်း ထားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

ရခိုင်ပြည်နယ်မှာ လုံခြုံရေး၊ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေကို သူ့အနေနဲ့ အလွန်ပဲ စိုးရိမ်မကင်း ဖြစ်နေတယ်လို့ နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်မှာ မနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း António Guterres ကပြောသွားပါတယ်။ ရခိုင်ပဋိပက္ခ ပိုပြီး ဆိုးရွား မသွားရအောင် လုံခြုံရေး ကောင်စီအနေနဲ့ ဖိအားပေး ဆောင်ရွက်ပေးဖို့ အကြံပြု တိုက်တွန်းထားတဲ့ သူရဲ့စာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌစီကို ပေးပို့ခဲ့ကြောင်း သတင်းထောက်တွေကို အတွင်းရေးမှူးချုပ်က အခုလိုပြောပါတယ်။

“ လုံခြုံရေးကောင်စီ ဥက္ကဌ စီကို ကျနော် တရားဝင် စာရေးသား ပေးပို့ခဲ့ပြီးပါပြီ။ ကျနော်ရဲ့စိုးရိမ်ချက်တွေနဲ့ အတူ အကြမ်းဖက်မှုကို အဆုံးသတ်စေဖို့နဲ ပဋိပက္ခကို ဖြစ်ပေါ်စေတဲ့ အခြေခံ အကြောင်း အရင်း တွေကို ဖြေရှင်းဖို့ အကြံပြုချက် တွေကို အဲဒီစာမှာ ဖေါ်ပြထားပါတယ်။ ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ပိုပြီး ဆိုးရွားမသွားရအောင်နဲ့ ပြည့်စုံကျယ်ပြန့်တဲ့ အဖြေရှာနိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ဝိုင်းဝန်းကြိုးပမ်း အားထုတ် တာဝန်ယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။”

နစ်နာမှုတွေ၊ ရိုဟင်ဂျာတွေအတွက် ဖြေရှင်းမပေးနိုင်တဲ့ အကျပ်အတည်း ဒုက္ခတွေဟာ ပြဿနာကို ပိုမိုကြီးထွား လာစေပြီး အချိန်အတော် ကြာလာပြီး နောက်မှာ ဒေသတွင်း မတည်ငြိမ်မှုကို ဖြစ်ပေါ်လာစေ တယ်ဆိုတာကိုငြင်းပယ်လို့ မရနိုင်ကြောင်း António Guterres ကပြောပါတယ်။ ဒါအပြင် သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ တကြော့ပြန် ဖြစ်လာကတည်းက အခြေအနေတွေကို သူကိုယ်တိုင စောင့်ကြည့်နေတယ် လို့လည်း ဆိုပါတယ်။

“ Arakan Rohingya Salvation Army လို့ခေါ်တဲ့ ARSA ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေး အကြမ်းဖက် အုပ်စုရဲ့မကြာသေးခင်က အကြမ်းဖက် တိုက်ခိုက်မှုတွေကို ကျနော် ရှုတ်ချထားပါတယ်။ အခုတခါ မြန်မာလုံခြုံရေးတပ်တွေ ဘက်က ခြေလွန်လက်လွန် ဥပဒေမဲ့ နှိမ်နင်းတိုက်ခိုက်မှုတွေ အပါအဝင် အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ် ဆိုတဲ့ သတင်းတွေ ကျနော် တောက်လျောက် ရနေပါတယ်။ ဒီလုပ်ရပ်ကြောင့် နောက်ထပ် အစွန်းရောက် အကြမ်းဖက်မှုတွေကိုပဲ ဖြစ်ပေါ်စေပါ လိမ့်မယ်။”

လုံခြုံရေးကောင်စီ ဥက္ကဌစီကို ပေးပို့ထားတဲ့ သူ့ရဲ့စာမှာလည်း ဒီတကြိမ် အကြမ်းဖက် တိုက်ခိုက်မှုဟာ ရခိုင်ဒေသမှာ ငါးနှစ်အတွင်း တတိယ အကြိမ်မြောက် ကြီးမားပြီး ဆိုးရွားတဲ့ အကြမ်းဖက်မှု ဖြစ်စဉ် အဖြစ် ဖေါ်ပြထားပါတယ်။ လုံခြုံရေး တပ်တွေဖက်က နယ်မြေရှင်းလင်းရေး စစ်ဆေးရေးကြောင့် အသက်စွန့် ထွက်ပြေးလာကြသူတွေထဲမှာ အမျိုးသမီး၊ ကလေးငယ်တွေနဲ့ အသက်ကြီးရွယ်အိုတွေ အဓိက ဖြစ်ကြပြီး ဘေးလွတ်ရာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည် ဦးရေဟာ ရက်ပိုင်းအတွင်း ၁၂၅,၀၀၀ လောက်ရှိနေပြီလို့လည်း ကုလ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေကို နိုင်ငံပိုင်နက်အတွင်း ဝင်ခွင့်ပြုပြီး ခိုလှုံခွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ဘက်က ဆုံးဖြတ်ချက်ကို သူ့အနေနဲ့ အသိအမှတ်ပြုကြောင်းနဲ့ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို ကူညီဖြည့်ဆည်းပေးဖို့လည်း Mr. Guterres က ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းထားပါတယ်။

အခုလို ရခိုင်ပြည်နယ်မှာ မြန်မာလုံခြုံရေး တပ်တွေဘက်က ပြင်းထန်တဲ့ နှိမ်နင်းမှုတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု အဆင့် ရောက်နေပြီလို့ ပြောနိုင်ပါသလားလို့ သတင်းထောက်တဦးက မေးမြန်းရာမှာတော့ အတွင်းရေးမှူးချုပ် António Guterres က အခုလို တုန့်ပြန် ခဲ့ပါတယ်။

“ ဒီလို ဖြစ်နိုင်မယ့် အန္တရာယ် အလားအလာကို ရင်ဆိုင်နေရတယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် အဲဒီအဆင့်ကို မရောက်ဘူးလို့ ကျနော် မျှော်လင့်ပါတယ်။ ဒေသတွင်း မတည်ငြိမ်မှု ဖြစ်ပေါ်အောင် ဖန်တီးနေတယ်လို့ ယူဆရတဲ့ အကြမ်းဖက်မှုကို အဆုံးသတ်ပေးဖို့ မြန်မာ အရပ်ဖက်နဲ့ စစ်ဖက် အာဏာပိုင်တွေကို ကျနော် အထူးမေတ္တာရပ်ခံပါတယ်။”

လုံခြုံရေး ကောင်စီကို ပေးပို့ထားတဲ့ သူရဲ့ စာမှာ ပါဝင်တဲ့ ရခိုင်ပဋိပက္ခ ဖြေရှင်းရေး အကြံပြုထားတဲ့ အချက်တွေကိုလည်း António Guterres က သတင်းထောက်တွေကို အခုလိုပြောပြပါတယ်။

“ ကြောက်မက်ဖွယ် ကောင်းပြီး သံသရာလည်နေတဲ့ အကြမ်းဖက်မှုကို အဆုံးသတ်စေဖို့၊ ဒုက္ခရောက်နေသူ အားလုံးကို လုံခြုံမှုပေးဖို့နဲ့ ကူညီထောက်ပံ့ဖို့မြန်မာအာဏာပိုင်တွေ အနေနဲ့ မဖြစ်မနေ အသေအချာ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ နောက်ပြီး အသက်ကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက် လူသားချင်း စာနာမှု အကူအညီတွေ ကိုလည်း နှောင့်ယှက် ဟန့်တားမှု မလုပ်ဘဲ ခွင့်ပြုဖို့ ကျနော် တိုက်တွန်းပါတယ်။”

နောက်ပြီး ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်စလင်တွေ အတွက် ပညာရေးနဲ့ ကျန်းမာရေး အပါအဝင် အသက်မွေးဝမ်းကျောင်း လုပ်ပိုင်ခွင့်တွေ ရရှိဖို့ လွတ်လပ်စွာ သွားလာနိုင်ရေး နိုင်ငံသားဖြစ်ခွင့် ဒါမှမဟုတ် အနည်းဆုံး သက်သေခံ ကဒ်ပြား ရရှိခွင့် ဆောင်ရွက်ပေးရမယ့် အချက်ဟာ အလွန် အရေးပါကြောင်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ရှေရှည်ပြဿနာ ဖြေရှင်းရေး အတွက် မြန်မာအစိုးရက လက်ခံကြောင်း ပြသထားတဲ့ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေး ကော်မရှင်ပါ အကြံပြုချက် အားလုံးကို အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း လုံခြုံရေးကောင်စီကို ပေးပို့ထားတဲ့ သူရဲ့စာမှာ ရေးသားထားပါတယ်။

သြဂုတ်လ ၃၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်အရေး လုံခြုံရေးကောင်စီရဲ့တံခါးပိတ် ဆွေးနွေးပွဲကို အတွင်းရေးမှူးချုပ် ကိုယ်စားကုလသမဂ္ဂ နိုင်ငံရေးရာ လက်ထောက်အတွင်းရေးမှူးချုပ် Miroslav Jenča က ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Muhammad Yunus ကလည်းရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက် ဖိနှိပ်မှုတွေ အဆုံးသတ်စေရေး ပြတ်ပြတ်သားသားနဲ့ ချက်ခြင်း အရေးယူ ဆောင်ရွက်ဖို့ လုံခြုံရေးကောင်စီကို အင်္ဂါနေ့က တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG