သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောဒုက္ခသည်များ ကူညီရေး လမ်းမိုင်းတွေကြောင့် အခက်ကြုံ


မောင်တောမြို့နယ်၊ လသာကျေးရွာနှင့် ဘူးသီးတောင်မြို့နယ်၊ ငါးရံ့ချောင်းကျေးရွာတို့မှ ဟိန္ဒူလူမျိုးများအား လုံခြုံသည့်နေရာသို့ပြောင်းရွှေ့ဆောင်ရွက်ပေးနေစဉ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
မောင်တောမြို့နယ်၊ လသာကျေးရွာနှင့် ဘူးသီးတောင်မြို့နယ်၊ ငါးရံ့ချောင်းကျေးရွာတို့မှ ဟိန္ဒူလူမျိုးများအား လုံခြုံသည့်နေရာသို့ပြောင်းရွှေ့ဆောင်ရွက်ပေးနေစဉ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်နေတဲ့ ရခိုင်မောင်တောဒေသတွင်းမှာ ခရီးလမ်းတလျောက် မိုင်းရှင်းလင်းမှုတွေ လုပ်နေရဆဲဖြစ်တာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မှုတွေမှာ နှောင့်နှေးမှုတွေဖြစ်ရတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေကပြောပါတယ်။ ဘေးလွတ်ရာတွေမှာ တိမ်းရှောင်ခိုလှုံနေရတဲ့ ဒုက္ခသည်တွေအတွက် နေထိုင်စားသောက်ရေးအခက်အခဲရှိနေပြီးနဲ့ ဒေသတွင်းလုံခြုံရေးဟာ စိုးရိမ်စရာအနေအထားရှိနေဆဲပဲလို့ပြောပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ရဲစခန်းတွေ ရဲကင်းတွေနဲ့ လုံခြုံရေးအခြေစိုက်တပ်စခန်း ၃၀ကို တပြိုင်နက်တည်း လူအင်အားသုံး အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသထဲက ဒုက္ခသည်တွေကို ကူညီရေးနဲ့ ပိတ်မိနေဆဲ ကျေးရွာတွေက ပြည်သူတွေကို လိုက်လံ ကယ်ထုတ်ပေးနေတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်နေတဲ့ ခရီးလမ်းတွေမှာ မိုင်းထောင်မှုတွေရှိနေတာမို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးမှုတွေဖြစ်ရတယ်လို့ သိရပါတယ်။

တပ်မတော်နဲ့ နယ်မြေခံလုံခြုံရေးတပ်တွေက ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို လမ်းကြောင်း တာဝန်ယူ နယ်မြေရှင်းလင်းပေးပေမဲ့လို့ ဒီကနေ့ မောင်တောထဲသွားတဲ့ လမ်းမှာတော့ မိုင်းရှင်းလင်းရပြီး လုံခြုံရေးစိုးရိမ်ရတဲ့အတွက် ရိက္ခာပို့သွားတဲ့ ကူညီရေးအဖွဲ့တွေ နောက်ကြောင်းပြန်လှည့်လာရတယ်လို့ မောင်တောက ကျေးရွာတွေကို ကိုယ်တိုင်သွားရောက်ကူညီပေးနေတဲ့ မြန်မာ့လူမှုဘဝတိုးတက်မြင့်မားရေးအဖွဲ့က ဦးနေမျိုးဇင်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ကျနော်က ဒီမနက် ဒီကအလိုတော်ပြည့်ဆရာတော်ရယ်၊ နည်းဗျူဟာမှူးတို့ရယ် သူတို့ စီစဉ်ပေးချက်အရ စစ်ကားတွေနဲ့ ရှေ့ပြေးလုံခြုံရေးယာဉ်တွေနဲ့ စစ်ယာဉ်တွေနဲ့ ကျနော်တို့ ကျီးကန်းပြင်ဟိုဘက်အခြမ်းမှာ ပိတ်မိနေတဲ့ရွာတွေရှိတယ်ဆိုပြီးတော့မှ သွားကယ်ရင်းနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေသွားပို့ကြတာခင်ဗျ။ အားလုံးပေါင်း ကျနော်တို့ ၆ စီးလောက်သွားကြတယ်။ သွားကြတော့ ကျီးကန်းပြင် ဌာနချုပ်အထွက် မောင်းနှမရွာဆိုတာရှိတယ် ၊ အဲဒီရွာအထွက်မှာ မိုင်းတွေစတွေ့တာနဲ့ ဆက်သွားလို့မရဘူးပေါ့နော်။ တပ်မတော်သားတွေ မိုင်းရှင်းတာ ကားတစီးတော့ ထိသွားတယ်လို့ပြောတယ်။ ကျနော်တို့အရှေ့တင်ပဲ သူတို့သွားနေရင်းနဲ့ ချက်ချင်းရှင်းရတာတွေလည်းရှိတယ်။ အခုလည်း ကျနေ်ာတို့ ယာဉ်တွေက ပြန်လှည့်လာရတယ် ကျနော်ရယ် ဝေဠုကျော်ရယ်ပါ့ ။ ကျနော်တို့ ကယ်ဆယ်ရေးစားသောက်ကုန်တွေပါတဲ့ကားတွေ ပြန်လှည့်လာရတယ်။ အခုကျနော်တို့ မောင်တောကိုပြန်ရောက်လာပြီ။ မောင်တောမြို့ခံတွေ တော်တော်တော့ ၈၀ ရာခိုင်နှုန်းတော့ မရှိတော့ဘူးလို့ထင်တယ်ခင်ဗျ။ ကျနော်လိုက်ကြည့်တာကတော့ အကုန်လုံး အိမ်တွေပိတ်ပြီးတော့ စစ်တွေတို့ ဘူးသီးတောင်တို့ကို ထွက်သွားကုန်ကြပြီ။”

ဘူးသီးတောင်နဲ့ မောင်တောဒေသတွင်းက အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အသက်ဘေးကလွတ်အောင် တိမ်းရှောင်လာရတဲ့ ရခိုင်အပါအဝင် မြို၊ ကမန်၊ ဟိန္ဒူ စတဲ့ တိုင်းရင်းသားဒုက္ခသည်တွေအတွက် လိုအပ်တာတွေကို ကမန်တိုင်းရင်းသားတွေဘက်ကလည်း ကူညီကယ်ဆယ်ဆောင်ရွက်ပေးနေတယ်လို့ ကမန်တိုင်းရင်းသားလူမှုကွန်ရက်ဥက္ကဋ္ဌ ဦးထွန်းငွေကပြောပါတယ်။

“အခုလောလောဆယ်ဖြစ်နေတဲ့ဟာမှာ တိုင်းရင်းသားတွေ မြိုတိုင်းရင်းသားတွေရှိတယ်။ ရခိုင် တိုင်းရင်းသားတွေရှိတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ ကမန်တိုင်းရင်းသားအဖွဲ့တွေကတော့ ကူညီကယ်ဆယ်ရေးပံ့ပိုးဖို့၊ ပူးပေါင်းဆောင်ရွက်နေတာတွေရှိတယ်။ နောက် ကျနော်တို့ သံတွဲ၊ စစ်တွေဘက်တို့မှာရှိတဲ့ ကမန်တိုင်းရင်းသား တွေကလည်း ကျနော်တို့တိုင်းရင်းသားတွေနည်းတူ ဒုက္ခရောက်တဲ့လူတွေ အဲဒီလူတွေအတွက် ပံ့ပိုးပေးနေတာတွေရှိပါတယ်ခင်ဗျ။ ကျနော်တို့ကတော့ အကြမ်းဖက်မှု အားလုံးကို ရှုတ်ချပါတယ်၊ ကန့်ကွက်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ အစိုးရအဖွဲ့ကလည်း ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ်နိုင်ပြီးတော့ အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်ကြတဲ့လူတွေကို အတတ်နိုင်ဆုံးပေါ့နော် ကူညီဖြေရှင်းတာတို့ နေရာချပေးတာတို့ ဒါမျိုးလေးတွေကို ကျနော်တို့က ဖြစ်စေချင်ပါတယ် ။ နောက်တခုကဒီ ဖြစ်ပျက်နေတဲ့ဟာတွေကိုလည်း မှန်မှန်ကန်ကန်ဆောင်ရွက်သင့်တယ် အရေးယူသင့်တဲ့လူကိုယူ၊ အရေးမယူသင့်တဲ့လူကိုကျတော့လည်း ဥပဒေအတိုင်း ဆောင်ရွက်စေချင်တယ်လို့ အကြံပေးချင်ပါတယ်ခင်ဗျ။”

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ မောင်တောဒေသတွင်း ကျေးရွာတွေကနေ ဘူးသီးတောင်နဲ့ မောင်တောမြို့ဘက်ကို ထွက်ပြေး တိမ်းရှောင်လာတဲ့ ဒုက္ခသည်ဦးရေက ထောင်ချီရှိနေပြီး သူတို့အတွက် စားနပ်ရိက္ခာနဲ့ နေထိုင်ရေးအခက်အခဲဖြစ်နေတယ်လို့ ဦးနေမျိုးဇင်က ပြောပြပါတယ်။

“အခုကျနော်ရောက်နေတဲ့ အလိုတော်ပြည့်ကျောင်းမှာဆိုရင် နေစရာမရှိတော့လို့ သိမ်မှာတွေလည်းလူတွေက တက်နေရတယ်။ အကုန်လုံးပေါ့ ပတ်ပတ်လည်ပေါ့ ကျန်တဲ့ကျောင်းတိုက်တွေကအများကြီး ပညာဖြည့် ကုသိုလ်ရေးကျောင်းတွေမှာလည်း ကယ်ဆယ်ရေးတွေ လုပ်ထားတာတွေတွေ့ပါတယ် ၊တချို့ကျတော့ စာသင်ကျောင်းတွေမှာပေါ့။ တချို့လည်း ဟိန္ဒူဆိုပြီး ဟိန္ဒူဘာသာဝင်တွေကြီးပဲပေါ့နော်။ သီးခြားစာသင်ကျောင်းတွေမှာ စုပြီးတော့ နေကြတာတွေ အဲလိုမျိုး တူရာတူရာ လေး အဆင်ပြေသလိုနေနေကြတာတွေရှိပါတယ်။ ဒီလို ရေတိုကတော့ ၄-၅ ရက်အထိတော့ ပြဿနာမရှိလောက်ဘူး။ ကယ်ဆယ်ရေးစခန်းရောက်တဲ့ပြည်သူတွေအတွက်ပေါ့။ သို့သော် ၄-၅ ရက်နောက်ပိုင်း ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ရောက်မလာခဲ့သည်ရှိသော် သူတို့တွေလည်း သူတို့ရွာတွေကို ပြန်လည်အခြေချဖို့ မိုင်းရှင်းလင်းပေးဖို့ကအစ အန္တရယ်တွေအဆုံးပေါ့ ပြန်လည်ထူထောင်ဖို့နဲ့ ဆက်လက်အသက်ရှင်ဖို့အတွက်တော့ နည်းနည်းအခက်အခဲကြုံလိမ်ံမယ်လို့ ကျနေ်ာထင်ပါတယ်ခင်ဗျ။”

ရခိုင်ပြည်နယ်တွင်း မောင်တောဘက်က တိမ်းရှောင်လာတဲ့ ပြည်သူတွေအတွက် လိုအပ်ချက်တွေကို ရခိုင်ပြည်နယ်အစိုးရ၊ တပ်မတော်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးအပါအဝင် လူမှုကူညီကယ်ဆယ်ရေးအသင်းတွေဘက်ကလည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးနေကြတာဖြစ်ပါတယ်။ ဒုက္ခသည်တွေအတွက် ရေတိုကူညီကယ်ဆယ်ရေးလိုအပ်သလို ရေရှည်လူမှုဘဝပြန်လည်တည်ဆောက်ရေးတွေအတွက်လည်း ရေရှည်စီမံကိန်းချစနစ်တကျဆောင်ရွက်ဖို့လိုတယ်လို့လည်း ကူညီကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG