ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးဒုက္ခကြီး ရှောင်ရှားနိုင်ရေး မြန်မာလုံခြုံရေးတပ်တွေ နယ်မြေရှင်းလင်းရေးမှာ အင်အားအလွန်အကျွံ အသုံးပြုတာကို ထိန်းချုပ်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres က မနေ့ သောကြာနေ့က သတိပေးပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂနဲ့ လက်အောက်ခံအေဂျင်စီ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေ တိုးချဲ့ပေးနိုင်ဖို့ မြန်မာအစိုးရအနေနဲ့ တာဝန်ယူဖို့လည်း သူကတောင်းဆိုလိုက်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခ နောက်ဆုံးအခြေအနေ အပေါ် သောကြာနေ့က ထုတ်ပြန်တဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ အမျိုးသမီး Eri Kaneko ကအခုလို ပြောပါတယ်။
"ရခိုင်ပြည်နယ်မှာမြန်မာလုံခြုံရေးတပ်တွေဟာ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ်မှာ အင်အားအလွန်အကျွံ အသုံးပြုနေတယ်ဆိုတဲ့ သတင်းတွေကြောင့် အတွင်းရေးမှူးချုပ်အနေနဲ့ အလွန်ပဲ စိုးရိမ်မကင်းဖြစ်မိပါတယ်။ ဒါအပြင် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးဒုက္ခကြီးကို ရှောင်ရှားနိုင်ဖို့ အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ကိုင်တွယ်ဖြေရှင်းဖို့လည်း အတွင်းရေးမှူးချုပ်က တိုက်တွန်းပါတယ်။"
ဒါအပြင် အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်မှာ ပဋိပက္ခကြောင့် ဒုက္ခရောက်ကြသူတွေကို လိုအပ်တဲ့အကူအညီပေးပြီး လုံခြုံရေးဆောင်ရွက်ပေးဖို့ အပြင် ကုလသမဂ္ဂအပါအဝင် သူနဲ့ လက်တွဲလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေဘက်က အသင့်ဖြစ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံံတွေကို တိုးချဲ့ပေးနိုင်ဖို့ မြန်မာအစိုးရမှာ တာဝန်ရှိကြောင်း ထောက်ပြထားပါတယ်။
မြန်မာအစိုးရနဲ့ တပ်မတော်ဘက်က တော့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတချို့အပါအဝင် INGO/ NGO အဖွဲ့တွေကနေ အကြမ်းဖက်သမားတွေကို အကူအညီပေးခဲ့တယ်ဆိုတဲ့ အထောက်အထားအချက်အလက်တွေ တွေ့ရှိထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ တုန့်ပြန်ချက်ကိုမေးကြည့်တော့--
"ကျမတို့အနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ မူတွေအတိုင်း လိုက်နာဆောင်ရွက်တာပါ။ အစားအစာ၊ ဆေးဝါးနဲ့ အကူအညီတွေလိုအပ်နေတဲ့ အရပ်သားတွေကိုပဲ ထောက်ပံ့ပေးနေခြင်းသာဖြစ်ပါတယ်။"
မေး။ ။ မြန်မာအစိုးရဘက်ကရော ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကုလသမဂ္ဂရဲ့ အကူအညီနဲ့ အထောက်အပံတွေကို လိုအပ်နေသူတွေဆီ ရောက်နိုင်ဖို့ ဆက်ပြီး ခွင့်ပြုထားလားရှင့်။
ဖြေ။ ။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကျမတို့ ဝန်ထမ်းတွေဆက်ပြီးရှိနေပါတယ်။ ဒါပေမယ့် အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အချိုကိုတော့ သူတို့ရဲ့ လုံခြုံရေးအရ အဲဒီဒေသရဲ့ အပြင်ဘက်မှာ ပြန်ပြီးနေရာချထားပါတယ်။ လက်ရှိအဲဒီမှာ ကုလသမဂ္ဂဝန်ထမ်း အရေအတွက် ဘယ်လောက်ရှိနေလဲဆိုတာ လုံခြုံရေးအရ ကျမတို့ ပြောပိုင်ခွင့်မရှိပါဘူး။ ကျမတို့ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် အသေအချာ ဆောင်ရွက်ပေးဖို့ မြန်မာအစိုးရနဲ့ ဆက်သွယ်ပြောဆိုထားပါတယ်။
မေး။ ။ အခုလို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ ဘယ်လိုရရှိပါသလဲရှင့်။
ဖြေ။ ။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နယ်စပ် နှစ်ဘက်လုံးမှာ ကုလသမဂ္ဂရဲ့ အေဂျင်စီအများအပြားအလုပ်လုပ်နေကြပါတယ်။ WFP ၊ UNHCR ၊ IOM စတဲ့ အဖွဲ့အစည်းတွေက အဲဒီက နယ်စပ်တွေမှာ အတူတူ တွဲလုပ်နေကြတာပါ။ အဲဒီကနေ ကျမတို့ အချက်အလက်တွေရရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကို မကြာသေးခင်ကရောက်ရှိလာတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေအရေး အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားတာနဲ့ ပတ်သက်လို့ တော့ Eri Kaneko က အခုလိုပြောပါတယ်။
"ဒုက္ခသည်တွေ အရေးတကြီးလိုအပ်နေတဲ့ အကူအညီတွေ ပံ့ပိုးပေးနိုင်ဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေ ကြိုးစားလုပ်ဆောင်ပေးကြတာကို အတွင်းရေးမှူးချုပ်က လေးစားအသိမှတ်ပြုပါတယ်။ ဒါအပြင် ကုလသမဂ္ဂအပါအဝင် လက်တွဲလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေက ထောက်ပံ့တဲ့ အကူူအညီတွေကို ဒုက္ခသည်တွေဘက်က ရရှိနိုင်စေမယ့် အခွင့်အလမ်းတွေသေချာအောင် ဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို အတွင်းရေးမှူးချုပ်က တိုက်တွန်းထားပါတယ်။"
ရခိုင်ပြည်အရေးနဲ့ ပတ်သက်လို့ အကြမ်းဖက်မှုဖြစ်ပွားစေတဲ့ ရှုပ်ထွေးလှတဲ့ အခြေခံအကြောင်းရင်းတွေကို ဖြေရှင်းရာမှာ ဘက်ပေါင်းစုံ ပါဝင်ပြီးလက်တွေ့ကျတဲ့ ချဉ်းကပ်မှု အရေးတကြီးလိုအပ်နေကြောင်း လက်ရှိအခြေအနေက မီးမှောင်ထိုးပြနေတယ်လို့ အတွင်းရေးမှူးချုပ်ကသူရဲ့ ကြေညာချက်မှာ ထောက်ပြထားပါတယ်။
ဒါအပြင် ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို မြန်မာအစိုးရအနေနဲ့ ထိထိရောက်ရောက်အကောင်အထည်ဖေါ်ဖို့ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားပါတယ်။