သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ယန်ဟီးလီ ကြေညာချက်


 မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး ယန်ဟီးလီ
မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး ယန်ဟီးလီ

ရခိုင်ပြည်နယ်ဘက်မှာ လူသားဘေးဒုက္ခအခြေအနေ အလျင်အမြန်ယိုယွင်းလာနေပြီး လူထောင်ပေါင်းများစွာအနေနဲ့ သူတို့ရဲ့ လူ့အခွင့်အရေးတွေ ဆိုးဆိုးရွားရွား ချိုးဖောက်ခံရမယ့်အန္တရာယ် ပိုတိုးလာနေတဲ့အပေါ် စိုးရိမ်တဲ့အကြောင်း မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး ယန်ဟီး လီက ပြောလိုက်ပါတယ်။

အကြမ်းဖက်သံသရာ ပိုဆိုးလာနေတာဟာ အထူးစိုးရိမ်ဖွယ်ဖြစ်ပြီး ချက်ခြင်း ရပ်ပစ်ရမယ်လို့လဲ သြဂုတ်လ ၃၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ ပါမောက္ခ ယန်ဟီး လီကပြောထားပါတယ်။ အစွန်းရောက်ဝါဒီတွေရဲ့ တိုက်ခိုက်မှုတွေကိုရော အဲဒီ တိုက်ခိုက်မှုတွေကို တုံ့ပြန်လုပ်ဆောင်တဲ့ စစ်ဆင်ရေးနဲ့ပတ်သက်လို့ပါ စိုးရိမ်မိတယ်လို့ဆိုပါတယ်။

ဒီအခြေအနေတွေကြောင့် ရခိုင်ပြည်နယ်မှာ စနစ်တကျ ခွဲခြားဆက်ဆံမှုနဲ့ တကျော့ပြန်လာတဲ့ အကြမ်းဖက်မှုရဲ့ အခြေခံ အကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းရေး ကြိုးပမ်းမှုတွေ လမ်းလွဲသွားမှာကို စိုးရိမ်တယ်လို့လဲ ပြောထားပါတယ်။

လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ကိစ္စတွေကို အသေအချာ ဖြေရှင်းလုပ်ဆောင်တာမရှိဘူး၊ နိုင်ငံရေးအရရော စီးပွားရေးအရပါ လူတွေ ဘေးဖယ်ခံထားရမယ်ဆိုရင် လူတွေကို အစွန်းရောက်ဝါဒီတွေက အလွယ်တကူ သိမ်းသွင်းပြီးတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းဟာ အစွန်းရောက်ဝါဒ ပေါက်ဖွားရာနေရာ ဖြစ်သွားနိုင်တယ်လို့လဲ ပါမောက္ခ ယန်ဟီး လီက သတိပေးထားပါတယ်။

အကြမ်းဖက်ဒဏ်ခံရတဲ့နေရာတွေက ရခိုင်နဲ့ တခြားလူမျိုးတွေကို ဘေးကင်းရာနေရာတွေဆီ အာဏာပိုင်တွေက ရွှေ့ပြောင်းပေး နေပေမဲ့လဲ ရိုဟင်ဂျာ မူစလင်တွေကို အလားတူ အကူအညီမပေးဘူးဆိုတဲ့ သတင်းတွေအပေါ် ဝမ်းနည်းမိတယ်လို့လဲ ပြောထား ပါတယ်။

အစွန်းရောက်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုအပေါ် အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချပြီးတော့ အပြစ်မဲ့ အရပ်သားလူထုကို နောက်ထပ် အကြမ်းဖက်တာတွေ ချက်ခြင်းရပ်ဆိုင်းဖို့လဲ ပါမောက္ခ ယန်ဟီး လီက တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကလဲ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချသလို မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေက တုန့်ပြန်လုပ်ဆောင်တာမှာလဲ အရပ်သားလူထုနဲ့ အကူအညီပေးနေသူတွေကို မထိခိုက်စေဘဲ နိုင်ငံတကာ လူသားချင်းစာနာကူညီမှု ဥပဒေသတွေအတိုင်း လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့က ရခိုင်ပြည်အခြေအနေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြအပြီး နောက်တနေ့ ကြာသ ပတေးနေ့ကထွက်လာတဲ့ သံအမတ်ကြီး Haley ရဲ့ သီးခြားထုတ်ပြန်ချက်တခုမှာ အဲဒီလို တိုက်တွန်းထားတာပါ။ ဒါ့အပြင် ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန်ဦးဆောင်တဲ့ ရခိုင်အရေးအကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အစိုးရအနေ နဲ့ အလျင်အမြန် အကောင်အထည်ဖော်ဆောင်ရွက်ဖို့ကိုလည်း သံအမတ်ကြီး Haley က တိုက်တွန်းထားပါတယ်။

ရခိုင်အရေး ယန်ဟီးလီ ကြေညာချက်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG