သုံးရလွယ်ကူစေသည့် Link များ

အကြမ်းဖက်တိုက်ခိုက်မှု ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ လုံခြုံရေး အစီအမံတွေ အားနည်းနေသေးတာကြောင့် မိမိတို့နေရပ်ကို စွန့်ခွာပြေးနေ ရတယ်လို့ မောင်တောဒေသခံ နှစ်ဖက်အသိုင်းအဝိုင်းက ပြောပါတယ်။ မောင်တောမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေ သူတွေကို အစိုးရအကူအညီပေးတယ် ဆိုပေမယ့် လုံလောက်မှု မရှိဘူးလို့လည်း ပြောဆိုကြပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ရခိုင်မြောက်ပိုင်းဒေသက ရဲကင်းစခန်းတွေ တကြော့ပြန် အကြမ်းဖက် တိုက်ခိုက်ခံရတာ သီတင်းတပတ်ကြာ ရှိလာပြီဖြစ်ပါတယ်။ လောလော ဆယ် အဲဒီဒေသမှာ နောက်ထပ်တိုက်ခိုက်မှုတွေ ရှိမလာသေးပေမယ့် အစိုးရစစ်တပ်နဲ့ ရဲလုံခြုံရေးအစီအမံတွေ အားနည်းနေသေးတာကြောင့် မောင်တောမြို့ သာသနာ့ ဗိမာန် ဘုန်းကြီးကျောင်းနဲ့ အလိုတော်ပြည့်ကျောင်းတွေမှာ ခိုလှုံနေကြတဲ့ ရခိုင်တိုင်းရင်းသားတွေဟာ အခြားဒေသ တွေကို ဆက်လက် ထွက်ခွာသွားနေ ကြတယ်လို့ မောင်တောမြို့အရေးပေါ် ကူညီထောက်ပံ့ရေးကော်မတီ ဒုဥက္ကဌ ဦးခင်ဝင်းက ပြောပါတယ်။

“သာသနာ့ဗိမာန်မှာကို ၅၀၀ ကျော်ရှိတယ်။ အလိုတော်ပြည့်ကျောင်းမှာဆိုရင် ၃၀၀ ကျော်ရှိတယ်။ လုံခြုံရေးအရကို သိပ်စိတ်မချရလို့ စစ်တွေတို့ မင်းပြားတို့ ရသေ့တောင်တို့ အဲဒီဒေသကို စွန့်ခွာထွက်သွားနေတာ ရှိတယ်။ လုံခြုံရေးက တာဝန်မခံနိုင်ဘူးလေ။ နေရပ်စွန့်ခွာတဲ့ သူတွေက အခုက တဖြည်းဖြည်း များများလာတာ၊ မြို့ပေါ်နဲ့ နယ်တွေဆိုရင် ဒါသိပ်မရှိသလောက် ဖြစ်သွားပြီ။ ကျနော်တို့ ရွာတရွာ ရဲစခန်း တခုဟာ အဲဒီကျေးရွာကို လုံလုံလောက်လောက် ပြည့်ပြည့်ဝဝ ကာကွယ်နိုင်တဲ့ စွမ်းအားမရှိဘူးခင်ဗျ။”

ဒီ ရခိုင်တိုင်းရင်းသားတွေဟာ မောင်တောမြို့ ရပ်ကွက်(၃)(၄)နဲ့ ရွက်ညှိုးတောင်၊ အောင်ဗလကျေးရွာတွေကနေ လာရောက်ခိုလှုံနေသူတွေ ဖြစ်ပါတယ်။ မောင်တောမြို့ခံ အများစုဟာ မွတ်ဆလင်တွေဖြစ်ကြပြီး လုံခြုံရေးအရ စိတ်မချရတာကြောင့် ဒေသခံမူဆလင်တွေ ခုချိန်ထိ တောတောင်တွေထဲ ပုန်းအောင်းနေကြသလို၊ တချို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြတယ်လို့ ဒေသခံမွတ်ဆလင် တဦးဖြစ်တဲ့ ကိုလှထွန်းက ပြောပါတယ်။

“ မောင်တော တောင်ပိုင်းအစွန်းကနေ အလယ်သံကျော်ထိပေါ့နော် .. အဲလို ကျနော်တို့ ရိုဟင်ဂျာတွေရဲ့ ရွာတွေက တောတောင်နဲ့နီးတယ်။ ရွာတိုင်းနီးပါးကို လာပြီးတော့ အဲလို မီးရှို့ပစ်တာဆိုတော့ အနားမှာခိုလှုံစရာ ရွာတွေလဲ မကျန်တော့ဘူး။ လူတွေက တောတောင်ထဲကိုပဲ လောလောဆယ် ဝင်သွားရတယ်။ အဲဒီတော့ ညအချိန်ကျမှ မြန်မာအာဏာပိုင်တွေလည်း မမြင်အောင် ဆိုပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သူတို့ပြေးတယ်။ ဒီမှာ လုံခြုံရေးဆိုတာက ကျနော်တို့ကို ဘာမှ အကာအကွယ် မပေးဘူး။ ကျနော်တို့ ရိုဟင်ဂျာတွေက ဒီဖက်မှာ လုံခြုံရေးကို သိပ်ပြီးတော့ အားကိုးလို့ မရဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် အာဏာပိုင်တွေက ခွဲခြားတယ်။ ကျနော်တို့ မဟုတ်ပဲနဲ့ တခြားလူမျိုးတွေဆိုရင် အဲလို လုံခြုံရေးပေးထားတာပါ။”

မေယုဒေသလို့ခေါ်တဲ့ မောင်တော ဘူးသီးတောင် ရသေ့တောင်မြို့တွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ တကြော့ပြန် ပေါ်လာခါစက ဈေးတွေ ပိတ်ထားခဲ့သလို အစာရေစာ ပြတ်တောက်မှာကို စိုးရိမ်ခဲ့ကြတာပါ။ အခုရက်ပိုင်းမှာ အကူအညီတွေ ရလာပေမယ့် အစိုးရကပေးတဲ့ ကူညီ ထောက်ပံ့မှုတွေ လုံလောက်မှုမရှိဘူးလို့ ဦးခင်ဝင်းက ပြောပါတယ်။

“ဒီမှာက သောက်ရေလိုတယ်.. အသားငါး လိုတယ်.. နောက် ဆေးဝါး နည်းနည်းလိုတာပေါ့။ ဆန်ဆိုရင်လည်း ဒီမှာ ဆက်တိုက်ရောက် လာတာရှိတယ်။ ဆန်ကတော့ ရသေ့တောင်တို့ မြောက်ဦးတို့ ပုဏ္ဏားကျွန်းတို့ .. နောက် တောင်ကုတ်တို့ ရမ်းဗြဲတို့ ကျောက်ဖြူတို့ဘက်က အဲဒီ ကူညီမှုအသင်းတွေက လာလှူကြတာ။ အစိုးရက ပေးတာက ပဲနည်းနည်း ဒီခေါက်ဆွဲခြောက်တွေ လာပေးတဲ့ဟာ ဘယ်လိုမှ လောက်ငှမှု မရှိဘူး။ အဲဒီလူအယောက် ၅၀၀ကျော်ကို ခေါက်ဆွဲဖာ(၃)ဖာနဲ့ဆိုတော့ အရောင်ပြလောက်ပဲ၊ တကယ့်ထိထိရောက်ရောက် ဟိုဟာလုပ်တာ မရှိပါဘူး။”

သြဂုတ်လ ၂၅ ရက်နေ့ မနက်အစောပိုင်းက ရခိုင်မြောက်ပိုင်း မေယုဒေသက ရဲကင်းစခန်း ၃၀ ကျော်ကို လက်နက်ကိုင် စစ်သွေးကြွတွေ ၀င်တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ လ၀က အရာရှိတဦးအပါဝင် စုစုပေါင်း ၁၂ ဦး သေဆုံးပြီး အကြမ်းဖက်သမား ၇၇ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရခဲ့တယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။ ရခိုင်မြောက်ပိုင်းကို ဝင်တိုက်ခဲ့တဲ့ Arakan Rohingya Salvation Army(ARSA) အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြောင်း အစိုးရက ကြေညာထားပါတယ်။

XS
SM
MD
LG