သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး မလေးရှားမှာ မြန်မာသံရုံးရှေ့ဆန္ဒပြကန့်ကွက်


ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်မူတွေဖြစ်ပွားအပြီး သြဂုတ်လ ၃၀ရက်နေ့မှာတော့ မလေးရှားနိုင်ငံမြန်မာသံရုံးရှေ့ကို ရာနဲ့ ချီရှိတဲ့ ဆန္ဒပြသူတွေရောက်ရှလာတာ ကြောင့် မလေးရှား အာဏာပိုင်တွေက တားဆီးမူတွေလုပ်ခဲ့ရပါတယ်။ ဒီအတွက် ဆန္ဒပြသူတွေထဲက ၄၄ဦးခန့် ဖမ်းဆီးခံရတယ်လို့ မလေးရှားသတင်းတွေမှာ ဖော်ပြနေပါတယ်။

မလေးရှား မာကာမြို့မှာ အင်္ဂါနေ့ကမြန်မာတွေ တိုက်ခိုက်ခံရမူဖြစ်အပြီးမှာတော့ မလေးရှားရောက်မြန်မာတွေကြားမှာစိုးရိမ်စိတ်တွေဖြစ်လာခဲ့ပြီး ဆီးဂိမ်းမှာဝင်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာအားကစားသမားတွေကို အားပေးမူတွေပါ လျော့နည်းသွားတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်တိုက်ခိုက်မူတွေ ပစ်ခတ်မူတွေဖြစ်ပွားအပြီး မှာတော့သြဂုတ်လ ၃၀နေ့မနက်မှာ မလေးနိုင်ငံသားတွေ ပါဝင်တဲ့ ဆန္ဒပြလူအုပ်ကြီးဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာရှိတဲ့မြန်မာသံရုံးရှှိတဲ့ နေရာအနီးမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေကို ကယ်တင်ပါဆိုတဲ့ စာတမ်းတွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

“သူတို့က သူတို့လူမျိုးကို လူမျိုးတုံးသတ်ဖြတ်မှုကို ရပ်ပေးပါလို့ တောင်းဆိုနေတယ်။”

အဲဒီအချိန်မြန်မာသံရုံးအတွင်းမှာရှိနေတဲ့ ကိုသီဟမောင်မောင်က ပြောပြသွားခဲ့တာပါ။

မလေးရှားမြန်မာသံရုံရှေ မှာ ဆန္ဒပြမူကို ခေါင်းဆောင်သူကလည်းအခုလို ပြောသွားပါတယ်။

“ ရိုဟင်ဂျာတွေကို ဖိနှိပ်ညှင်းပမ်း သတ်ဖြတ်နေတာတွေကို ရပ်ပစ်ဖို့ မြန်မာအစိုးရကို တောင်းဆိုပါတယ်။ ဒီအခြေအနေတွေဟာ ရိုဟင်ဂျာတွေကိုပဲ ထိခိုက်သက်ရောက်တာမဟုတ်ပါဘူး မြန်မာတနိုင်ငံလုံးကို ရိုက်ခတ်မှာပါ။ ကျနော်တို့အနေနဲ့ ဒေသတွင်း ငြိမ်းချမ်းမှုလိုချင်ပါတယ် ငြိမ်းချမ်းတဲ့တိုင်းပြည်ဖြစ်စေချင်ပါတယ်။ မြန်မာနိုင်ငံနဲ့လည်း ရင်းနှီးချစ်ကြည်မှု လိုချင်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အခု လုပ်နေတာတွေကိုတော့ အပြစ်တင်ပါတယ်။ ဒီမိုကရေစီခေါင်းဆောင်တဦးအနေနဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေးရမယ့်အစား အခုတော့ စစ်တပ်နဲ့ပေါင်းပြီး တရားခံဖြစ်နေပါပြီ။ အသတ်ခံရသူ တဦးချင်းအတွက် ခင်ဗျားမှာ တာဝန်ရှိပါတယ်။”

ဆန္ဒပြသူတွေဟာ မနက်ပိုင်းကစပြီး မြန်မာသံရုံးကိုဝင်ရောက်နိုင်တဲ့ လမ်းတွေကနေ ဝင်ရောက်လာတာဖြစ်တယ်လို့ လည်း မြန်မာသံရုံးအတွက် ဘာသာပြန်အဖြစ် ကူညီဆောင်ရွက်ပေးနေတဲ့ လူမူရေးလှုပ်ရှားသူကို သီဟမောင်မောင်က ပြောပါတယ်။

“လာတဲ့ ဘက်စ်ကားတွေက နေရာတွေကို ဖြန့်ပြီးတော့လာတယ် တနေရာတည်းကို စုပြီးတော့ လာတာမဟုတ်ဘူး။ ကျနော်တို့ မြန်မာသံရုံးကို ဝင်လို့ရတဲ့အပေါက်က ၄ ပေါက်ရှိတယ်ခင်ဗျ လမ်းအနေနဲ့ ပြောတာပေါ့နော်၊ အဲဒီ ၄ ပေါက်မှာ အဲဒီအပေါက်တွေမှာ ဝင်လို့ရတာတွေကို သူတို့က မျှပြီးတော့ လာကြတာဆိုတော့လေ သံရုံးဝင်ပေါက်တွေကို ဖြန့်ကြက်ပြီးတော့ လာတဲ့သဘောပါပဲခင်ဗျ။ ကျနော်တို့ သံရုံးနယ်နိမိတ်ဝန်းကျင်ကို မလေးရှားအာဏာပိုင်ရဲတွေကတော့ အဝင်မခံပါဘူး။ မြန်မာသံရုံးရဲ့ မလှမ်းမကမ်းပေါ့နော် တော်တော်လေးလှမ်းတဲ့နေရာလောက်မှာပဲ ဆန္ဒပြလို့ရပါတယ်ခင်ဗျ။ ပုံမှန်ဆိုရင် သောကြာနေ့ ဗလီတက်တဲ့ ဗလီကြီးတခုလည်းရှိတယ်ပေါ့နော်။ ကျနော်တို့ သံရုံးကို ကွာလာလမ်ပူကနေ လာတဲ့အခါဆိုရင် အန်ဘန်ဘက်ကိုဖြတ်ပြီးတော့မှ လာရတာဆိုတော့ အဲဒီကောင်ကတော့ အချက်အချာကျတဲ့ လမ်းဆုံလမ်းခွနေရာပေါ့နော်။

အင်္ဂါနေ့တုန်းကတော့ မလေးရှားနိုင်ငံ မလကာမြို့က ဈေးဝယ်စင်တာတခုက အပြန်မှာမြန်မာလူငယ် ၃ဦးကို အမည်မသိ လူအုပ်စုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မျက်နှာနဲ့ ဦးခေါင်းမှာ ပျက်ရှ ဒဏ်ရာတွေနဲ့ မြန်မာအလုပ်သမား၂ဦးဆေးရုံမှာပိုပြီး ကုသခံနေရဆဲဖြစ်ပါတယ်။ ဒီလိုဖြစ်ပျက်ပြီး နောက်ပိုင်းမှာ ရခိုင်ပြည်နယ်က အဖြစ်အပျက်တွေနဲ့ ပါဆက်စပ်ပြီးမြန်မာတွေကြားမှာ စိုးရိမ်စိတ်တွေတိုးလာတဲ့အတွက် မလေးရှားမှာ အားကစားယှဉ်ပြိုင်နေတဲ့ မြန်မာဘောလုံးအသင်းကို အားပေးမူတွေပါ လျော့သွားတယ်လို့ လည်းပြောပါတယ်။

“စိုးရိမ်စိတ်ကတော့ အနည်းနဲ့အများတော့ ရှိကြတာပေါ့နော်။ ကျန်တာမကြည့်နဲ့ပေါ့နော် ကျနော်တို့ ဘောလုံးပွဲအားပေးတဲ့ ပရိတ်သတ်ကိုကြည့်မယ်ဆိုရင် ကျနော်တို့ ဆီမီးဖိုင်နယ်ပွဲမှာ ကြည့်တဲ့ ပရိတ်သတ်အင်အားနဲ့ မနေ့ကကြည့်တဲ့အင်အားက ဆီနဲ့ရေလိုကွာတယ်ပေါ့နော်။ နောက်ကျနော်တို့က တတိယလုရတဲ့ ပွဲဖြစ်နေတဲ့အခါကျတော့ နောက်ဆုံးဘာဆုပဲရရ ရအောင်ယူသွားမယ်ဆိုပြီး ပရိတ်သတ်ကတော့ လာအားကိုးအားပေးမှာပဲ ။ ဒါပေမယ့် ပြဿနာတွေ ဖြစ်နေတဲ့အပေါ်မှာမူတည်ပြီးတော့ ကြောက်ကြတယ် မလာကြဘူးလို့ အဲလိုကျနော် တွက်ဆမိတယ်ပေါ့နော်။ မြန်မာနိုင်ငံ ဘော်လုံးအဖွဲ့ချုပ်ကနေပြီးတော့ လက်မှတ်ဆောင် ၁၅၀၀ အခမဲ့ ဝင်ခပေးတယ်ပေါ့နော် ။ အဲဒါမှာ ကျနော်တို့ အမှန်တကယ် ဝေပေးလိုက်တဲ့ လက်မှတ်က ၅၀၀ တောင်မပြည့်ပါဘူးခင်ဗျ။”

အစ္စလာမ် ဘာသာရေးလူငယ်ကောင်စီ အဖွဲ့Selangor PAS Youth Council
ကနေဦး ဆောင်ပြီး ပြုလုပ်ခဲ့တာလို့မလေးသတင်းတွေမှာ ရေးသားထားပါတယ်။ ဆန္ဒပြ ပွဲမှာ မြန်မာနိုင်ငံတွင်းကနေ ထွက်ပြေးလာကြတဲ့ Rohingya Muslims တွေအများဆုံးပါဝင်ခဲ့တယ်လို့ လည်း မလေးရှားသတင်းတွေမှာဖော်ပြနေပါတယ် ။
ဆန္ဒပြလူအုပ်ကြီးကို မလေးရဲတွေက မြန်မာ သံရုံးအနားမကပ်ဖို့ တားဆီးခဲ့ရာမှာ အနည်းဆုံး ၄၄ ဦးကိုဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။ ဆန္ဒပြမူနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံမှာရှိတဲ့မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG