သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးဂိမ်း မြန်မာပရိသတ်တွေရဲ့လုံခြုံရေး မလေးရှားတာဝန်ရှိတွေနဲ့ ညှိနှိုင်းမည်


ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရသည့် မြန်မာပရိသတ်များအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ လာရောက် နှစ်သိမ့်(Myanmar Football Federation)
ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရသည့် မြန်မာပရိသတ်များအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ လာရောက် နှစ်သိမ့်(Myanmar Football Federation)

မလေးရှားနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ (၂၉)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်နေတဲ့ အားကစားသမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ လာရောက်အားပေးကြတဲ့ ပရိသတ်တွေရဲ့လုံခြုံရေးနဲ့ ပက်သတ်ပြီး မလေးရှား ဆီးဂိမ်းကော်မတီ၊ မလေးရှား အာဏာပိုင် လုံခြုံရေး အဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ မလေးရှားနိုင်ငံမြန်မာသံရုံးက တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းကပြောပြပေးမှာပါ။

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် (၆)ကြိမ်မြောက်လက်ခံကျင်းပနေတဲ့ အရှေ့တောင် အာရှဆီးဂိမ်းအားကစားပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ကြတဲ့ မြန်မာနိုင်ငံက အားကစားသမားတွေ အနေနဲ့ သွားရေးလာရေးမှာ အခက်အခဲဖြစ်ရုံတင်မက စားရေးသောက်ရေးတွေနဲ့နေရေးထိုင်ရေးတွေမှာပါအဆင်မပြေတာတွေရှိနေတာပါ။ ဒါ့အပြင်မြန်မာပွဲစဉ်တွေမှာ လာရောက်အားပေးတဲ့ မြန်မာပရိသတ်တွေ ရိုက်နှက်ခံရမှုနဲ့ လုယက်ခံရမှုတွေပါရှိနေတာမို့ လုံခြုံရေးတွေနဲ့ပက်သက်ပြီး သက်ဆိုင်ရာ မလေးရှားအစိုးရအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ မလေးရှားနိုင်ငံမြန်မာသံရုံးက အမြဲတန်းအတွင်းဝန်ဦးသက်ဇော်တိုးကပြောပါတယ်။

“ကျနော်တို့ကတော့လေ အခုက စာတွေဘာတွေပို့ထားတယ်ပေါ့နော် ၊ မနက်ဖြန် ကြတော့လည်း ကျနော်တို့ သံရုံး Website ကနေပြီးတော့ ကျနော်တို့ လုပ်ဆောင်ချက်တွေ ကို ကျနော်တို့တင်ပါ့မယ်။နောက်ဖြစ်လာမယ့်ဟာတွေကို ကျနော်တို့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ကျနော်တို့ဘက်ကအတတ်နိုင်ဆုံး သူတို့နဲ့ ညှိနှိုင်းဖို့ ဆောင်ရွက်သွားမှာပါ။”

သြဂုတ်လ၂၁ရက်နေ့ညက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပခဲ့တဲ့ မြန်မာ-မလေးရှားဘောလုံးပွဲစဉ်အပြီးမှာ လာရောက်အားပေးခဲ့ကြတဲ့ မြန်မာနိုင်ငံသားအချို့ လုယက်ခံရတာတွေ ၊ ရိုက်နှက်ခံခဲ့ရပါတယ်။ အဲဒီလိုတိုက်ခိုက်ခံခဲ့ရတဲ့အထဲ ဆိုးဆိုးရွားရွားတိုက်ခိုက်ခံခဲ့ရတဲ့ မြန်မာနိုင်ငံသား၂ယောက် ရဲ့နောက်ဆုံးအခြေအနေနဲ့ ပက်သတ်ပြီး မလေးရှားရောက် နှလုံးလှပရဟိတအသင်းရဲ့ ဥက္ကဌ ဦးသက်က အခုလိုပြောပါတယ်။

“မစိုးရိမ်ရပါဘူးခင်ဗျ သူတို့ပထမတော့ ခေါင်းမကြည်တာပေါ့ခင်ဗျ။ ထုံဆေး အခြေအနေတွေနဲ့ Operation လုပ်ထားတဲ့ အခြေအနေတွေနဲ့ ဘောလုံးပွဲကြည့်လို့ တနေကုန် အားပေးထားတာအတွက်ကြောင့် weak ဖြစ်တာပါ အဲဒီလို ပင်ပန်းတာတွေ ပါလိမ့်မယ်။ အခုတောင်ခေါင်းသိပ်မကြည်သေးဘူးပေါ့ဗျာ ခေါင်းကိုက်နေသေးတယ်။”

မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာပရဟိတအသင်းတွေစုပေါင်းပြီး နောက်လာမယ့် မြန်မာပွဲစဉ်တွေအတွက် ပရိသတ်တွေ အန္တရာယ်ကင်း လုံခြုံစွာ လာရောက်အားပေးနိုင်ဖို့ မလေးရှားဆီးဂိမ်းကော်မတီနဲ့ ညှိနှိုင်းသွားမှာဖြစ်တယ်လို့ နှလုံးလှပရဟိတအသင်း ဥက္ကဌက ဦးသက်ကပြောပါတယ်။

“ဟုတ်ကဲ့ ကျန်တဲ့ မြန်မာပွဲစဉ်အတွက်တော့ ကျနော်တို့ Volunteer အဖွဲ့တွေအနေနဲ့ ကျနော်တို့ အကောင်းဆုံးဖြစ်အောင် Sea Games တာဝန်ရှိသူတွေနဲ့ ကျနော်တို့ တွေ့ပြီးတော့ ဆွေးနွေးဖို့ရှိပါတယ်။ ထပ်ပြီးတော့ ဘယ်လိုမြန်မာပရိတ်သတ်တွေကိုလည်း ဘယ်နေရာ၊ ဘယ်နေရာကိုလာဖို့ ဆော်သြမှုတွေ ၊ ဘယ်လိုနေရာ အနေအထိုင်မျိုး ကိုနေရင် အန္တရာယ်ကင်းကြောင်းတွေ ကျနော်တို့ဖြန့်ကြက်ပြီးတော့ အတည်ပြုပေး သွားမှာပါ။”

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အခုကျင်းပနေတဲ့ (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှဆီးဂိမ်းအားကစားပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်နေတဲ့ အားကစားသမားတွေကို စိတ်ဓါတ်မကျဖို့ ဥပဒေအတွင်းက အနိုင်ယူပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့ မနေ့ကသြဂုတ်လ ၂၂ရက်နေ့ ရက်စွဲနဲ့ သဝဏ်လွှာပေး ဖို့ခဲ့တာဘဲဖြစ်ပါတယ်။ ဒီတခေါက်၂၉ကြိမ်မြောက်အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲမှာ အမျိုးသားဘောာလုံးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ဖို့ကို မြန်မာပြည်သူပြည်သားတွေ အားလုံးကလည်း မျှော်လင့်တောင့်တနေကြတာဘဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG