သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီးဘောလုံးအသင်း အလားအလာ


မြန်မာအမျိုးသမီးဘောလုံးအသင်း (Myanmar Football Federation)
မြန်မာအမျိုးသမီးဘောလုံးအသင်း (Myanmar Football Federation)

၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပွဲမှာတော့ မြန်မာအသင်းက မလေးရှားအသင်းကို ၅ ဂိုး ဂိုးမရှိ နဲ့ အပြတ်အသတ် အနိုင်ရပြီး ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ် တကြိမ်မှ မရဘူးပဲ ဒုတိယဆု ၃ ကြိမ် ရထားဖူးပါတယ်။ မြန်မာ အမျိုးသမီးအသင်းရဲ့ ဒီနှစ်ပြိုင်ပွဲအလားအလာ နဲ့ ဒီကနေ့ကစားမယ့် မြန်မာအမျိုးသား ယူ-၂၂ နဲ့ ဘရူနိုင်းတို့ရဲ့ ပွဲကြိုသုံးသပ်ချက်တွေကို ကိုရန်နိုင်က စုစည်းတင်ပြပေးထားပါတယ်။

မလေရှားနိုင်ငံမှာ ကျင်းပနေတဲ့ ဆီးဂိမ်း အမျိုးသမီးဘောလုံးပွဲမှာတော့ မြန်မာအမျိုးသမီး အသင်းနဲ့ အိမ်ရှင် မလေးရှားအသင်းတို့ မနေ့က ကစားခဲ့ကြပြီး၊ မြန်မာက ၅ ဂိုး ဂိုးမရှိ နဲ့ အပြတ်အသတ်အနိုင်ရသွားပါတယ်။ ပထမပိုင်းမှာ မြန်မာက မလေးရှားကို ခြေအသာနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ၊ ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေခဲ့တာပါ။ မြန်မာအတွက်ကျန်တဲ့ ဂိုးတွေကိုတော့ ဝင်းသိင်္ဂီထွန်း နဲ့ ခင်မိုးဝေတို့က ၂ ဂိုးစီသွင်းခဲ့တာဖြစ်ပါတယ်။ အိမ်ရှင်မလေးရှားကို ဂိုးပြတ်နိုင်သွားတဲ့ မြန်မာအမျိုးသမီးအသင်း ဒီနေ့ ကစားပုံနဲ့ ပတ်သက်ပြီး အားကစားဆောင်းပါးရှင်ကိုဇော်မျိုးသန့်က အခုလို သုံးသပ်ပါတယ်။

“ပထမပိုင်းတုန်းကတော့ ရဲရဲတင်းတင်း ဖွင့်မကစားရဲတဲ့ သဘောမျိုးတွေဖြစ်နေတာပေါ့နော်။ အိမ်ရှင်မလေးရှားလည်းဖြစ်နေတယ် ပြီတော့ ကိုယ့်ဘက်ကို ဂိုးပေးလိုက်ရမှာလည်းကြောက်ပြီးတော့ ရဲရဲဖွင့်မကစားရဲတဲ့အတွက်ကြောင့် ကစားပုံကြီးက တမျိုးကြီးဖြစ်နေတာပေါ့ခင်ဗျာ။ ဒုတိယပိုင်းရောက်တော့မှ သန်းသန်းထွေး တို့ဝင်လာမှပဲ တိုက်စစ်ကို မြှင့်ကစား လိုက်တဲ့အတွက်ကြောင့် ဂိုးတွေရတာပေါ့။ အဓိကတော့ မြန်မာအသင်းက ကစားသမားတွေက အသက်လည်း နည်းနည်းကြီးတယ်၊ ကြီးတဲ့အခါကျတော့ ကစားတာကိုချွေတာပြီးတော့ ဒုတိယပိုင်း ကျမှ အားထည့်ကစားသွားတယ်လို့ ကျနော်ကတော့ အဲဒီလိုသုံးသပ်ချင်ပါတယ်။”

အခုနှစ် ဆီးဂိမ်း အမျိုးသမီးဘောလုံးပွဲမှာတော့ အိမ်ရှင် မလေးရှားအသင်းနဲ့ အတူ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင် နဲ့ မြန်မာတို့ နိုင်ငံ ၅ နိုင်ငံ အုပ်စုပတ်လည်အဖြစ်နဲ့ ပြိုင်ကြတာဖြစ်ပါတယ်။ မြန်မာက ပထမပွဲမှာ ထိုင်းကို ၃ ဂိုး ၂ ဂိုး နဲ့ ရှုံးထားတာကြောင့် ၁ ပွဲ နိုင် ၁ ပွဲ ရှုံးနဲ့ ၃ မှတ်ရထားသလို ဗီယက်နမ်၊ ထိုင်း နဲ့ ဖိလစ်ပိုင်တို့ ၃ မှတ် စီရထားပါတယ်။ လောလောဆယ်မှာတော့ မြန်မာက ဂိုးကွာခြားချက်အသာနဲ့ ထိပ်ကဦးဆောင်နေပေမယ့်၊ ထိုင်း နဲ့ ဗီယက်နမ်တို့က ၁ ပွဲစီပဲ ကစားရသေးတာဖြစ်ပါတယ်။

မြန်မာအသင်းရဲ့ ပြိုင်ပွဲအလားအလာနဲ့ ပတ်သက်ပြီး ကိုဇော်မျိုးသန့် သုံးသပ်တာကတော့

“အမှန်အတိုင်းသုံးသပ်မယ်ဆိုရင်တော့ မလွယ်လောက်ဘူးလို့ ပြောရမှာပေါ့ ကျနော်တို့က ဗီယက်နမ်နဲ့ ကန်ရဦးမှာဆိုတော့၊ ဗီယက်နမ် ကလည်း သိတဲ့အတိုင်း မြန်မာအသင်းအနေနဲ့ ခက်ခက်ခဲခဲကစားရလေ့ ရှိတဲ့အသင်းလေ လောလောဆယ်တော့ မြန်မာအသင်းက ၂ ပွဲကစားပြီးချိန်မှာတော့ ဂိုးကွာခြားချက်အရ အမှတ်ပေးတာမှာ ထိပ်ဆုံးမှာ ရပ်နေတယ်ပေါ့နော်။ ၃ မှတ်ပေ့ါဗျာ။ ဒါပေမယ့် ထိုင်းကလည်းတပွဲ၊ ဗီယက်နမ်ကလည်း တပွဲ သူတို့ ၂ သင်းကစားပြီးချိန်မှာတော့ မြန်မာက တတိယအဆင့်ကို ပြန်ဆင်းသွားမှာလေ သူတို့၂ သင်းနိုင်သွားရင်။ လက်ရှိအနေအထားကတော့ ၅ သင်းအုပ်စုပတ်လည် အမှတ်အများဆုံးချန်ပီယံ ဖြစ်မယ်ဆိုတဲ့ စည်းကမ်းချက်အရဆိုရင် မြန်မာအသင်းက ရွှေရဖို့အတွက် တော်တော်လေး ခက်သွားပြီလို့ သုံးသပ်ရမှာပေါ့နော်။”

အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပွဲ ၉ ကြိမ်ကျင်းပပြီးစီးထားတာမှာ ထိုင်းက ၅ ကြိမ်၊ ဗီယက်နမ်က ၄ ကြိမ် အနိုင်ရထားပြီး မြန်မာအမျိုးသမီးအသင်းက ၁၉၉၇ ၊ ၂၀၀၃ နဲ့ ၂၀၀၅ ခုနှစ်တွေမှာ ဒုတိယ ၃ ကြိမ် ရထားပြီး၊ တတိယ ၅ ကြိမ်ရထားပါတယ်။

မြန်မာအမျိုးသမီးအသင်းအနေနဲ့ အရှေ့တောင်အာရှမှာ ရွှေတံဆိပ်ရတဲ့အထိ အောင်မြင်မှုမရနိုင်သေးတာ ဘယ်လိုကြောင့်လဲဆိုတဲ့ အပေါ်မှာတော့ ကိုဇော်မျိုးသန့်က အခုလို သုံးသပ်ပါတယ်။

“အဓိကတော့ ပံ့ပိုးမှု အပိုင်းကတော်တော်လေးလိုတယ်လို့ ကျနော်အဲလိုသုံးသပ်ချင်တယ်။ ဘောလုံးတာဝန်ရှိသူတွေအနေနဲ့ မြန်မာအမျိုးသမီးအသင်းကို အခုထက်ပိုပြီးတော့ ပံ့ပိုးနိုင်မယ်ဆိုရင် သေချာပေါက်မြန်မာအသင်းက အရှေ့တောင်အာရှအဆင့်မှာ ထိုင်း၊ဗီယက်နမ်တို့နှင့်အတူ ရွှေဆုကို သူတပြန်၊ ကိုယ်တပြန်ရယူနိုင်တဲ့ အသင်းဖြစ်ဖို့ သေချာသလောက်ရှိပါတယ်။ သို့သော်လည်း ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အမျိုးသားအသင်းနဲ့ အမျိုးသမီးအသင်းကြားမှာ အားပေးပုံခြင်းက နည်းနည်းလေးကွာနေတယ်။ ကွာနေတဲ့အခါကျတော့ ဒီအချက်က အမျိုးသမီးအသင်း ဗီယက်နမ်နဲ့ ထိုင်းကိုမကျော်လွန်နိုင်တာရဲ့ အဓိကအချက်တခုဖြစ်တယ်လို့ ကျနေ်ာကတော့ရဲရဲကြီးအဲလိုသုံးသပ်လိုပါတယ်။ အခုပဲကြည့်ဗျာ ကျနော်တို့ မြန်မာအမျိုးသားအသင်းက ၂ ပွဲနိုင်တယ်၊ ဒေါ်လာ ၁ သိန်းလောက် ဆုကြေးငွေတွေရတယ်။ ပရိတ်သတ်တွေကအစပေါ့နော် ကျနေ်ာဆိုလိုချင်တာက ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေ မှမဟုတ်ပါဘူး ပရိတ်သတ်တွေကအစ အဲဒီအပိုင်းတွေကို ပရိတ်သတ်တွေလည်း ပြင်ဖို့တော့လိုတာပေါ့။ အမျိုးသားအသင်းကို ပေးနေတဲ့ ဆုကြေးတွေ အခွင့်အရေးတွေထက် တန်းတူမဟုတ်ရင်တောင်ဗျာ တဝက်နီးပါးလောက်ဆိုရင်တောင်ကို အမျိုးသမီးအသင်းကတော်တော်ကို မှီလာနိုင်တဲ့အသင်းတသင်း ဖြစ်လာနိုင်မှာပါ။ ”

မြန်မာအမျိုးသမီးအသင်းဟာ လာမယ့် ၂၀ ရက်နေ့မှာ ဗီယက်နမ် နဲ့ ကစားရမှာဖြစ်ပြီး၊ ၂၂ ရက်နေ့မှာတော့ ဖိလစ်ပိုင် နဲ့ ကစားရမှာဖြစ်ပါတယ်။ အမျိုးသားပွဲစဉ်မှာတော့ မြန်မာအသင်းဟာ ဒီကနေ့မှာ ဘရူနိုင်းအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ ဒီပွဲအပေါ် ကိုဇော်မျိုးသန့် ခန့်မှန်းတာကတော့ -

“ဘရူနိုင်းအသင်းကိုတော့ မြန်မာက အလွယ်တကူနိုင်မှာပါ ၊ သို့သော်လည်းမလေးရှားကတောင်မှ ဘရူနိုင်းအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ပဲ ကပ်နိုင်ခဲ့တာဆိုတော့ မြန်မာအသင်းအနေနဲ့ လာအိုနဲ့ ပွဲတုန်းကလို ဂိုးသွင်းမသေချာတာတွေ ၊ တယောက်ကောင်းဖို့အတွက် နာမည်ကြီးချင်တဲ့ စိတ်နဲ့ ကစားတာတွေကိုတော့ နည်းနည်းလေး လျှော့ထားဖို့တော့ လိုတာပေါ့ဗျာ ဒီပွဲမှာလည်း အနည်းဆုံး ၂ ဂိုး ၃ ဂိုးပြတ်လောက်တော့ နိုင်သွားမယ်လို့ ကျနော်ကတော့ အဲလိုသုံးသပ်ချင်ပါတယ်။”

မြန်မာ ယူ-၂၂ အမျိုးသားအသင်းဟာ ဘရူနိုင်းနဲ့ပွဲပြီးတဲ့နောက်မှာတော့ ၊ အိမ်ရှင်မလေးရှားအသင်းနဲ့ သြဂုတ်လ ၂၁ ရက်နေ့မှာ ကွာလာလမ်ပူမြို့က ရှာအာလမ်ကွင်းကြီးမှာ အုပ်စုနောက်ဆုံးပွဲစဉ်ကို ကစားရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG