သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SEA Games ဘောလုံး မြန်မာအမျိုးသားအသင်း အလားအလာ


SEA Game မြန်မာ နဲ့ လာအို အသင်း ပြိုင်ပွဲ (ဓာတ်ပုံ- MFF)
SEA Game မြန်မာ နဲ့ လာအို အသင်း ပြိုင်ပွဲ (ဓာတ်ပုံ- MFF)

၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ SEA Game အားကစားပြိုင်ပွဲတွေမှာ မြန်မာဘောလုံးအသင်းက ဆီးမီးဖိုင်နယ်ကို တက်ရောက်နိုင်မှာ သေချာသလောက် ရှိနေတယ်လို့ အားကစားသမားဟောင်းတွေနဲ့ ဘောလုံးပွဲ စောင့်ကြည့်နေတဲ့ ဝါသနာရှင်တွေက ပြောကြား လိုက်ပါတယ်။ အုပ်စုပွဲစဉ်မှာ မြန်မာအသင်းက စင်္ကာပူနဲ့ လာအိုအသင်းတွေကို အနိုင်ရလိုက်ပြီးနောက် ခုလို သုံးသပ်လိုက်ကြတာပါ။ ဆက်သွယ်မေးမြန်း ထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မလေးရှားနိုင်ငံမှာ သြဂုတ်လ (၁၄) ရက်နဲ့ (၁၆) ရက်နေ့တွေမှာ ကျင်းပခဲ့တဲ့ အုပ်စု A ပွဲစဉ်တွေမှာ မြန်မာဘောလုံးအသင်းက စင်္ကာပူအသင်း ကို ၂ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့သလို၊ မနေ့ကကျင်းပတဲ့ မြန်မာ-လာအိုပွဲမှာလည်း မြန်မာက လာအိုအသင်းကို ၃-၁ နဲ့ အနိုင်ရလိုက်ပါတယ်။ အနိုင်ဂိုး အတော်များများကို မြန်မာတိုက်စစ်မှူး အောင်သူက သွင်းခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ဘရူနိုင်းအသင်းနဲ့ သြဂုတ်လ(၁၈)ရက်နေ့ ကစားကြမှာဖြစ်ပြီး၊ အိမ်ရှင် မလေးရှားအသင်းနဲ့ (၂၁)ရက်နေ့မှာ ကစားကြ မှာပါ။ အုပ်စုပွဲမှာ မြန်မာအသင်း ဆီမီးဖိုင်နယ်ကို တက်လိမ့်မယ်လို့ သုံးသပ်သူက အမေရိကန် မေရီလန်းပြည်နယ်မှာ နေထိုင်တဲ့ မြန်မာ့ လက်ရွေးစင်ဟောင်း ဂိုးသမား ဦးရင်ထွေးဖြစ်ပါတယ်။

“ အခြေအနေ ကြည့်ရရင် လက်ရှိမှာ မြန်မာက ၂ ပွဲနိုင် ၆ မှတ်။ ဒုတိယ လိုက်နေတာ မလေးရှား အသင်းနဲ့စာရင် သွင်းဂိုးကလည်း များထားတဲ့ အတွက် သူကထိပ်ဆုံးမှာ ဖြစ်နေတယ်။ ကျနော်ကြည့်တဲ့ အခြေအနေ အရတော့ ဆီမီး ဖိုင်နယ်၊ အကြိုဗိုလ်လုပွဲ တက်မယ့် အခြေအနေမှာ ရှိနေတယ်။ နောက် ကစားမှာ ဘရူနိုင်း။ ဘရူနိုင်းနဲ့ ပြီးတဲ့ အခါမှာကြတော့ မလေးရှားနဲ့ ကစားမှာ။ အိမ်ရှင်နဲ့ နောက်ဆုံးမှ ကစားမှာ ဆိုတော့ ဒီဘရူနိုင်းကို ဂိုးပြတ်နဲ့ နိုင်ရင် ဆီမီးဖိုင်နယ် တက်သွားပြီပေါ့နော်။ ”

ပြီးခဲ့တဲ့ ပွဲတွေကို ကြည့်ရင် အုပ်စု A မှာ မြန်မာအသင်းက အုပ်စုဗိုလ် ဖြစ်လာနိုင်တယ်လို့ သုံးသပ်သူက အင်ဒီယားနားပြည်နယ် Indianapolis မြို့မှာ နေထိုင်ပြီး ဘောလုံးပွဲတွေ စောင့်ကြည့်လေ့လာတဲ့ ဝါသနာရှင် ကိုမင်းမင်းဖြစ်ပါတယ်။

“ မြန်မာအသင်းက စင်္ကာပူပွဲမှာ သာမန်ပဲ။ လာအိုနဲ့ ပွဲကြတော့ တော်တော်ဆိုးတယ်ဗျ။ ရှေ့တန်း မကောင်းဘူးဗျ။ ဒါပေမယ့် သူတို့ Team Work က ဖွဲ့စည်းထားတာ ကြာလာပြီဆိုတော့ သူတို့ရဲ့ နားလည်မှုနဲ့ ထိန်းဆော့သွားလို့ ဒီလို အနိုင်ရတာဗျ။ ဒါပေမယ့် မြန်မာပွဲတွေက တပွဲထက်တပွဲ ပိုကောင်းလာတဲ့ အစဉ်လာရှိတယ်ဗျ။ အော် ဘရူနိုင်းကိုတော့ အနိုင်ပါဗျ။ မလေးရှား ကိုလည်း ဒိုင်တို့ဘာတို့ ညစ်နည်းသာ မရှိခဲ့ရင် မြန်မာက ၁၀၀ ရာခိုင်နှုန်း အနိုင်ဗျ။ ကျိန်းသေပဲ။ မြန်မာ ဆီမီးဖိုင်နယ် တက်မယ်။ အုပ်စုဗိုလ် ဖြစ်ဖို့ များပါတယ်။ ”

မြန်မာအသင်းပါတဲ့ အုပ်စု A မှာ အိမ်ရှင်မလေးရှား၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်းတို့ ပါဝင်ကြပြီး တဘက်အုပ်စု B မှာတော့ လက်ရှိချန်ပီယံ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား နဲ့ တီမောတို့ ပါဝင်တာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ ထိုင်းအသင်းနဲ့ တွေ့ဖို့များတယ် လို့ ကိုမင်းမင်းက မြင်ပါတယ်။

“ အဓိက ထိုင်းနဲ့တွေ့ဖို့ များမယ်ထင်တယ်။ အင်ဒိုနီးရှားက ထိုင်းကို သရေ ကစားထားတယ်။ ထိုင်းက ဗီယက်နမ်ကို နိုင်ခဲ့မှ အုပ်စုဗိုလ် ဖြစ်မှာလေ။ ဗီယက်နမ်က အုပ်စု B ဘက်မှာ ပထမဖြစ်နေတယ်။ ထိုင်းနဲ့တွေ့ရင်တော့ မကြေပွဲတွေပေါ့နော်။ သူက ခုထိတပွဲမှ မနိုင်ဘူးသေးဘူးလေ။ ဒါပေမဲ့ ၁၉ နှစ်အောက်မှာတော့ ထိုင်းကို ကျနော်တို့ မြန်မာပြည်မှာ အိမ်ရှင်ပွဲတုန်းက ဒီလူတွေပဲ အများစုပါတဲ့ အုပ်စုတုန်းက အနိုင်ရခဲ့ဘူးတယ်။ ၃း၀ နဲ့ ဆိုတော့ ဒီပွဲမှာဆိုတော့ ကျနော်တို့ရဲ့ မျှော်လင့်ချက်၊ မလေးရှားကလည်း ကိုယ့်မြန်မာပြည် အိမ်ရှင်ပုံစံမျိုးဖြစ်နေတယ်။ ဆိုတော့ ကျနော်တို့ နိုင်မယ်လို့ ထင်တယ်ဗျ ထိုင်းကိုတော။့ မြန်မာအသင်း ဗိုလ်လုပွဲ တက်နိုင်ပါမယ်။

မြန်မာအသင်းအနေနဲ့ နောက်တန်းကို လုံအောင်ထိန်းနိုင်ဖို့နဲ့ အသင်းလိုက် စည်းလုံးစွာ ကစားဖို့လိုမယ်လို့ လက်ရွေးစင်ဟောင်း ဦးရင်ထွေးက ပြောပါတယ်။

“ ထိုင်းအသင်းကဆိုရင် သူတို့ စနစ်တကျ ပျိုးထောင်ထားတဲ့ ဘောလုံးသမားတွေ အများကြီး။ ဗီယက်နမ်လည်း ဒီအတိုင်းပဲ။ သူတို့ စနစ်တကျ ပျိုးထောင်ထားတဲ့ ဘောလုံးသမားဆိုတော့ ကျနော်တို့က ခံစစ်ပဲ ကစားကစား၊ တိုက်စစ်ပဲ ကစားကစား ကစားအားကြတော့လည်း ဗီယက်နမ်တို့ ယိုးဒယားတို့က ပိုပြီးနည်းနည်း အလေးသာ နေတယ်။ ဒါကြောင့်မို့ တယောက်ထဲ ထိုးဖေါက်ကစား ပေမဲ့လည်း ကျနော်တို့ TEAM WORK ကစား ပြီးတော့ ကစားရင်တော့ အောင်မြင်မှု အများဆုံးရလိမ့်မယ်လို့ ကျနော်မြင်တယ်ဗျ။ ကျနော်တို့ အရေးကြီးတာက နောက်တန်း ခံစစ်ပဲဗျ။ ခံစစ် တခါတခါကြရင် ကျွံကျွံကျသွားတယ်။ အဲဒါကြောင့် နောက်တန်းကို နည်းနည်းလေး အရေးကြီးပါတယ်။ ရှေ့တန်း မှာ အောင်သူ တို့ရှိတယ်။ အောင်သူကလည်း တခါတလေ ထိုးဖေါက်လိုက်ရင် သူ့ရဲ့ တိုက်စစ်အား ကလည်း ကြောက်ခမန်းလိလိ ပါပဲ။ ”

၂၀၁၅ ခုနှစ်က စင်ကာပူမှာ ကျင်းပတဲ့ ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မှာတော့ မြန်မာအသင်းဟာ နောက်ဆုံးဗိုလ်လုပွဲ အထိ တက်ခဲ့ပြီး၊ အဲဒီမှာ ထိုင်းအသင်းကို ရှုံးပြီး ဒုတိယငွေတံဆိပ်ရခဲ့တာဖြစ်ပါတယ်။ အရှေ့တောင် အာရှပြိုင်ပွဲမှာ မြန်မာအသင်းက နောက်ဆုံးအကြိမ် ရွှေတံဆိပ်ရခဲ့တာကတော့ ၁၉၇၃ ခုနှစ်တုန်းကဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG