သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးဂိမ်း ဘောလုံးပွဲနဲ့ မြန်မာအသင်းအလားအလာ


 မြန်မာ နှင့် စင်္ကာပူအသင်း ကစားပွဲ (Myanmar Football Federation Facebook)
မြန်မာ နှင့် စင်္ကာပူအသင်း ကစားပွဲ (Myanmar Football Federation Facebook)

၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဘောလုံးပွဲမှာတော့ မြန်မာ ယူ-၂၂ ဘောလုံးအသင်းက ပွဲဦးထွက်မှာ စင်ကာပူကို အနိုင်ရသွားပါတယ်။ မြန်မာအသင်းနည်းပြကတော့ ဒီပွဲနိုင်လိုက်တဲ့အတွက် မြန်မာအသင်းဟာ ကျန်ပွဲစဉ်တွေအတွက် ယုံကြည်မှုပိုရသွား စေခဲ့တယ်လို့ ပြောလိုက်ပါတယ်။ မြန်မာအသင်းရဲ့ အခုနှစ် ဆီးဂိမ်းပြိုင်ပွဲ အခြေအနေ အလားအလာတွေနဲ့ ပတ်သက်ပြီး ကိုရန်နိုင်က စုစည်းတင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဘောလုံးပွဲတွေကိုတော့ ဒီကနေ့မှာ စတင်လိုက်ပါပြီ။ ဗွေဆော်ဦး အဖွင့်ပွဲအနေနဲ့ မြန်မာ ယူ-၂၂ အသင်းက စင်ကာပူနဲ့ ကစားခဲ့ရပြီး၊ မြန်မာအသင်းဟာ ၂ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားပါတယ်။ မြန်မာအသင်းအတွက် ၂ ဂိုးစလုံးကို တိုက်စစ်မှူးအောင်သူက ၄၅ မိနစ် နဲ့ ၆၁ မိနစ်တွေမှာ သွင်းခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်း ဒီနေ့ ကစားသွားပုံနဲ့ ပတ်သက်ပြီး အားကစားဆောင်းပါးရှင် ကိုဇော်မျိုးသန့်ကတော့

“မြန်မာအသင်းကစားပုံဆိုတော့ ပထမပိုင်းနဲ့ ဒုတိယပိုင်းခွဲပြောရမှာပေါ့ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ပထမပိုင်းကစားပုံကတော့ နည်းနည်းလေးသိပ်မကြိုက်ဘူးပေါ့ ဘာကြောင့်လဲဆိုတော့ နည်းနည်းလေးလောနေတဲ့ သဘောတွေရှိတယ်ပေါ့။ ဒုတိယပိုင်းကတော့ ကိုယ်ကလည်း နိုင်နေပြီဆိုတော့ နည်းနည်းလေးကစားကွက် ပိုကောင်းလာပါတယ်။”

မြန်မာအသင်းနည်းပြ ဂတ်ဇီဆီကတော့ ဒီပွဲနိုင်သွားတဲ့အတွက် ကျန်တဲ့ပွဲတွေအနိုင်ရဖို့အတွက် ယုံကြည်မှုပိုရသွားစေတယ်လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ ဒီပွဲကို မလေးရှား နိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသား အများအပြားလည်း လာရောက် အားပေးခဲ့ကြပြီးတော့ အိမ်ရှင်မလေးရှားနဲ့ပွဲဟာ အရေးပါမယ့်ပွဲဖြစ်မယ်လို့ ရှုမြင်နေကြပါတယ်။

မြန်မာအသင်းဟာ အုပ်စု A မှာ အိမ်ရှင်မလေးရှား၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်းတို့နဲ့ တအုပ်စုတည်းကြတာဖြစ်ပါတယ်။ မြန်မာအသင်းရဲ့ အုပ်စုအနေအထားနဲ့ အကြိုဗိုလ်လုပွဲရောက်မရောက်ဆိုတာနဲ့ ပတ်သက်ပြီး ကိုဇော်မျိုးသန့်က အခုလို ခန့်မှန်းပါတယ်။

“အကြိုဗိုလ်လုပွဲတက်ဖို့ကတော့ စင်္ကာပူကိုနိုင်လိုက်တဲ့အတွက်ကြောင့် သေချာသလောက်ရှိသွားပြီလို့ ဆိုရမှာပေါ့နော်။ဘာကြောင့်လဲဆိုတော့ ပွဲစဉ်ဇယားအရဆိုရင်လည်း မြန်မာက ဘရူနိုင်းတို့ လာအိုတို့နဲ့ ကန်ပြီးတော့ နောက်ဆုံးပွဲစဉ်ကျမှ မလေးရှားနဲ့ ကန်ရမှာကို ဆိုတော့ လာအိုနဲ့ ဘရှုနိုင်းကို နိုင်လိုက်ပြီဆိုရင် ၉ မှတ်လက်ထဲမှာ ပိုင်ပိုင်နိုင်နိုင်ရသွားပြီ ။ ဟိုဘက်က မလေးရှားနဲ့ တွေ့တဲ့ပွဲတွေမှာ ဘယ်လိုရလဒ်ပဲထွက်သည်ဖြစ်စေ မြန်မာကတော့ အကြိုဗိုလ်လုပွဲကို အေးအေးဆေးဆေး တက်သွားမယ့် အနေအထားပါပဲ။ နောက်တခုက ပွဲစဉ်ဇယားအရဆိုရင် စင်္ကာပူနဲ့ မလေးရှားက ဒုပွဲစဉ်မှာ ကန်ရမှာပေါ့နော် ။ ဆိုတော့ မလေးရှားကလည်း စင်္ကာပူက အဲဒီပွဲစဉ်မှာ ရှုံးလို့တော့ မဖြစ်ဘူးခင်ဗျ ။ ရှုံးရင်သူတို့ ၂ သင်းလုံး ပတ်ချာလည်သွားမှာခင်ဗျ သရေကျသွားရင်တော့ မြန်မာက ပိုကြိုက်တာပေါ့။ ဆိုတော့ စင်္ကာပူကို ဒီပွဲမှာ နိုင်လိုက်တဲ့အတွက်ကြောင့် မြန်မာအနေနဲ့က ဒီနှစ် SEAGames မှာတော့ ဘယ်လိုပဲပြောပြော သေချာပေါက် အကြိုဗိုလ်လုပွဲတက်သွားပြီလို့ပဲ ကျနော်ကတော့ ရဲရဲဝံ့ဝံ့ဟောကိန်းထုတ်လိုက်ချင်ပါတယ်။”

၂၀၁၅ ခုနှစ်က စင်ကာပူမှာ ကျင်းပတဲ့ ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မှာတော့ မြန်မာအသင်းဟာ နောက်ဆုံးဗိုလ်လုပွဲအထိ တက်ခဲ့ပြီး၊ အဲဒီမှာ ထိုင်းအသင်းကို ရှုံးပြီး ဒုတိယငွေတံဆိပ်ရခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာဘောလုံး တိုးတက်မှုအနေအထား နဲ့ ပတ်သက်ပြီး အားကစားကလောင်ရှင် ဦးမြတ်သက်က အခုလို သုံးသပ်ပါတယ်။

“တိုးတက်မှုကတော့ ဒီ ယူ-၂၂ဆိုရင် တော်တော်လေးနိုင်ပွဲတွေများတယ်။ ယူ-၁၆-၁၈-၂၂-၂၃ တောက်လျောက် ဒါဥက္ကဋ္ဌကြီးတွေလည်းလုပ်နေတာဆိုတော့ ရှေ့တန်းကတော့ ငြိမ်လည်းငြိမ်တယ် တက်လည်းတက်တယ်၊ တကယ်လည်း ဂျာမန်နည်းပြကြီးကလည်း ဥရောပ နည်းပြကြီးဆိုတော့။ သို့သော်လည်း တခုကျနော်တို့ စိုးရိမ်တာက ကျနော်တို့က တက်သလို သူတို့က လိုက်တက်လာတာလေ။ ထိုင်းတို့ မလေးတို့ သူတို့ကလည်း နိုင်ငံခြားနည်းပြတွေခေါ်မယ် သေချာစနစ်တကျ ကျင့်ပြီးတော့ လုပ်ထားတာဆိုတော့ ကျနော်တို့လည်း တက်တယ်ဆိုရင်လည်း သူတို့ လိုက်တက်တယ်။”

မြန်မာအသင်း အရှေ့တောင်အာရှပြိုင်ပွဲမှာ ရွှေတံဆိပ်ပူးတွဲတကြိမ်အပါအဝင် စုစုပေါင်း ရွှေတံဆိပ် ၅ ကြိမ်ရခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ဆုံးအကြိမ် ရွှေတံဆိပ်ရခဲ့တာကတော့ ၁၉၇၃ ခုနှစ်ကဖြစ်ပါတယ်။ ဆိုတော့ မြန်မာအသင်း ဒီတကြိမ်မှာ ဗိုလ်စွဲပြီး ရွှေတံဆိပ်ရနိုင်မလား။

“ရွှေတံဆိပ်ရနိုင်မယ့်အနေအထားမြင်ပြီးသားပါ။ အခုက ထိုင်းနဲ့ ဗီယက်နမ်က ဘယ်လိုတွေ ပွဲထွက်လာနိုင်ဦးမလဲဆိုတာကိုမသိသေးဘူးလေ။ ဒီလိုအင်ဒိုနီးရှားလောက်နဲ့ အကြိုဗိုလ်လုပွဲမှာတွေမယ်ဆိုရင် မြန်မာက အင်ဒိုနီးရှားလောက်ကိုတော့ နိုင်နိုင်ပါတယ်။ အဓိကတော့ ကျနော်တို့က အကြိုဗိုလ်လုပွဲအဆင့်မှာ ထိုင်းနဲ့ ဗီယက်နာမ်ကို ကျော်ဖြတ်ဖို့က ပိုပြီးအဓိကကျတယ်လို့ ပြောရမှာပေါ့နော်။ ဗိုလ်လုပွဲရောက်သွားပြီဆိုရင်တော့ မြန်မာအတွက်က ရွှေတံဆိပ်ဆိုတာ ဖြစ်လာနိုင်တဲ့ အနေအထား မှာရှိပါတယ်။ သို့သော်လည်း ထိုင်းလိုအသင်းနဲ့ ဗိုလ်လုပွဲမှာ တွေ့ရမယ်ဆိုရင်တော့ တော်တော်ကို ကျားကုတ်ကျားခဲကစားမှပဲ မြန်မာအနေနဲ့ ရွှေတံဆိပ်ရနိုင်တဲ့အနေအထားမျိုးလို့ သုံးသပ်ရမှာပေါ့။”

အားကစားဆောင်းပါးရှင် ကိုဇော်မျိုးသန့် ပြောသွားတာဖြစ်ပါတယ်။ အခုနှစ် ဆီးဂိမ်းဘောလုံးပွဲရဲ့ တဘက်အုပ်စု (B) မှာတော့ လက်ရှိချန်ပီယံထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား နဲ့ တီမော တို့ ပါဝင်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG