သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ ထွက်ပြေးဒုက္ခသည်လှေတိမ်းမှောက် ၂၀ဦးထက်မနည်းသေဆုံး


၂၀၁၂ ဇွန်လတုန်းက နတ်မြစ်ကိုဖြတ်ပြီး ထွက်ပြေးစဉ်
၂၀၁၂ ဇွန်လတုန်းက နတ်မြစ်ကိုဖြတ်ပြီး ထွက်ပြေးစဉ်

ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက် သတ်ဖြတ်မှုတွေ၊ ပစ်ခတ်မှုတွကြောင့် မောင်တောမြို့နယ်ထဲက အလယ်သံကျော်ရွာ ကရွာသားတွေ ဘင်္ဂလားနယ်စပ်ကို ထွက်ပြေးလာခဲ့ကြရာမှာ သြဂုတ်လ ၃၁ရက်နေ့ မနက်အစောကြီးမှာ လှေမှောက်ပြီးလူ ၂၀ထက်မနည်း သေဆုံးမှုတွေရှိနေပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ် အတွင်းမှာ သြဂုတ်လ ၂၅ ရက်နေ့ကစပြီး နယ်ခြားစောင့်ကင်းစခန်းတွေ တိုက်ခိုက်ခံရ တဲ့နောက်မှာတော့ သတ်ဖြတ်မှုတွေ ပစ်ခတ်မ့တွေ မီးရှို့ဖျက်ဆီးမှုတွေ ဆက်တိုက်ဖြစ်လာပါတယ်။ ဒီအတွက် နှစ်ဘက်အသိုင်းအဝိုင်းကလူထုတွေအားလုံးဟာ စိုးရိမ်မှုတွနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကိုထွက်ပြေးခိုလုံကြတာတွေ၊ ရခိုင်ပြည်နယ်အတွင်းက ဘုန်းတော်ကြီးကျောင်းတွေကို ထွက်ပြေးခိုလှုံကြတာတွေလည်း ရှိနေတာပါ။ သြဂုတ်လ ၃၁ရက်မနက် ၂နာရီ၊ ၃နာရီခန့် အချိန်မှာပဲအလယ်သံကျော်ရွာက ရွာသားတွေဟာ ထွက်ပြေးရင်းနဲ့ ဘင်္ဂလားနယ်စပ်မှာ လှေမှောက်လို့ လူသေဆုံးမှုတွေဖြစ်လာရကြောင်း (BURMESE ROHINGA ASSOCIATION IN THAILAND) BRAT အဖွဲရဲ့ ဥက္ကဌ ဦးမောင်ကျော်နု က ပြောပါတယ်။

“၃ -၄ စီး ထွက်တဲ့နေရာမှာ လှေမှောက်သွားတယ်။ တစီးမှာဆိုရင် မိသားစုတခုတည်းကနေပြီးတော့ ၁၅ ယောက်လောက်အသက်ဆုံးသွားတယ်။ လူ၂၀ ကျော်လောက်တော့ အသက်ရှင်တယ်။ သူတို့ကို ကယ်ဆယ်လို့ရတာပေါ့။ အဲဒါက ဆင်မဖြူကျွန်း အလယ်သံကျော်ရွာ မောင်တောရဲ့ ဆန့်ကျင်ဘက်ပေါ့လေ။ အဲဒီတော့ လူ၂၀ ကျော်လောက်ကိုတော့ သူတို့ကယ်တင်တယ်။ ၂၁ ယောက်ကိုတော့ အလောင်းတွေ့တယ်။ အဲဒီမှာ များသောအားဖြင့် အမျိုးသမီးနဲ့ ကလေးတွေပဲ။ အမျိုးသမီး ၈ ယောက်လောက်ဆုံးသွားတယ်။ ပြီးတော့ ကလေး ၉ ယောက်လားမသိဘူးဆုံးသွားတယ်။ ကျန်တာတွေက ယောင်္ကျားလေးတွေပေါ့ အလယ်သံကျော်က လူတွေပါ။”

တချို့လှေတွေကိုတော့ ဘင်္ဂလားနယ်ခြားစောင့်တပ်က ဖမ်းပြီးပြန်လွတ်တာမျိုးတွေ လုပ်နေတာတွေရှိနေတယ်လို့လည်းဆိုပါတယ်။

“အဲဒီညမှာပဲ နောက်ထပ် လှေ ၃ စီးလောက်က passenger (ခရီသည်) တွေကိုပေါ့လေ အဲဒီကတက်လာတာတွေကို ဘင်္ဂလားနယ်စပ်စောင့်တွေက သူတို့ကိုဖမ်းပြီးတော့ ပြန်ပို့ဖို့ကြိုးစားတယ်။ ဒါပေမယ့် သူတို့ ငိုယိုပြီးတော့ ပြောတာက ကျနော်တို့ကို ပြန်ပို့မယ့်အစား ဟိုဘက် ရခိုင်ဒေသမှာ အသင့်စောင့်နေတဲ့ နယ်ခြားစောင့်တွေရော၊ အစိုးရလူတွေရော သူတို့ကို တိုက်ခိုက်မယ် အဲဒါကြောင့် ကျနော်တို့ကို ပြန်မပို့နဲ့ သတ်ချက်ရင် ဒီမှာ သတ်လိုက်ဆိုပြီးတော့ ငိုယိုပြီးတော့ ပြောတော့ သူတို့ကို ခေတ္တခဏခိုလုံခွင့်ပေးတယ်။”

အခုဆိုရင် နတ်မြစ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးလာတဲ့ ရိုဟင်၇ျာ ၂၇၄၀၀ ခန့်ရှိနေပြီလို့ ကုလသမဂ္ဂ ဘက်က ခန့်မှန်းထားပါတယ်။ ဦးမောင်ကျော်နု ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နည်းအမျိုးမျိုးနဲ့ ထွက်ပြေးတိမ်းရှောင်သူတွေ ဆက်ပြီး တိုးလာနေကြောင်း ပြောပြပါတယ်။

“ရခိုင်မောင်တောမြောက်ပိုင်း ကျတော့ ရွာလုံးကျွတ် ဘင်္ဂလားမှာလာပြီးတော့ ခိုလှုံတာတွေရှိတယ်။ အခုလူပေါင်း ၃သောင်းနီးပါးလောက်ရှိပြီ အားလုံးကိုကျနော်တို့ကြည့်မယ်ဆိုရင် ။ အလယ်သံကျော်ကျေးရွာကျတော့ ဟိုဘက်တောင်ဘက်အစွန်းမှာ မြန်မာနယ်မြေတွေရှိတော့ ရေတပ်တွေရှိတော့ သူတို့ ထွက်လို့မရဘူး။ ဘင်္ဂလားဒေ့ရှ်ကိုလာချင်ပေမယ့် လာလို့မရဘူး။ အဲဒီတော့ သူတို့ကတော့ တောထဲတောင်ထဲဝင်သွားတယ်ပေါ့နော်။ အိမ်တွေဘာတွေမီးရှို့ခံရတော့ ပြီးတော့မျက်စိရှေ့မှာလူတွေ လောင်စာ ပစ်ခံရပြီးဆုံးသွားတာတွေမြင်တယ်။ ကလေးတွေဘာတွေ လည်လှီးပြီးတော့ အသတ်ခံရတာတွေ့တဲ့အခါကျတော့ လူတွေက ရွာလုံးကျွတ်ထွက်သွားတာတွေရှိတယ်ပေါ့ဗျာ။ တောထဲတောင်ထဲ။ နောက်ပြီးတော့ ရတဲ့လူတွေနဲ့ ကပ်လိုက်လာတာ အဲလိုတွေပေါ့ ။ နောက်ပြီးတော့ စစ်တပ်တွေရှိနေတော့ လူတွေကမသွားရဲဘူး။ တချို့လူတွေကျတော့ ရခိုင်နဲ့ ဘင်္ဂလားကြားမှာရှိတဲ့ နတ်မြစ်မှာ ဒီအတိုင်းပဲ ခုန်ဆင်းပြီးတော့ ရေကူးပြီးလာတဲ့လူတွေရှိတယ်။”

ပြီးခဲ့တဲ့နှစ်တွေကတည်းက ရခိုင်ပြည်နယ်ထဲက ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေဟာ လှေမှောက်သေဆုံးမူတွေရှိနေသလို ဒီနှစ်ထဲမှာတော့ နှစ်ဘက်အသိုင်းအဝိုင်းအတွင်း ပဋိပက္ခဖြစ်နေချိန်မှာ လှေမှောက်ပြီး အများဆုံးသေဆုံးမှုဖြစ်လာတာပါ။

မြန်မာအစိုးရဘက်ကတော့ အကြမ်းဖက်တိုက်ခိုက်သူတွေကို နှိမ်နင်းမှုတွေလုပ်နေတဲ့အကြောင်း အစွန်းရောက်တွေရဲ့ လက်ချက်ကြောင့်သေဆုံးခဲ့ရသူများရှိတယ်လို့ သတင်းဆက်တိုက် ထုတ်ပြန်နေပါတယ် ။

ဒါပေမဲ့နိုင်ငံတကာကတော့အကြမ်းဖက်တိုက်ခိုက်မူတွေဖြစ်ပွားအပြီး ရခိုင်ပြည်နယ် အတွင်းမှာတော့ ရာဂဏန်းရှိတဲ့ အရပ်သားတွေ ထိခိုက်သေဆုံးတာတွေအတွက် စိုးရိမ်ကြတဲ့အကြောင်း သတင်းတွေထုတ်ပြန်နေပါတယ်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာမူဆလင်တွေကိုကယ်တင်ဖို့ဆိုပြီး မနေ့ကတော့ ရာနဲ့ ချီရှိတဲ့ မူဆလင်ဘာသာဝင်တွေ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာရှိတဲ့ မြန်မာသံရုံးကိုဆန္ဒပြတာတွေ ဖြစ်လာပါတယ် ။ မြန်မာပြည်၊ ရခိုင်ပြည်နယ်ကအရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးပေါ်တံခါးပိတ်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးတဲ့ နောက်မှာတော့ရခိုင်ပြည်နယ်တွင်းက တင်းမာမူတွေလျော့ကျအောင် အဖြေရှာဖို့ ကုလသမဂ္ဂ ကတော့တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG