သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ရေရှည်အဖြေရှာဖို့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် တိုက်တွန်း


ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် သံအမတ် Matthew Rycroft။
ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် သံအမတ် Matthew Rycroft။

ရခိုင်ပြည်နယ် ဘက်မှာ လက်ရှိ ဖြစ်နေတဲ့ တင်းမာမှုကို လျော့ကျအောင် လုပ်ပြီး ရေရှည် အဖြေရှာသင့်တယ်လို့ ကုလ သမဂ္ဂဆိုင်ရာ UK နိုင်ငံ သံအမတ်ကြီးက ပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့က အရေးပေါ် တံခါးပိတ် အစည်းအဝေး တခု ကျင်းပပြီးတဲ့နောက် သံအမတ်ကြီး Matthew Rycroft က သတင်းထောက်တွေကို အဲဒီလို ပြောတာပါ။

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ကတော့ မြန်မာ သံကိုယ်စားလှယ် အဖွဲ့အနေနဲ့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ မျက်နှာစာမှာ သံတမန်ရေး အရ ရှင်းလင်းပြောဆိုတာတွေ လုပ်ဆောင်နေပြီးတော့ အစိုးရက လက်ရှိ လုပ်နေတာတွေ အပေါ် နိုင်ငံ အများစုက လက်ခံကြတယ်လို့ ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေ တွေနဲ့ ပတ်သက်ပြီး အရေးပေါ် အစည်းအဝေး လုပ်ဖို့ ဗြိတိန်နိုင်ငံက အင်္ဂါနေ့မှာ ကမကထပြု တောင်းဆိုပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့ ကျင်းပတဲ့ လုံခြုံရေး ကောင်စီ တံခါးပိတ် အစည်းအဝေး အတွင်း ဆွေးနွေးခဲ့ကြတာပါ။ ဘာတွေ ဆွေးနွေးခဲ့ကြတယ် ဆိုတဲ့ အသေးစိတ်တွေ ကိုတော့ မသိရသေးပါဘူး။

အစည်းအဝေး တက်ရောက်တဲ့ ထဲက ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Matthew Rycroft က အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို အခုလိုပြောပါတယ်။

“သက်ဆိုင်သူတွေ အားလုံး အနေနဲ့ တင်းမာမှုတွေ လျော့ကျအောင် လုပ်ပြီး ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည် ဖော်တာ အပါအဝင် ရေရှည် အဖြေတွေကို ရှာသင့်တယ်လို့ ကျနော်ထင်ပါတယ်။”

ရခိုင်ပြည်ဘက်မှာ စစ်တပ်က လုပ်ဆောင်နေတာတွေ ထွက်ပြေးတဲ့ ဒုက္ခသည်တွေ များလာတယ်ဆိုတဲ့ သတင်းတွေ အပေါ် အများ အာရုံစိုက်မှု ရအောင် လုပ်ချင်တဲ့ အတွက် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး လုံခြုံရေး ကောင်စီဖက်က တုန့်ပြန်ဆောင်ရွက်နိုင်ဖို့ အရေးပေါ် အစည်းအဝေး ခေါ်တာဖြစ်တယ်လို့ အင်္ဂါနေ့မှာ သံအမတ်ကြီး Rycroft က ပြောခဲ့ပါသေးတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ကတော့ လုံခြုံရေး ကောင်စီမှာ ဘာတွေ ဆွေးနွေးကြပြီး ဘယ်လိုထွက် လာမယ် ဆိုတာ တရားဝင် မှတ်တမ်းတွေ မရသေးလို့ မသိရသေးဘူးလို့ ဗွီအိုအေကို ပြောပါတယ်။ မြန်မာသံအဖွဲ့တွေ အနေနဲ့ကတော့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ သံခင်းတမန်ခင်း အရ ပြောဆို ရှင်းလင်းတာတွေ ပုံမှန်လို လုပ်နေတယ်လို့ ပြောပါ တယ်။

“ အခု မြန်မာနိုင်ငံမှာ ဖြစ်ပေါ် တိုးတက်မှုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဒီမှာရှိတဲ့ အတွင်းရေးမှုးချုပ် အပါအဝင် ကျနော်တို့ဒီ ကုလသမဂ္ဂဌာနချုပ်မှာ သက်ဆိုင်တဲ့ ဌာနတွေကိုလည်း ကျနော်တို့ အချိန်နဲ့ တပြေးညီပေါ့နော် အဖြစ်မှန် အချက်အလက် တွေကိုလည်း ကျနော်တို့ ပေးပို့နေတယ်။ သူတို့ update လုပ်နေတယ်။

နောက်တခါ ဒီမှာရှိကြတဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ ကိုရော ဒီမှာရှိတဲ့ အဖွဲ့ဝင်တွေ အထူးသဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်၊ OIC အဖွဲ့ဝင် ခင်မင်ရင်းနှီးတဲ့ နိုင်ငံတွေရော ပေါ့လေ ကျနော်တို့ရဲ့ အိမ်နီးနားချင်း နိုင်ငံတွေ၊ နောက် အထူးသဖြင့် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ စသဖြင့် ကျနော်တို့ ဖြစ်ပေါ်တိုးတက်မှုတွေကို ကျနော်တို့ update လုပ်ပေးနေပါတယ်။ ကျနော်တို့ ဘက်ကလေ အမြဲတမ်း update လုပ်ပေးနေပါတယ်။ အဲတော့ တွေ့တဲ့အခါမှာလည်း ပြောတာ ရှိသလို၊ အချက်လက်တွေ ကိုလည်း ပံ့ပိုးပြီးတော့ လုပ်နေတဲ့အပိုင်း ထိတွေ့နေတဲ့ အပိုင်းတော့ ရှိပါတယ်။”

သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မောင်တော ဒေသဘက်က ရဲကင်းစခန်းတွေကို အကြမ်းဖက် တိုက်ခိုက်ခံရပြီးတဲ့ နောက်ပိုင်း တိုက်ခိုက်သူတွေကို နှိမ်နင်းဖို့ လုံခြုံရေး တပ်ဖွဲ့တွေက လုပ်ဆောင်နေပြီး အခြေအနေက အခုထိ မငြိမ်သက် သေးပါဘူး။ ဒါကြောင့်လည်း ရခိုင်အရေးဟာ နိုင်ငံတကာ သတင်းတွေထဲမှာ တကျော့ပြန် ပေါ်လာပြီး အခြေအနေပေါ် စိုးရိမ်တဲ့ အကြောင်းလည်း နိုင်ငံတကာ အစိုးရတွေ၊ ကုလသမဂ္ဂလို အဖွဲ့အစည်းတွေက ပြောထားကြတာပါ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးနေတဲ့ ဒုက္ခသည် ၅,၀၀၀ ကျော်ရှိနေပြီး သူတို့ကို လုံခြုံစွာ ခိုလှုံခွင့်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို ပန်ကြားထားပါတယ်။

ဒုက္ခသည်တွေကို လိုလိုလားလား လက်ခံဖို့ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးကလည်း တိုက်တွန်း ထားပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို အားလုံးက အပြည့်အ၀ လေးစားလိုက်နာဖို့ လူ့အခွင့်အရေး မဟာမင်းကြီး Zeid al’ Hussein က တိုက်တွန်းထားပါတယ်။

သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ကတော့ အစိုးရက လက်ရှိ လုပ်နေတာကို နိုင်ငံအများစုက သဘောပေါက် လက်ခံထားကြတယ် လို့ ဗွီအိုအေကို ပြောပါတယ်။

“ အမှန်အတိုင်း ပြောရလို့ ရှိရင်တော့ ကျနော်တို့ လုပ်နေတဲ့ဟာကိုတော့ နိုင်ငံအများစုက လက်ခံတယ်။ သဘောလည်း ပေါက်တယ်ပေါ့နော်။ သဘောလည်း ပေါက်တယ်။ လက်ခံတယ် ဆိုတာက ကျနော်တို့ လုပ်နေတဲ့ အခုလမ်းစဉ်က ရှုပ်ထွေး နက်နဲလှတဲ့ ဒီရခိုင် မွတ်ဆလင်ကိစ္စကို ရေရှည်တည်တံ့မယ့် အဖြေရရှိဖို့ အတွက် ကျနော်တို့က လုပ်နေတဲ့ အခါကျတော့ ဒီဟာကိုလည်းပဲ အခု ကျနော်တို့ ရခိုင်အကြံပေးကော်မရှင် မစ္စတာ အာနန်တို့ ကော်မရှင် final report လည်းတင်ပြီးသွားပြီ။

ကျနော်တို့ ကလည်း ပြတ်ပြတ်သားသား ပြောထားတယ်။ ဒီ report မှာ ပေးထားတဲ့ recommendation တွေကို အတတ်နိုင်ဆုံး အချိန်အတိုဆုံး အချိန်ကာလမှာ ကျနော်တို့က အကောင်အထည်ဖေါ်ပြီး ဆောင်ရွက်သွားမယ်။ ကျနော်တို့ ဒါပြောထားတာ ပေါ့နော်။ အဲတော့ ကျနော်တို့ ပြောထားတဲ့ ဟာကိုတော့ အများစုက ကျနော်ထင်တယ် လက်ခံတဲ့ သဘောရှိတယ်။ ဒါကလည်း အကောင်းဆုံး လမ်းစဉ်ဖြစ်တယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီပြသနာကို ဖြေရှင်းဖို့ဟာ ကျနော်တို့အတွက် အကောင်းဆုံး လမ်းစဉ်ဖြစ်တယ် ဆိုတာကို သူတို့လည်း လက်ခံကြတယ်လို့ ကျနော် အဲလို နားလည် သဘောပေါက် တယ်လေ။”

အကြမ်းဖက် တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့ နေရာမှာ အပြစ်မဲ့ပြည်သူတွေ သေကြေပျက်စီးမှု မရှိအောင် အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက်နေတယ်လို့ အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ပြီးခဲ့တဲ့ရက်ပိုင်း သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အရေးပေါ် အစည်းအဝေးကို ၂၀၀၅ ခုနှစ်က ပထမဆုံးအကြိမ် ခေါ်ယူခဲ့ဖူးပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အပြီးမှာလည်း တကြိမ် အစည်းအဝေး လုပ်ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG