သုံးရလွယ်ကူစေသည့် Link များ

ရခိုင်အရေးဖြေရှင်းဖို့ နိုဘဲလ်ဆုရှင်များ လုံခြုံရေးကောင်စီကို တောင်းဆို


ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြတဲ့ ရခိုင် မောင်တောက မူဆလင်မိသားစုများ။ ( နိုဝင်ဘာ ၂၁၊ ၂၀၁၆)

ရခိုင်ပြည် မြောက်ပိုင်း မောင်တောဒေသမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ပေး ဖို့ ငြိမ်းချမ်းရေး နိုဘဲလ် ဆုရှင်တွေ အပါအ၀င် ထင်ရှားကျော်ကြားသူတွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကို စာရေး တောင်းဆိုလိုက်ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ လုံခြုံရေး ကောင်စီ ရဲ့ ဆောင်ရွက်ချက်ပေါ်မှာ မူတည်ပြီး တုန့်ပြန်ဆောင်ရွက်သွားဖို့ ရှိတယ် လို့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနဘက်က တုန့်ပြန်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ငြိမ်းချမ်းရေးနဲ့ စာပေ နိုဘဲလ်ဆုရှင်တွေ၊ အထင်ကရ နိုင်ငံရေး သမားတွေ၊ ပရိဟိတအရေးနဲ့ တက်ကြွလှုပ်ရှားသူ ၂၃ ယောက် ပူးပေါင်းပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက လူ့မှုရေး ပြဿနာ အကြပ်အတည်းကို အဆုံးသတ်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို မနေ့ ကြာသာပတေးနေ့က စာရေး တောင်းဆိုလိုက်ကြပါတယ်။

ရခိုင်ပြည်အရေးနဲ့ ပက်သတ်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက လူ့အခွင့်အရေး ချို့းဖောက်မှုတွေ ရှိတယ်ဆိုပြီး စွပ်စွဲပြောဆိုနေချိန်မှာပဲ နိုဘဲလ်ဆုရှင်တွေက ပထမဆုံး တောင်းဆိုလိုက်ကြတာပါ။ ဒါနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီ ရဲ့ ဆောင်ရွက်ချက်ပေါ်မှာ မူတည်ပြီး တုန့်ပြန်ဆောင်ရွက်သွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့ စီးပွားရေးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ပြောပါတယ်။

"ကျနော်တို့ကတော့ မြန်မာသံရုံး မြန်မာအဖွဲ့ရုံး နယူးယောက်ကနေပြီးတော့ တဆင့် ဒီ သူတို့ ဘယ်အတိုင်းအတာအထိ ပို့ထားလဲပေါ့နော်။ ခုနကပြောတဲ့ လုံခြုံရေးကောင်စီ ကလည်း လုပ်ထုံးလုပ်နည်းတွေတော့ ရှိပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့ အညီ သူတို့ ဘာတွေ ဆက်လုပ်သွားမလဲ ဆိုတာကို စောင့်ကြည့် သွားဖို့တော့ လိုပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့ အဲ့ဒီ့စာကို ရပြီလား၊ ဘယ်လို Action ယူမလဲဆိုတာ လေ့လာပြီးတော့ မေးမြန်းပြီးတော့ သွားဖို့တော့ ရှိပါမယ်။"

ကုလသမဂ္ဂကို တောင်းဆိုလိုက်ကြတဲ့ သူတွေထဲမှာ မြန်မာနိုင်ငံကိုလည်း လာရောက်ဖူးတဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် တောင်အာဖရိက ဘုန်းတော်ကြီး Desmond Tu Tu လည်း ပါဝင်သလို အခုအချိန်အထိ အသက်အငယ်ဆုံး ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ပါကစ္စတန်နိုင်ငံသူ မာလာလာတို့လည်း ပါဝင်ပါတယ်။

နိုဘယ်ဆုရှင် ဒါဇင်နဲ့ချီ အခုလို တောင်းဆိုလိုက်တာနဲ့ ပတ်သတ် လို့ မြန်မာအရေး လေ့လာ သုံးသပ်သူလည်း ဖြစ် မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေး အဖွဲ့က ညွှန်ကြားရေးမှူးတစ်ဦးလည်း ဖြစ်တဲ့ ကိုအောင်သူငြိမ်းက အခုလို ပြော ပါတယ်။

" အဓိကအားဖြင့်တော့ပေါ့ဗျာ တချိန်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် နိုဘဲလ်ဆုရှင်တွေက ဝိုင်းပြီးတော့ ကူညီခဲ့ဖူးတာရှိပါတယ်။ ဆိုတော့ သူတို့အနေနဲ့က လက်ရှိ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ နောက် တခါ ဒေါ်အောင်ဆန်းစုကြည် ရဲ့ တုန့်ပြန်ကိုင်တွယ်ပုံနဲ့ပတ်သက်လို့ အားမလို အားမရဖြစ်ကြတယ်။ ဒါကြောင့်မို့လည်း အခုလို တင်ပြတယ်လို့ ယူဆနိုင်ပါတယ်။"

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် တစ်ဦးဖြစ်သလို နိုင်ငံရဲ့ ခေါင်းဆောင် တစ်ဦးလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသား အခွင့်အရေးတွေကို ပြီးပြည့်စုံပြီး မျှမျှတတဖြစ်အောင် တိကျသေချာစွာ ဆောင်ရွက်ပေးဖို့ ဦးဆောင်ဦးရွက်လုပ်ပေးတာဘာမှ မရှိသေးတဲ့ အတွက် သူတို့အနေနဲ့ စိတ်မသက်မသာ ဖြစ်ရတဲ့အကြောင်း ကုလသမဂ္ဂကိုတောင်းဆိုထားတဲ့ စာထဲမှာ ပါဝင်ပါတယ်။

မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အဖွဲ့က ကိုအောင်သူငြိမ်းကတော့ ရခိုင်အရေးနဲ့ ပတ်သတ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆောင်ရွက်တာတွေ ရှိသလို ကွဲပြားတဲ့ အမြင်တွေကိုလည်း လက်ခံဖို့လိုတယ်လို့ ဆိုပါတယ်။

"မြင်သလောက်ပြောရရင် ကျနော်တို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူလုပ်သင့်တာတွေကိုတော့ သူလုပ်ပါတယ်။ အထူးသဖြင့်တော့ ရခိုင်အရေးနဲ့ပတ်သက်ပြီး ကော်မရှင်ဖွဲ့တဲ့ ကိစ္စတွေ ရှိတယ်။ နောက်တခုက စုံစမ်းစစ်ဆေးရေးကိစ္စတွေ လုပ်တာတွေရှိပါတယ်။ ဆိုတော့ တဘက်မှာလည်း ကျနော်တို့ အမြင်က နှစ်ဘက်ကွဲနိုင်တာပေါ့နော်။ တဘက်ကတော့ တိုင်းပြည်လုံခြုံရေး ၊ အချုပ်အခြာအာဏာ စသဖြင့် တဘက်ကမြင်နိုင်သလို တဘက်က လူ့အခွင့်အရေး နဲ့ နိုင်ငံသားဖြစ်မှု ပြသနာပေါ့နော် ဆိုတော့ ဒီအပေါ်မှာ အမြင်နှစ်ဘက်ကွဲနေနိုင် ပါတယ်။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း တဘက်က ကွဲပြားတဲ့အမြင်တွေကို နားထောင်ပြီးတော့ အလေးစိုက်စေချင်ပါတယ်။"

အောက်တိုဘာလ အစောပိုင်းက ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ် ဆိုပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းက တစ်လျှောက်လုံး ဝေဖန်ခဲ့ကြပါတယ်။

ဒါ့အပြင် နယ်မြေ မတည်ငြိမ်မှုတို့ကြောင့် ဒုက္ခသည်ပေါင်း သောင်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို ထွက်ပြေးပုန်းရှောင်ခဲ့ကြတယ်လို့ ကုလသမဂ္ဂ အဖွဲ့တွေက ပြောဆိုကြပါတယ်။ မြန်မာနိုင်ငံခြားရေး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဦးကျော်မိုးထွန်းကတော့ စွပ်စွဲပြောဆိုမှုတွေကို အချက်အလက် ခိုင်ခိုင်မာမာနဲ့ အစိုးရကို ပြောဆို ထောက်ပြသင့်တယ်လို့ ဆိုပါတယ်။

"စွပ်စွဲဆိုမှုတွေရှိတယ်ဆိုရင် သေသေချာချာ အချက်အလက်တွေနဲ့ အစိုးရကို တင်ပြတယ်ဆိုရင် အစိုးရက ဒါနဲ့ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးဖို့ဆိုတဲ့ဟာကို အမြဲတမ်း အသင့်ရှိပါတယ်။ ဒါကြောင့်မို့လို့ ခုနကပြောတဲ့ စွပ်စွဲတဲ့သူတွေအနေနဲ့ ဒီလိုအချက်အလက်တွေနဲ့ အသိပေးပြီးတော့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံ ပါတယ်။ ဒါမှလည်း ကျနော်တို့ ဒီလိုကိစ္စတွေမှာ ဒီလိုစွပ်စွဲမှုတွေနဲ့ပတ်သက်ပြီးတော့ မမှန်ဘူး မှန်တယ် ဆိုတဲ့ကိစ္စတွေကို ပူးပေါင်းဆောင်ရွက်မှ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တိုက်တွန်းလိုပါတယ်ခင်ဗျ။ "

ရခိုင်အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ အရေးပေါ် ကိစ္စရပ်တစ်ခုလို့ သတ်မှတ်ပြီး မကြာမှီမှာပဲ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကိုယ်တိုင် ဒါမှမဟုတ် သူ့နေရာကို ဆက်ခံမယ့်Antonio Guterres ကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ပြီး ဒီကိစ္စကို ဦးစားပေး ကိုင်တွယ်ဖြေရှင်းပေးဖို့ နိုဘယ်ဆုရှင်တွေက တောင်းဆိုလိုက်ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ တစ်ခုခု မဆောင်ရွက်ဖူးဆိုရင် အဲဒီ့ဒေသ က လူတွေဟာ သေနတ်နဲ့ ပစ်သတ်မခံရဘူးဆိုရင်တောင် အစာရေစာ ငတ်မွတ်ပြီး သေဆုံးသွားနိုင်တယ် ဆိုပြီးတော့လည်း ရေးသားတောင်းဆိုခဲ့ကြပါတယ်။

XS
SM
MD
LG