သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ဗုဒ္ဓဟူးနေ့ခေါ်မည်


ကုလသမဂ္ဂ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Matthew Rycroft
ကုလသမဂ္ဂ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Matthew Rycroft

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သြဂုတ်လ ၃၀ ရက် ဗုဒ္ဓဟူးနေ့ကျရင် အရေးပေါ် အစည်းအဝေး ကျင်းပမှာ ဖြစ်ပါတယ်။ အရေးပေါ် အစည်းအဝေး လုပ်ဖို့ ဗြိတိန်နိုင်ငံရဲ့တောင်းဆိုချက်ကို လုံခြုံရေး ကောင်စီက သဘောတူခဲ့တဲ့ အကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Matthew Rycroft က New York မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ အင်္ဂါနေ့က ခုလိုပြောကြားခဲ့ပါတယ်။

“ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မနက်ဖြန် အရေးပေါ် အစည်းအဝေး ခေါ်ဖို့ တောင်းဆိုချက်ကို လုံခြုံရေးကောင်စီက သဘောတူပါတယ်။ စစ်တပ်ရဲ့ရန်လိုတဲ့ ဆောင်ရွက်ချက်တွေ၊ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ များလာတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် ကျွန်တော်တို့က အများ အာရုံစိုက်မှုရအောင် လုပ်ချင်တာပါ။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီဖက်က တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ အရေးပေါ် အစည်းအဝေး ခေါ်တာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ ကာလကြာရှည်ထဲက ရှိနေတဲ့ ပြဿနာတွေကို ဖြေရှင်ဖို့ လိုအပ်ကြောင်းနဲ့ သက်ဆိုင်နေသူ အားလုံး အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တိုက်တွန်းကြောင်းလည်း သံအမတ်ကြီး Rycroft ကသူ့ရဲ့ တွစ်တာ စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ မနက်အစောပိုင်းက စလို့ လုံခြုံရေး စခန်းပေါင်း ၃၀ ထက် မနည်းအပေါ် လက်နက်ကိုင် စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့သလို ရွာတွေလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီနောက် ရခိုင်ရွာတွေက ပြည်သူ အများအပြား ဘေးလွတ်ရာ ထွက်ပြေးနေကြရသလို၊ မွတ်ဆလင်ရွာတွေ ဖက်ကလည်း ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကို ထွက်ပြေး တိမ်းရှောင် နေကြပါတယ်။

ဘင်္ဂလားဒေရှ့် ဖက် ထွက်ပြေးတဲ့ ရိုဟင်ဂျာတွေ အပေါ် လုံခြုံရေးတပ်တွေက တိုက်ခိုက်တယ် ဆိုတဲ့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်နေပါတယ်။ မြန်မာနိုင်ငံဖက်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေရှ့် နိုင်ငံထဲမှာ လုံခြုံစွာ ခိုလှုံခွင့်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေကို ပန်ကြားခဲ့ပါတယ်။ ဘင်္ဂလားဒေရှ့်ဖက် ထွက်ပြေးနေတဲ့ ရိုဟင်ဂျာ ၅ ထောင်ကျော်ရှိနေပြီး သူတို့ကို လိုလိုလားလား လက်ခံဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကလည်း တိုက်တွန်း ထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid al’ Hussein ကတော့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို အားလုံးက အပြည့်အ၀ လေးစားလိုက်နာဖို့ အတွက် တိုက်တွန်းထားပါတယ်။ လတ်တလော ဖြစ်ခဲ့တဲ့ လုံခြုံရေး စခန်းတွေ အပေါ် အစွန်းရောက် မွတ်ဆလင်တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ လုံခြုံရေးတပ်တွေရဲ့အရပ်သားတွေ အပေါ် တိုက်ခိုက်မှုတွေ အပေါ်လည်း သူက အပြစ်တင် ခဲ့ပါတယ်။

ရခိုင်ပြည်နယ်ထဲက လုံခြုံရေးစခန်းတွေ တိုက်ခိုက်ခံရမှု အပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သလို တရားဥပဒေနဲ့ အညီ တုံ့ပြန် ဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက် အဖွဲ့အစည်းတွေဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ကာ နယ်မြေ ပိုင်ဆိုင်နိုင်ဖို့ အထိ ရည်မှန်း လုပ်ဆောင်နေတာ ဖြစ်တယ်လို့ တပ်မတော် တာဝန်ရှိသူ တယောက်က အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အခုတခေါက် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် ဖြစ်စဉ်တွေဟာ အရင်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ မတူဘူးလို့ အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းကလည်း အင်္ဂါနေ့ကပဲ သီးခြား သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ် အေးချမ်း တည်ငြိမ် သာယာဝပြောရေး အတွက် အစိုးရနဲ့ နိုင်ငံတကာရဲ့အားထုတ်ဆောင်ရွက်မှုတွေ ထိခိုက်ပျက်စီးစေဖို့ အကွက်ချ စီစဉ်ဆောင်ရွက်နေတာ ထင်ရှားတယ်လို့ ပြောပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့ နေရာမှာ အပြစ်မဲ့ပြည်သူတွေ သေကြေပျက်စီးမှု မရှိအောင် အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက်နေတယ် လို့လည်း အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက သတင်းစာရှင်းပွဲမှာ ပြောကြား သွားပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အရေးပေါ် အစည်းအဝေးကို ၂၀၀၅ ခုနှစ်က ပထမဆုံး အကြိမ် ခေါ်ယူခဲ့ပြီး ၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေး အပြီး တကြိမ် ကျင်းပခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG