သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဒီကနေ့ ဆွေးနွေးမည်


မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဒီကနေ့ ဆွေးနွေးမည်
မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဒီကနေ့ ဆွေးနွေးမည်

မြန်မာ့အရေးနဲ့ပတ်သက်ပြီးတော့ မကြာခင် နာရီပိုင်းအတွင်း အမေရိကန်စံတော်ချိန် ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တံခါးပိတ် ဆွေးနွေးကြဖို့ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး ပြောခွင့်ရသူက ဗွီအိုအေ ကို ပြောခဲ့ပါတယ်။ လက်ရှိ မြန်မာပြည်က ရွေးကောက်ပွဲပြဿနာ၊ တိုင်းရင်းသားအရေးပြဿနာတွေကို ထည့်သွင်းဆွေးနွေးဖို့ရှိပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံကိုယ်စားလှယ်ကနေ လုံခြုံရေးကောင်စီမှာ အစီရင်ခံစာ တင်သွင်းမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက ပြောပြပါမယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ခ်မြို့မှာ နိုဝင်ဘာလ ၁၈ ရက် ကြာသပတေးနေ့ အမေရိကန် စံတော်ချိန် မွန်းလွဲပိုင်းကျရင် ဆွေးနွေးမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေ နမ်ဘီယာ (Vijay K. Nambiar) က မြန်မာပြည်မှာ လက်ရှိ ဖြစ်ပျက်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ အစီရင်ခံစာ တင်သွင်းမှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံး ပြောခွင့်ရသူ ဟားရိယတ် ခရော့စ် (Harriett Cross) က ဗွီအိုအေကို အခုလို ပြောဆိုခဲ့ပါတယ်။

“လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးမှာဖြစ်ပါတယ်။ ကုလသမဂ္ဂ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ နမ်ဘီယားက လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်လို့ အစီရင်ခံဖို့ရှိပါတယ်။ မြန်မာနိုင်ငံမှာ နောက်ဆုံး ဖြစ်ထွန်းတိုးတက်မှုတွေကို အခြေခံပြီး ကျမ အင်္ဂါနေ့က အီးမေးလ်ပို့ပြီး သဘောထားတွေ မေးခဲ့တာကို အဖွဲ့ဝင်အားလုံးက တွေ့ဆုံဖို့ အခုလို သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။”

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ရဲ့ ကုလသမဂ္ဂရေးရာတာဝန်ခံ ဒေါက်တာ သောင်းထွန်းကလည်း ဒီကနေ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သွားနိုင်မယ့် နည်းလမ်းတွေကို ကူညီရှာဖွေနိုင်ဖို့ ဆွေးနွေး ကြမှာဖြစ်တယ်လို့ အခုလို ပြောခဲ့ပါတယ်။

“အခု လုံခြုံရေးကောင်စီမှာ ဘယ်လိုမျိုး မြန်မာ့နိုင်ငံရေးပြဿနာကို ကူညီကိုင်တွယ်ဖြေရှင်းပေးဖို့ ချဉ်းကပ်မှုတွေ၊ ဒါတွေကို ဆွေးနွေးမယ်ဆိုတဲ့သဘောထားဖြစ်ပါတယ်။ နံပါတ်တစ်အနေနဲ့ ဒီတခေါက် ဆွေးနွေးမယ့်ကိစ္စက ရွေးကောက်ပွဲကိစ္စဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက် ရွေးကောက်ပွဲလွန်ကာလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တခြား ရွေးကောက်ပွဲမှာ မပါဝင်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အစုအဖွဲ့တွေ အားလုံး ပါဝင်နိုင်ပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်နိုင်တဲ့ ဘယ်လို နိုင်ငံရေးလုပ်ငန်းစဉ်တရပ်ကို UN ကနေ ကူညီရှာဖွေပေးမလဲဆိုတဲ့ ကိစ္စပါတယ်။ တိုင်းရင်းသားဒေသတွေမှာ ပြည်တွင်းစစ် အငွေ့အသက်တွေ သန်းနေတယ်။ စစ်ရေးအရ တင်းမာမှုတွေ ဖြစ်နေတယ်။ ဒီကိစ္စတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့ ကိစ္စမှာ ကုလသမဂ္ဂ က ဘယ်လိုဆောင်ရွက်ပေးမလဲ။ ဒါတွေကို ဆွေးနွေးကြမယ်။”

ဒါ့အပြင် အခုအစည်းအဝေးက မြန်မာပြည်နဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေအကြား သဘောထားကွဲပြားမှုတွေ ကို ညှိနှိုင်းဆွေးနွေးကြဖို့သာဖြစ်ပြီး တချို့လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံ တွေက မျှော်လင့်သလို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကနေ မြန်မာစစ်အစိုးရအပေါ် အရေးယူဖို့ ကတော့ ဖြစ်လာနိုင်စရာ မရှိဘူးလို့လည်း ဒေါက်တာ သောင်းထွန်းက အခုလို ဆက် ပြောခဲ့ပါတယ်။

“အရေးယူဆောင်ရွက်မှုကတော့ လတ်တလောမှာ ကျနော်တို့ ဖြစ်လာဖို့ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ခုနကိစ္စတွေအပေါ်မှာ တရုတ်နိုင်ငံက ဒါ ပြည်တွင်းရေးလို့ မြင်တယ်။ ရုရှားက ပြည်တွင်းရေးလို့ မြင် တယ်။ တခြားနိုင်ငံတွေကတော့ ဒါတွေက ကုလသမဂ္ဂကနေ အရေးယူဆောင်ရွက်သင့်တယ်လို့ မြင် တယ်။ အဲ့တော့ ဆွေးနွေးမှုတွေတော့ ရှိနေတယ်။ ဆွေးနွေးမှုတွေဟာ သဘောထားမတူညီမှုတွေကို ကျဉ်းမြောင်းသွားအောင် လုပ်တဲ့သဘောရယ်၊ ဒီဗမာနိုင်ငံရေးကိစ္စအပေါ်မှာ ကုလသမဂ္ဂက အဆက် မပြတ် အာရုံစိုက်မှုရှိနေတယ်ဆိုတာတွေကို လက်ရှိ နိုင်ငံရေးခေါင်းဆောင်တွေကို ပြသလိုတဲ့ အနေ အထားတွေလည်း ဖြစ်တယ်။ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ လက်ရှိလုပ်နေတဲ့ လုပ်ငန်းဆောင်တာ တွေကို လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက ဘယ်လို ကူညီဆောင်ရွက်မလဲ။ ဘယ်လို ဘုံ ချဉ်းကပ်မှု မျိုးတွေ ရမလဲဆိုတဲ့ ကြိုးပမ်းရှာဖွေမှုလည် းဖြစ်ပါတယ်”

ဒီအစည်းအဝေး မတိုင်ခင်တုန်းကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကြားမှာ မြန်မာ ပြည်ကိစ္စကို အလွတ်သဘော ဆွေးနွေးခဲ့ကြပါသေးပါတယ်။

ဒီလို ဆွေးနွေးချိန်မှာ နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပပြီးစီးသွားခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတဲ့အတွက် ကြိုဆိုကြောင်းနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့အတွက် စစ်အစိုးရကို တောင်းဆိုဖို့ ဒါတွေကို သဘောတူညီခဲ့ကြပါတယ်။

လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၅ နိုင်ငံရှိပြီး ဗြိတိန်နိုင်ငံက လက်ရှိ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ဒီအဖွဲ့ဝင်နိုင်ငံတွေကြားမှာ မြန်မာပြည်အရေးကို မဆွေးနွေးခဲ့ကြတာ လ အတန် ကြာခဲ့ပြီဖြစ်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က နေ ပြန်လွတ်လာပြီးတဲ့နောက်မှာ အခုလို လုံခြုံရေးကောင်စီကနေ မြန်မာ့အရေးကို ဆွေးနွေးဖို့ ဖြစ်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့နဲ့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာအောင် ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းတဲ့အနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ဒီနှစ်ဆန်းပိုင်းကစလို့ တာဝန်ပေးခြင်းခံခဲ့ရတဲ့ အိန္ဒိယနွယ်ဖွား ဝါရင့်သံတမန် မစ္စတာ ဗွီဂျေ နမ်ဘီယာဟာ ဂျွန်လတုန်းက မြန်မာ့အရေးဆွေးနွေးဖို့ စင်္ကာပူ၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး အပြန်မှာ အတွင်း ရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေအဖွဲ့ဝင်နိုင်ငံတွေကို စက်တင်ဘာလမှာတုန်းက အစီရင်ခံခဲ့ဖူးပါတယ်ရှင်။

XS
SM
MD
LG