သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုများ တွေ့ရဆဲ


အကြမ်းဖက်ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည် မြောက်ပိုင်း မောင်တောနဲ့ ဘူးသီတောင်းမြို့နယ်တွေအတွင်းမှာ ဒီကနေ့အထိ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။ ဒီအခြေအနေတွေအပြင် ဒေသတွင်း လုံခြုံရေးနဲ့ပတ်သက်လို့ အဲဒီ ဒေသကို သတင်းယူဖို့သွားရောက်နေတဲ့ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

"ကိုသားညွှန့်ဦး။ ။ ကိုမိုးဇော်တို့ ဒီကနေ့ ဘူးသီးတောင်၊ မောင်တော ၂ မြို့နယ်ကို သွားပြီးတော့ သတင်းထောက်တွေ သွားလေ့လာခွင့်ရတယ်ဆိုတော့ ကျနော်တို့ ဒီနေ့တချို့အတိုက်အခိုက်ခံရတဲ့ သတင်းတွေလည်းကြားနေရတယ်ခင်ဗျ။ ဆိုတော့ တိုက်ခိုက်ခံရတဲ့အခြေအနေတွေရော ဘယ်လိုမျိုးတွေ့ရပါသလဲ။

ကိုမိုးဇော်။ ။ ဟုတ်ကဲ့ ဒီကနေ့ ကျနော်တို့ ဒီမနက်ခင်းပိုင်းကနေ စစ်တွေကနေ ထွက်လာတယ်ပေါ့လေ။ ဘူးသီးတောင်ကို နေ့ခင်းပိုင်းမှာရောက်တယ်။ ဘူးသီးတောင်ကိုရောက် ပြီးတော့ ကျနော်တို့ မောင်တောကို ရောက်တယ်ပေါ့နော်။ လမ်းမှာကတော့ စစ်တွေကနေ ဘူးသီးတောင်ကိုလာတဲ့လမ်းမှာဆိုရင် ဘူးသီးတောင်နားပတ်ဝန်းကျင်နေရာမှာ တချို့နေရာတွေမှာ မီးခိုးတွေ ထွက်နေတာတွေတွေ့ရတယ်။ ကျနော်တို့ ဒီအာဏာပိုင်တွေနဲ့ သက်ဆိုင်တဲ့ လူတွေကိုမေးကြည့်တော့ ဒီ ဟာတွေကို အတည်ပြုနိုင်ချက် ဘာမှတော့မပြောနိုင်သေးဘူးပေါ့နော်။ အဲဒီအခြေအနေတွေကို လမ်းမှာ ကြုံခဲ့ရတယ်ပေါ့နော်။ နောက်ကျနော်တို့ ဘူးသီးတောင်ကကနေ နေ့ခင်း ၁ နာရီခွဲ ဘူးသီးတောင်က မထွက်ခင်မှာ ဒီမောင်တောနဲ့ ၃ မိုင်အကွာ ရွာနားလေးက ဇူလဆိုတဲ့ ရွာမှာ ရခိုင်တိုင်းရင်းသားတချို့သတ်ဖြတ်ခံရတယ်။ ကျနော်တို့ရောက်တဲ့အချိန်မှာဆိုရင် စစ်တပ်ရော၊ ရဲတပ်ဖွဲ့ဝင်တွေရော လုံခြုံရေးချထားတယ် ဇူလရွာနားလေးမှာ။ မျက်မြင်ကိုယ်တွေ့ တွေ့တဲ့လူတွေကနေ ပြောကြားချက်အရဆိုရင် ဇူလရွာမှာ မီးလောင်တယ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နဲ့ တိုင်းရင်းသားရွာသားတွေက မီးငြိမ်းဖု့ိသွားတယ်ပေါ့။ သွားပြီးတဲ့နောက်မှာ မီးငြိမ်းပြီး ပြန်လာတဲ့အချိန်မှာ နောက်ကနေပြီးတော့မှ အကြမ်းဖက်အဖွဲ့တွေက လိုက်ခုတ်တယ်၊ လိုက်ခုတ်တဲ့အတွက်ကြောင့် ၃ ယောက်သေတယ်လို့ပြောတယ်။ နောက်အလောင်း ၁ လောင်းရတယ်လို့ပြောတယ် ဇူလရွာမှာ ၄ ယောက်သေတယ်လို့ပြောတယ်။ လောလောဆယ်မှာ ဇူလရွာနားမှာ လုံခြုံရေးတွေရှိနေတယ်။

နောက်တချက်ကတော့ ကျနော်တို့ မောင်တောနဲ့ ၁၂ မိုင်လောက်အကွာမှာရှိတဲ့ ကျီးကန်းပြင်ရွာ ၊ ပြီးခဲ့တဲ့ နှစ်က အခင်းဖြစ်တဲ့ရွာနားလေးက ဇင်ပိုင်ညာဆိုတဲ့ရွာနားမှာ နေ့ခင်း ၁ နာရီလောက်က အကြမ်းဖက်သမားတွေက တိုက်ခိုက်တာကြောင့် လူ ၉ ယောက်သေတယ်ဆိုပြီးမှ ပြောတယ်။ အလောင်း ၄ လောင်းတော့ရတယ်၊ ၅ လောင်းတော့မရသေးဘူးဆိုပြီးမှ အလောင်းတွေသွားရောက်သယ်ယူတဲ့ ရဲတပ်ဖွဲ့က တပ်ကြပ်ကြီးတယောက်ပြောတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ် ကိုမေးကြည့်တဲ့အခါမှာ ဒီသတင်းကို သူတို့ စုံစမ်းနေစဲဖြစ်တယ်။ သူဖြေတာတွေလည်း အဖြစ်အပျက်နဲ့ ပတ်သက်ပြီး အသေးစိတ်တော့အတည်ပြုချက် မပေးနိုင်သေးဘူးလို့ ပြောပါတယ်။

ကိုသားညွှန့်ဦး။ ။ ဒုက္ခသည်တွေရဲ့အခြေအနေရော ဘယ်လိုရှိသလဲ၊ ဒုက္ခသည်တွေနဲ့ရော တွေ့ခွင့်ရသလား။

ကိုမိုးဇော်။ ။ ဟုတ်ကဲ့ လောလောဆည်တော့ ကျနော်တို့ ဒုက္ခသည်စခန်းတွေ ကို လိုက်ကြည့်နေစဲပဲ ရှိတယ်။ အခုကျနော်တို့ရောက်နေတဲ့နေရာမှာဆိုရင် မောင်တောမြို့နယ် ၄ မိုင်ရွာက အထက ခွဲကျောင်းမှာရောက်နေတယ် အဲဒီမှာ ကျနော်တို့ တွေ့နေရတာကတော့ ကလေးတွေနဲ့ အမျိုးသမီးတွေ အများစုကို တွေ့နေရတယ်။ အဲဒီကျောင်းဝန်းထဲမှာပဲ စာသင်ခန်းတွေမှာပဲ နေထိုင်ပြီးတော့မှ ကျောင်းဝန်းပြင်ပမှာပဲ ချက်ပြုတ်စားသောက်နေကြတယ်။ အဲဒီမှာတော့ လူ ၁၀၀၀ ကျော်လောက်ရောက်နေ တယ်လို့ပြောတယ်၊ ကျေးရွာပေါင်း အနည်းဆုံး ၇ ရွာလောက်ကနေပြီးတော့ မနေရဲလို့ ပြောင်းလာတာလို့ပြောတယ်။ သူတို့ရွာအနီးပတ်ဝန်းကျင်တွေမှာ အဲလိုမျိုး ခြိမ်းခြောက်တဲ့ အော်သံဟစ်သံတွေပေးတာတွေ ပေါက်ကွဲသံမျိုးတွေ ပစ်ခတ်သံမျိုးတွေ ကြားတာတွေ ဖြစ်ပြီး သူတို့မနေရဲလို့ပြောင်းလာတာလို့ ပြောပါတယ်ခင်ဗျ။

ကိုသားညွှန့်ဦး။ ။ မြို့ပေါ်အခြေအနေတွေရော ဘယ်လိုရှိပါသလဲ အခုကိုမိုးဇော်ရောက် ခဲ့သလောက် အနေအထားမြင်ကွင်းတွေ ဘယ်လိုရှိသလဲခင်ဗျ။

ကိုမိုးဇော်။ ။ ကျနော်တို့ဒီ ဘူးသီးတောင်ကိုဖြတ်လာတဲ့အချိန်မှာတော့ ဘူးသီးတောင်မြို့ပေါ် မှာတော့ လူသွားလူလာတွေရှိတယ်။ ဈေးကလည်း ပုံမှန်ဖွင့်နေတယ် ဘူးသီးတောင်မြို့မှာတော့ မြို့ခံလူတွေကတော့ စိုးရိမ်စိတ်တွေနဲ့ နေရတယ်လို့ပြောတယ်။ အခြေအနေတွေကတော့ တားကြီးဆိုးဆိုးဝါးဝါး ဖြစ်တာတွေတော့ မတွေ့ရဘူး။

ကျနော်တို့ မောင်တောရောက်ရောက်ခြင်း ဝင်ဝင်ခြင်းမှာပဲ မြို့သူကြီးရွာဆိုတဲ့ မူဆလင်တွေ အစ္စလာမ်တွေနေတဲ့ရွာမှာ မီးလောင်ထားတာတွေတွေ့ရတယ်။ မြို့ထဲနေရာတချို့တွေမှာလည်း မီးလောင်ထားတာတွေတွေ့ရတယ်။ နောက်တခုက ကျနော်တို့ရောက်တဲ့အချိန်မှာပဲ ခရိုင်အုပ်ချုပ်ရေးရုံးနောက်ဘက်က နေအိမ်တချို့ကို မီးရှို့သွားတာတွေ ၊ ကျနော်တို့ ရောက်နေတဲ့အချိန်မှာပဲ မီးရှို့သွားတာတွေ တွေ့ရတယ်။ အဲဒီမှာ ဓါတ်ဆီထည့်ထားတဲ့ ပုလင်း ဗုံးမျိုးတွေတွေ့ရတယ်။ အဲဒီမှာ လုံခြုံရေးအစောင့်တွေကို ချထားတာတွေ စောင့်ကျပ်နေတာတွေကိုတွေ့ရတယ်။

ကိုသားညွှန့်ဦး။ ။ အခုကိုမိုးဇော်တို့ သွားသလောက်၊ တွေ့ရသလောက် လုံခြုံရေး ချထားတာမှ ရဲလုံခြုံရေးပဲလား၊ တပ်လုံခြုံရေးရောတွေ့ရပါသလား။

ကိုမိုးဇော်။ ။ ကျနော်တို့ မောင်တောမြို့မှာဆိုရင်တော့ နယ်ခြားစောင့်တပ်ရော၊ ရဲရော တပ်လုံခြုံရေးရော တွေ့ရပါတယ်။ ဒါပေမယ့် မြို့အကျယ်အဝန်းနဲ့ ချထားတဲ့ တပ်အင်အားမြင်တွေ့ရသလိုဆိုရင်တော့ ခရိုင်ရုံးအနီးမှာကို လာပြီးတော့ တုတ်တွေနဲ့ ပစ်ပြီးတော့ နေ့ခင်းမှာမီးရှို့တယ်ဆိုရင်တော့ ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေက မြို့အနေအထား ကို ထိန်းချုပ်နိုင်တဲ့အနေအထားတွေတော့မရှိဘူး၊ မရှိတာကိုတွေ့ရ တယ်လို့ ပြောရမှာပါ။

ကိုသားညွှန့်ဦး။ ။ ကိုမိုးဇော် ကျေးဇူးပါပဲခင်ဗျ။"

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG