အကြမ်းဖက်တိုက်ခိုက်မှုတွေရှိနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခြေအနေတွေက အထူးစိုးရိမ်နေရတုန်းပါ။ လုံခြုံရေးတွေလည်း တင်းတင်းကျပ်ကျပ်ချထားပါတယ်။ လုံခြုံစိတ်ချရတဲ့အခြေအနေတွေမရှိလို့ နေအိမ်စွန့်ခွါထွက်ပြေး နေသူတွေလည်း တော်တော်များနေပါတယ်။ AP သတင်းမှာမနေ့ကဖေါ်ပြထားတဲ့ မောင်တောဒေသကအခြေအနေ တွေကို ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရဲ့အခြေအနေတွေက တင်းမာနေတုန်းပါပဲ။ တိုက်ခိုက်မှုတွေနဲ့ မီးလောင်မှုတွေဖြစ်ပွါးခဲ့တဲ့ဘူး သီးတောင်မောင်တောဒေသက ရွာသူရွာသားတွေ တော်တော်များများလည်း နေအိမ်စွန့်ခွါပြီးဘေးလွတ်ရာကိုထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ ထွက်ပြေးကြတဲ့သူတွေထဲမှာ ဗုဒ္ဓဘာသာဝင်တွေရော ထောင်နဲ့ချီတဲ့မူဆလင်တွေရောပါဝင် ပါတယ်။ မောင်တောမြို့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေကတော့ ဘေးလွတ်ရာ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေခိုလှုံရာ နေရာတွေဖြစ်နေပါတယ်။ ထွက်ပြေးလာသူတဦးဖြစ်တဲ့ ရခိုင်အမျိုးသမီး ဒေါ်လှနုစိန်ကတော့သူ့အတွေ့အကြုံကိုရှင်းပြပါ တယ်။
“ကျမခံစားရတာကို ဘယ်လိုပြောပြရမှန်းတောင်မသိပါဘူး။ တိုက်ခိုက်မှုတွေဖြစ်နေတဲ့အချိန်မှာ ကျမသေပြီလို့တောင် ထင်ခဲ့တာ။ ကျမ ဒူးကလည်း သိပ်မကောင်းတော့ ပြေးလည်းမပြေးနိုင်ပါဘူး။ ရွာထဲမှာ အသက်ကြီးတဲ့လူတွေကျန်ခဲ့ကြ တယ်။ ကလေးတွေကိုခေါ်ပြီး ဒီကိုလာဖို့ပဲ ကျမတို့လုပ်နိုင်ပါတယ်”
အခြေအနေတွေက တည်ငြိမ်အေးချမ်းမှုမရှိသေးလို့ လုံခြုံရေးတွေလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အထူးတင်းကျပ် ထားပါတယ်။ မနေ့တုန်းက သတင်းသမားတွေ မောင်တောဒေသကို ဝင်ရောက်နိုင်ဖို့ကြိုးစားကြပေမဲ့လည်း မောင်တော မြို့ မရောက်ခင် တနာရီလောက်အလိုမှာ ရဲတွေရဲ့ တားမြစ်မှုနဲ့ပြန်ပြီးလှည့်ခဲ့ရပါတယ်။ မောင်တောဒေသခံ မခင်သန်း ကြည်ကလည်း ရွာတွေမီးရှို့ခံရလို့ထွက်ပြေးလာရသူတဦးပါ။
“အခုပြဿနာက မြောက်ပိုင်းမှာဆိုရင်လည်းရခိုင်ရွာတွေလည်းမီးရှို့တယ်။ အခုကမောင်တောမြို့မှာက နေဖို့နေရာမရှိဘူး ကုလားရွာနဲ့နီးနီးလေး။”
တင်းမာမှုတွေရှိတဲ့နေရာက ဗုဒ္ဓဘာသာဝင် ရွာသူရွာသားတွေက တခြားမြို့တွေဆီကို ထွက်ပြေးတိမ်းရှောင်နေကြသလို မူဆလင်တွေတော်တော်များများလည်း ဘေးကင်းလုံခြုံရာကို အပြင်းအထန်ရှာဖွေကြတဲ့အနေနဲ့ဘင်္ဂလားဒေ့ချ်နိုင်ငံအတွင်းကိုကားတွေ၊ ဘတ်စ်ကားတွေ ဒါမှမဟုတ် ခြေလျှင်ခရီးနှင်ပြီးထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့မနက်စောစောပိုင်းက မောင် တောဒေသမှာရှိတဲ့ ရဲတပ်ဖွဲ ကင်းစခန်း၂၀ကျော်ကို အကြမ်းဘက်တိုက်ခိုက်မှုတွေလုပ်ခဲ့ကြပြီး လူပေါင်း ၁၀၄ဦးသေ ဆုံးခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ချက်တွေအရ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင် ၁၂ဦး၊ အရပ်သား၁၃ဦး သေဆုံးပြီး အကြမ်းဘက်သမား၇၉ဦးအသေဖမ်းဆီးရမိတယ်လို့ဆိုပါတယ်။ ဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်နေတဲ့ ARSAအဖွဲ့ကိုလည်း အကြမ်းဘက်အဖွဲ့အစည်းတခုအဖြစ် မြန်မာအစိုးရက သတ်မှတ်လိုက်ပါတယ်။ တင်းမာမှုတွေရှိ နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လတွေနဲ့ချီပြီး ကန့်သတ်မှုတွေရှိနေတာကြောင့် ပုဂ္ဂလိကသတင်းဌာနတွေ အနေနဲ့ သတင်းတွေရနိုင်ဖို့ ခက်ခဲနေပါတယ်။