သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း လုံခြုံရေး စိတ်မချရသေး


ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာမှာ အကြမ်းဖက်သမား တွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီးထွက်ပြေးသွား (ဓါတ်ပုံ- ကာကွယ်ရေးဦးစီးချုပ်ရုံး)
ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာမှာ အကြမ်းဖက်သမား တွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီးထွက်ပြေးသွား (ဓါတ်ပုံ- ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ ရာနဲ့ချီတဲ့ အကြမ်းဖက်သမားတွေက ရဲကင်းစခန်းကို ထပ်ဝိုင်းတာမျိုး ဆက်ရှိနေတာကြောင့် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေ ရတယ်လို့ မြို့နယ်ရဲအရာရှိတဦးက ပြောပါတယ်။ မောင်တောမြို့ပေါ်နဲ့ ဆင်ခြေဖုန်း တဝိုက်မှာ စာသင်ကျောင်းတွေ ပိတ်ထားလိုက်ရပြီး၊ ဈေးဆိုင်အတော်များများ ပိတ်ထား တာကြောင့် လာမယ့် ရက်ပိုင်းအတွင်း အစာရေစာအတွက် စိုးရိမ် နေကြပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

မောင်တောမြို့နယ် မြင်းလွတ်မြို့မှာ သြဂုတ်လ(၂၆)ရက် မနက်(၅)နာရီလောက်က ဒေသခံ မူဆလင်တွေ သူတို့အိမ်တွေကိုသူတို့ မီးရှို့ကြတာကြောင့် လုံခြုံရေးတပ်ဖွဲ့ ဝင်တွေက နယ်မြေစိုးမိုးရေး သွားရောက်လုပ်ဆောင်စဉ်မှာ ဘင်္ဂလီအကြမ်းဖက်သမား (၁၅၀) လောက်က ဓားတွေ ကိုင်ဆောင်ပြီး ဝိုင်းဝန်းပိတ်ဆို့တဲ့အတွက် ပစ်ခတ်ရှင်းလင်း ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန် ချက်မှာ ဖေါ်ပြပါတယ်။

တပ်မတော်နဲ့ ရဲတပ်ဖွဲ့က တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေတယ်ဆိုပေမယ့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် ဒေသတွေမှာ ခုချိန်ထိ အခြေအနေတွေ မငြိမ်သက်သေးပါဘူး။ စနေနေ့ မနက်ပိုင်းတုန်းက မောင်တောမြို့နယ် မြို့သူကြီးရွာမှာ အစွန်းရောက် အကြမ်းဖက် သမားတွေက ချောင်းမြောင်း ပစ်ခတ်တာ ဖေါက်ခွဲတိုက်ခိုက် တာတွေရှိသလို၊ ကျွန်းပေါက်ပြုစုချောင်းဝ ရဲကင်းကိုလဲ အကြမ်းဖက်အင်အား ၃၀၀ ထက်မနည်းက လာဝိုင်းတာတွေ ရှိခဲ့တယ်လို့ မောင်တောမြို့နယ် ရဲအရာရှိကြီးတဦးက VOA ကိုပြောပါတယ်။

“မြို့သူကြီးဘက်မှာ တာဝန်ရှိတဲ့အဖွဲ့ကို အကြမ်းဖက်အဖွဲ့တွေက ပစ်တာတို့၊ လမ်းမှာ ဗုံးထောင်တာတို့ကြားတယ်။ ဒီဖက်မှာ မောင်နီရွာတံတာ ကင်းကို သူတို့လာဝိုင်းတယ်။ ကျွန်းပေါက်ပြုစုဆိုတဲ့ နယ်ခြားစောင့်စခန်းကို မနက်(၁၀)နာရီက အကြမ်းဖက်တွေက ဝိုင်းတယ်လို့ သိရတယ်။ အင်အား (၄၀၀)ကျော်လို့ ကြားတယ်။ လုံခြုံရေးပိုင်းကတော့ မောင်တောမြို့မှာ ကျနော်တို့ကိုယ်တိုယ် အခုလုပ်နေပါတယ်။”

အကြမ်းဖက်သမားတွေရဲ့ လမ်းတံတား မိုင်းထောင် တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ စိုးရိမ်စိတ်ပိုတိုးနေပြီး နီးစပ်ရာ လုံခြုံတဲ့နေရာ တွေကို ပြောင်းရွှေ့ခိုလှုံနေကြတယ်လို့ ပြည်ခိုင်ဖြိုးပါတီ မောင်တောမြို့နယ် လွှတ်တော်အမတ် ဦးထွန်းလှစိန်က ပြောပါတယ်။

“ လမ်းမှာ မိုင်းထောင်တာတွေရှိတယ်။ တချို့တံတားတွေမှာပေါ့၊ နောက် လမ်းတွေ မှာလည်း ထောင်တယ်။ အဓိကတော့ အရပ်သားက သွားလေ့ သွားထတော့ မရှိဘူးပေါ့ ဒီရက်ပိုင်းမှာ၊ ဒါပေမယ့်လဲ တပ်ကကားတို့ ရဲကားတို့ဆို သူတို့ခွဲတာပဲ။ လူတွေရဲ့ စိုးရိမ်စိတ်ကတော့ သူတို့က ဓားတွေရော သေနပ်တွေလည်း ပါလာတယ် .. အုပ်စုလဲ များတယ်ဆိုတော့ .. ဟိုတလောတုန်းကလည်း သူတို့သတ်လို့ ရှိရင်တော့ ညှာညှာတာတာ သတ်တာမဟုတ်ဘူး။ အကုန်လုံး ခုတ်ထစ်ပစ်လိုက်တာဆိုတော့ အသက်အန္တရာယ် စိုးရိမ်ကြတာပေါ့။ အဲဒီတော့ နီးစပ်ရာ အန္တရာယ်ကင်းတဲ့နေရာကို လာစုကြတယ်။”

ခုလိုရက်ဆက် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မောင်တောမြို့မှာ ဈေးနဲ့ကျောင်းတွေ ပိတ်ထားရတယ်လို့ မောင်တောမြို့နယ် ရဲအရာရှိက ပြောပါတယ်။

“လက်ရှိအနေအထားမှာတော့ ဈေးဆိုင်တွေက တိုင်းရင်းသားတွေရော ဘင်္ဂလီတွေနေတဲ့ ဆိုင်တွေလဲ မဖွင့်ကြဘူး။ မနက်ပိုင်းဈေး တချိန် လောက်ပဲ ရောင်းရတယ်။ ဈေးမှာလဲ ကျနော်တို့ လုံခြုံရေးချထားပါတယ်။ လှည့်ကင်းရှိပါတယ်။ ဖြစ်စဉ် ဖြစ်ပွားတဲ့ရက်က နီးနေတော့ ရှိတာလေးနဲ့ စားသောက်နေကြတာပေါ့၊ ရေရှည်ကျရင်တော့ အခက်အခဲ ရှိလာနိုင်တယ်လို့ ကျနော်ယူဆတယ်။ စာသင်ကျောင်းတွေက မြို့ပေါ်ကျောင်းတွေ မဖွင့်ဘူး၊ ဒီတိုင်းဆိုရင် နယ်မှာလဲ ဖွင့်မယ် မထင်ပါဘူး။”

မောင်တောမှာ အခြေနေတွေ ဒီတိုင်းဆက်ဖြစ်နေရင် လာမယ့် သီတင်းပတ်အတွင်း အစာရေစာပြတ်တောက်မှာကို စိုးရိမ်နေကြကြောင်း ဦးထွန်းလှစိန်က ပြောပါတယ်။

“ အခုက ကုန်ခြောက်တွေလောက်ပဲ စားနေရတယ်။ ကုန်စိမ်းမရှိပါဘူး ကုန်စိမ်းဆိုတာ ငါးတို့ အမဲသားတို့ကို အဲဒါတွေ မရတော့ဘူး။ ကုန်ခြောက်ဆိုတာ ကြက်ဥ၊ ကြာဇံ အဲဒါလောက်ပဲ ရှိတာ။ ရှေ့လာမယ့် သုံး-လေးရက် ဆိုရင်တော့ နဲနဲအခက်ခဲရှိလာမယ် ထင်တယ်။ ကျနော်တို့ အစိုးရပိုင်းကိုမေးတဲ့အခါမှာတော့ သူတို့မှာ ရိက္ခာဆန်တွေ ဆေးတွေ ရှိတယ်တဲ့။ လူကယ်ပြန်ကနေ ၂လစာ စားနပ်ရိက္ခာပေးဖို့ အတွက် ပြင်ဆင် ထားတာတွေ ရှိတယ်။”

ရခိုင်မြောက်ပိုင်းဒေသက အစွန်းရောက် အကြမ်းဖက်သမားတွေဟာ နယ်မြေသိမ်းပိုက် လိုတဲ့ဆန္ဒနဲ့ ဒီတိုက်ခိုက်မှုတွေ လုပ်လာတယ်ဖြစ် တယ်လို့ မောင်တောမြို့နယ် ရဲအရာရှိကြီးက ပြောပါတယ်။

“ တချိန်ထဲ တပြိုင်နက်ထဲမှာ တိုက်ခဲ့တာက နယ်မြေတခုလုံးကို သိမ်းဖို့လုပ်တာပဲ။”

မေး။ ။ ဆရာတို့ သတင်းကြိုရပါသလား။

ရဲအရာရှိ။ ။ သတင်းတွေက တချို့ဟာတွေ မရဘူး၊ တချို့ဟာတွေက ရတယ်။ ဘာလို့ မရလဲဆိုတော့ သူတို့မှာက ဘာသာရေးနဲ့ ပတ်သက်လို့ တစိတ်ထဲတဉာဏ်ထဲ ဆိုတော့ မရဘူး။ တချို့ဟာတွေလောက်ပဲ ရတယ်။ မရတာတွေက များတယ်။

မေး။ ။ ဒီအခု အကြမ်းဖက်တိုက်ခိုက်မှုက ဒေသခံ ဘင်္ဂလီတွေက လုပ်တာလား၊ ဒါမှမဟုတ်ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ လူတွေက တိုက်တာလား။

ရဲအရာရှိ။ ။ ဒေသခံဆိုတာက ဒီမှာနေဖူးတဲ့ကောင်တွေ ရှိတယ်။ သူတို့က ရာဇဝတ်မှု တခုခုနဲ့ ဒီကထွက်ပြေးသွားပြီး ပြန်မလာတော့ဘူး။ ဟိုဖက်မှာ နိုင်ငံသားခံယူတယ်။ နောက်ပြန်လာတယ်။ အဲဒါမျိုးပေါ့။ ရှောင်တိမ်းနေပြီးတော့ တဖက်နိုင်ငံမှာ သင်တန်း တက်တယ်။ တဖက်နိုင်ငံက ပုဂ္ဂိုလ်တွေလဲ ပါတယ်လို့သိရတယ်။ သူတို့က သင်တန်းနည်းပြတို့ အဲလိုမျိုး ပါတယ်လို့ ကျနော်တို့ သိရတယ်။၏

မေး။ ။ ဒီအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်လာတော့ တပ်မတော်ဘက်က အင်အားတွေ ထပ်ပြီးတိုးချလာမယ့် အနေအထား ရှိပါသလား။

ရဲအရာရှိ။ ။ အဲဒါတော့ ကြားတော့ကြားတယ်ဗျ။ ကျနော်တို့ ကြားတယ်။ ကျနော်တို့ အခု ရှေ့ကို လှည့်ကင်းတခု သွားလိုက်ဦးမယ်။

သြဂုတ်လ ၂၅ ရက် ညပိုင်းတုန်းကလည်းရသေ့တောင်မြို့နယ် အထက်နန်းရာအုပ်စု ဆင်အိုးကျေးရွာထဲကို ဘင်္ဂလီ အကြမ်းဖက်သမား အင်အား ၅၀၀ လောက် ဝင်ရောက်ဖို့ ကြိုးစားခဲ့တာကြောင့် ကျေးရွာသားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်ခုခံခဲ့ပြီး လက်ရှိမှာတပ်မတော် စစ်ကြောင်းတစ်ခုက သွားရောက်ပြီး လုံခြုံရေးဆောင်ရွက် ပေးနေကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG